အခုပြောမှာက ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ်တွေ အကြောင်းပါ။ ကားတွေ ဘယ်လောက်ပဲ မြန်မြန် အခုချိန်ထိအောင် ဆိုင်ကယ်တွေကို မီအောင် မလိုက်နိုင်သေးဘူးလို့ ဆိုရင် ယုံမလား။ သူတို့ ဘယ်လောက် မြန်ပါသလဲ။
(၁) Dodge Tomahawk ။ ။ တနာရီ မိုင် ၄၂၀ ထိ အမြန်ဆုံး မောင်းနှင်လို့ ရပါတယ်။ ဆိုင်ကယ် ဆိုပေမယ့့် ဘီးလေးဘီး တပ် မော်ဒယ်ပါ။ လက်ရှိမှာ ကမ္ဘာ့အမြန်ဆုံး မော်ဒယ် အဖြစ် ၂၀၀၃ ခုနှစ် ထုတ်လုပ်ခဲ့ချိန်ကတည်းက စံချိန်တင်ထား ပါတယ်။ အမေရိကန် အခြေစိုက် ကားကုမ္ပဏီ Dodge ရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး ၉ စီးပဲ ရောင်းချထားတယ် လို့ သိရပါတယ်။
Dodge ထုတ် Muscle ကားတန်းဝင် SRT 10 Viper မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ကားအင်ဂျင်ကိုု အခု ဆိုင်ကယ် အင်ဂျင် အဖြစ် တပ်ဆင် ထုတ်လုပ်ထားတာပါ။ အင်ဂျင်က မြင်းကောင်ရေ ၅၀၀ အားအထိ ထွက်ရှိပါတယ်။ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၁ ဒသမ ၅ စက္ကန့်နဲ့ရောက်အောင် မောင်းနှင်နိုင်ပါတယ်။ အင်ဂျင်က ၈ ဒသမ ၃ လီတာသုံး အရွယ် ဖြစ်ပြီး V10 အင်ဂျင် အမျိုးအစား ဖြစ်ပါတယ်။
အင်ဂျင်က လည်ပတ်အား တမိနစ် အပတ်ရေ ၅၆၀၀ ထိအောင် အမြင့်ဆုံး လည်ပတ်နိုင်ပါတယ်။ ဂီယာချက် ၂ ချက်တည်း ပါရှိတဲ့ မော်ဒယ်ပါ။ ကျွမ်းကျင် အဆင့် မောင်းသမား မဟုတ်ရင်တော့ မိုင် ၆၀ နှုန်း အတွက် အချိန် ၂ ဒသမ ၅ စက္ကန့် လောက် ယူမယ် လို့ ဆိုုပါတယ်။
ထူးခြားချက် အနေနဲ့ ဘရိတ်ပိုင်းမှာ ဘီး လေးဘီးလုံးကို ထိန်းချုပ်ပုံစံ ABS နဲ့ ထိုင်ထားပြီး ရှေ့ဘီးဘရိတ်က ထိုးပြွန် ၈ လုံး၊ နောက်ဘီး ဘရိတ်က ထိုးပြွန် ၁၆ လုံးထိ ထိုင်ထာားပါတယ်။ လက်ရှိ ပြိုင်ဆိုင်ကယ်တွေတောင်မှ ထိုးပြွန် ၄ လုံးလောက်ပဲ ပျမ်းမျှ ထိုင်ထားတာလည်း ဖြစ်ပါတယ်။
(၂) Kawasaki Ninja H2R ။ ။ ပြိုင်ပွဲဝင် ဆိုင်ကယ်တွေထဲမှာ အမြန်ဆုံးလို့ ဆိုရမှာပါ။ ပတ်လမ်းမောင်း ပြိုင်ပွဲတွေထဲမှာ သုံးဖို့ ထုတ်လုပ်ထားတာ ဖြစ်ပြီး H2R တန်းဝင် အနေနဲ့ကို ပြိုင်ပွဲဝင် မော်ဒယ်ရော ပုံမှန် ဈေးကွက် အတွက် ပုံမှန်လမ်းကြောင်းမောင်း မော်ဒယ် အဖြစ်နဲ့ပါ မော်ဒယ်ခွဲ များစွာ ထွက်ရှိတာ တွေ့ရပါတယ်။
တနာရီ ၂၄၉ မိုင်ထိ အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ Dodge ရဲ့ မော်ဒယ်ကို တချို့က ဘီးလေးဘီး တပ်ဆင်ထားလို့ ဆိုင်ကယ် စာရင်း မသွင်းဘူး ဆိုရင် အခု မော်ဒယ်က ကမ္ဘာမှာ အမြန်ဆုံး မော်ဒယ်လို့ သတ်မှတ်နိုင်ပါတယ်။ Superbike တွေထဲမှာ အမြန်ဆုံး မော်ဒယ် အဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။
မြင်းကောင်ရေ ၃၀၀ အား ထွက်ရှိတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားပါတယ်။ အင်ဂျင်က ၄ လုံးထိုး အင်ဂျင် ဖြစ်ပြီး DOHC စနစ်နဲ့ ၉၉၈ စီစီ အရွယ် ဖြစ်ပါတယ်။ Supercharged စနစ်ကိုလည်း အကူအနေနဲ့ ထိုင်ထားပါတယ်။ MotoGP နဲ့ F1 လို ပြိုင်ပွဲတွေမှာ ထည့်သွင်း ယှဉ်ပြိုင်စေတဲ့ မော်ဒယ်ပါ။ ၆ ချက်သုံး ဂီယာစနစ်နဲ့ပါ။ KYB Suspension စနစ်ကို သုံးထားပါတယ်။ ဘရိတ်စနစ်မှာ ထူးခြားချက် အနေနဲ့ ဘီးတဘီးတည်းကို ဘရိတ်ပြား (Dics) ခု ထိုင်ထားပြီး ရှေ့ဘက်က ထိုးပြွန် ၄ ခု၊ နောက်ဘက်က ၂ ခုနဲ့ ဖမ်းထိန်းနိုင်မယ့် ABS စနစ်နဲ့ ဖြစ်ပါတယ်။
(၃) MTT Turbine Superbike Y2K ။ ။ လူသိနည်းတဲ့ အမှတ်တံဆိပ် ဖြစ်ပေမယ့် ပြိုင်ပွဲဝင် Superbike ထုတ်လုပ်မှု မှာတော့ အရည်အသွေး ကောင်းသလို စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို ထုတ်လုပ်နိုင်သူ ဖြစ်ပါတယ်။ ရေယာဉ်သုံး အင်ဂျင်စနစ်မှာ သုံးတဲ့ နည်းပညာကို ဆိုင်ကယ် အင်ဂျင်ပုံစံ အသုံးပြု ဖန်တီးထားတဲ့ မော်ဒယ်ပါ။ ဒီမော်ဒယ်က ဆိုင်ကယ် အင်ဂျင်စနစ် မဟုတ်ပဲ အခြား ယာဉ်သုံး အင်ဂျင်စနစ်နဲ့ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ မော်ဒယ် အဖြစ် ဂင်းနစ်စံချိန်တောင် ဝင်ထားပါတယ်။ ၂၀၀၀ ကနေ ၂၀၀၅ ခုနှစ် အတွင်း ထုတ်လုပ်မှု ရှိခဲ့ပါတယ်။
အင်ဂျင်ပေါက်ကွဲခန်းကနေ ဆီကို လောင်ကျွမ်းစေပြီး စွမ်းအင် ထုတ်လုပ်ခြင်း အပြင် မီးခိုး အဖြစ် ထွက်ရှိလာတဲ့ စွန့်ထုတ် ဓာတ်ငွေ့ကို အိတ်ဇောမှာ အပူအာရုံခံစနစ်တခုနဲ့ ထပ်ဖမ်းပြီး အဆိုပါ အပူကိုပါ စွမ်းအင် ထုတ်လုပ်မှု ပိုကောင်းအောင် အကူအနေနဲ့ ထပ်အားဖြည့်ထားတဲ့ အင်ဂျင်စနစ်ပါ။
Rolls-Royce ကနေ ထုတ်လုပ်ပေးတဲ့ 250-C 18 Turboshaft အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အင်ဂျင်က စွမ်းအင် မြင်းကောင်ရေ ၃၂၀ အားထိ ထုတ်လုပ်ပေးနိုင်ပြီး တနာရီ ၂၂၇ မိုင်ထိအောင် အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ Semi-auto ပုံစံ ဂီယာစနစ်နဲ့ လာပြီး ဂီယာချက် ၂ ချက်ပဲ သုံးနိုင်မှာပါ။ ။
Ref: themysteriousworld.com