လူပုဂ္ဂိုလ်တွေဟာ သူတို့ အာဏာရရေး အတွက် ဘုန်းကြီး ရဟန်းတွေကို အသုံးချတတ်ကြ ပါသလား။ ခေတ်ဆန်း စာဆိုတော် သိပ္ပံမောင်ဝရဲ့ ရွေးကောက်ပွဲ ဝတ္ထုတိုကို ဖတ်ရှုကြည့်ရင် အလွယ်သိမြင်နိုင်ပါတယ်။
“မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ကား တညလုံး အိပ်မပျော်ကြချေ။ နံနက် ၄ နာရီတွင် အိပ်ရာမှ ထကြပြီးလျှင် အမျိုးမျိုး စီမံလျှက် နေကြလေသည်။ ခပ်လှမ်းလှမ်းမှ လာနေကြသော မဲဆန္ဒရှင်တို့အား ထမင်းကျွေးရန် စီမံကြသည်။ သို့သော် မဲဆန္ဒကို မတရား ဝယ်ယူရသည် ဟု တဖက်က လျှောက်ထားလျှင် ခက်လေတော့မည်။ မခက်ပါ။ ထိုနေ့တွင် ရဟန်းတော်တို့အား ဆွမ်းကျွေးသည် ဟု ဆိုကာ ဝိနည်းရှောင်က လွယ်၏။ ဆွမ်းကျွေးတရားနာခြင်းသည် မတရား လက်ဆောင်ထိုးသည် မဟုတ်။ မည်သူမျှ မတားနိုင်။ ကုသိုလ် လုပ်ခြင်းနှင့် မဲဝယ်ခြင်းသည် မည်သို့မျှ မသက်ဆိုင်။ နယ်ပိုင်လည်း စွပ်စွဲနိုင်မည် မဟုတ်။ ဤသို့ ရဟန်းတော်များကို ဆွမ်းကျွေးလျှင် ရွာသူ ရွာသားတို့ ကိုပါ ကျွေးမွေးသည်မှာ ထုံးစံ ဖြစ်လေသည်။ ထိုသို့ ကျွေးမွေးသည်ကို မဲဝယ်သည်ဟု မည်သူ ဆိုနိုင်အံ့နည်း” လို့ ရေးသားထားပါတယ်။
သိပ္ပံမောင်ဝရဲ့ ရွာ့ကျက်သရေနှင့် အခြားဝတ္ထုတိုများ စာအုပ်မှာ ဝတ္ထုတို ၅ ပုဒ်ပါဝင်ပြီး ထုတ်ဝေသူက လူငယ် စာဖတ်သူများ ရသ စာကောင်းပေမွန်များ အထူးသဖြင့် ဝတ္ထုတိုကောင်း အလွယ်တကူ ဖတ်ရှုနိုင်အောင် ရည်ရွယ် စီစဉ်တယ် လို့ဆိုပါတယ်။ ဆိုတဲ့အတိုင်းလည်း စာအုပ်ကို အပြင်အဆင် ကောင်းကောင်း၊ ပန်းချီမုတ်သုံရဲ့ မျက်နှာဖုံးနဲ့ ဖတ်ချင်စဖွယ် စီစဉ်ထားတာကို တွေ့ရှိရပါတယ်။
သိပ္ပံမောင်ဝက ခေတ်ဆန်းစာဆိုတဦး ဖြစ်သလို ပန်းချီမုတ်သုံကလည်း ခေတ်သစ်ပန်းချီကို ရေးဆွဲသူတဦး ဖြစ်လို့ စာအုပ်မျက်နှာဖုံးလေးကိုက ကာလခြားတဲ့ အနုပညာ ပေါင်းကူးတခုလို ခံစားရပါတယ်။
ရွာ့ကျက်သရေနှင့် အခြားဝတ္ထတိုများ စာအုပ်မှာ စည်းစိမ်၊ ရွေးကောက်ပွဲ၊ လေလံပွဲ၊ ရွာ့ကျက်ရေ၊ နှိုက်နှိုက်ချွတ်ချွတ် စတဲ့ ဝတ္ထုတို ၅ ပုဒ် ပါဝင်ပါတယ်။ ဂန္ထလောက မဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်း တဦး ဖြစ်တဲ့ သိပ္ပံမောင်ဝဟာ မြန်မာနိုင်ငံအနှံ့ လှည့်လည် နေထိုင်ခဲ့စဉ် တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို အခြေပြုပြီး ရှင်းလင်း တဲ့ စကားပြေ အရေးအဖွဲ့နဲ့ ဝတ္ထုတိုလေးတွေ ရေးခဲ့ပါတယ်။ နှစ်ပေါင်း ၈၀ ကျော်ကြာပြီဖြစ်ပေမယ့် အရေးအသား ကလည်း ရှင်းလင်းတုန်း၊ ဝတ္ထုပါ အကြောင်းအရာတွေကလည်း ဒီနေ့ခေတ်နဲ့ အံဝင်နေတုန်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝတ္ထုတိုမှာ “သူကြီးညံ့လေ…၊ ရွာသား ကြိုက်လေ နှစ်သက်မြတ်နိုးလေပင်” လို့လည်း ဆိုသကိုး။
စည်းစိမ် ဝတ္ထုတိုမှာ မိန်းမ အရွေးရခက်နေတဲ့ လူပျိုကြီးတယောက် အကြောင်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီဝတ္ထုတိုမှာ သိပ္ပံမောင်ဝဟာ အိမ်ထောင်ဘက် ရွေးရာမှာ ဘက်ပေါင်းစုံမှ ရွေးချယ်သင့်ကြောင်းကို သတိပေးလိုပုံ ရပါတယ်။ မလှတင်၊ မစိုးခင်၊ မခင်လတ်၊ မသောင်းတင်၊ မအေးကြည်တို့ရဲ့ ကောင်းကျိုး၊ ဆိုးပြစ်တွေကို ဝေဖန်ရင်း ဦးကလိန် သီချင်းဓာတ်ပြား နားထောင်ရင်း အိပ်ပျော်သွားတယ် လို့ ရေးသားထားပါတယ်။
အဲဒီခေတ်က နန်တော်ရှေ့ ဆရာတင် ရေးစပ်ပြီး အငြိမ့်မင်းသမီး ဒဂုန်ခင်လှကြည် သီဆိုတဲ့ ဦးကလိန်သီချင်းဟာ အလွန် ကျော်ကြားပါတယ်။ ဒါကြောင့် ဗန္ဓုလဦးစိန်ရဲ့ အားပေးမှုနဲ့ ကောလိပ်ကျောင်းသား မောင်ဟိန်စွန်း (နောင် ကာတွန်းဆရာကြီး ဦးဟိန်စွန်း) က ဦးကလိန် ဓာတ်ပြားသီချင်းနဲ့ အံကိုက် ကာတွန်းရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာတောင် အသံထွက် ဇာတ်ကားတွေ ကောင်းကောင်း မထွန်းကားသေးခင်မှာ မောင်ဟိန်းစွန်းတို့က သီချင်းဓာတ်ပြားက ထွက်လာတဲ့အသံနဲ့ ကာတွန်းရုပ်တွေကို အံဝင်ခွင်ကျအောင် ဖန်တီးနိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းမှတ်တမ်း ဖြစ်ပါတယ်။ စည်းစိမ်ဝတ္ထုတိုဟာ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလထုတ် ဂန္ထလောက မဂ္ဂဇင်းမှာ ပါတာမို့ ကာတွန်းရုပ်ရှင်ထက် တနှစ် နောက်ကျပါတယ်။ ရုပ်ရှင်၊ ဂီတနဲ့ ကာတွန်းသုတေသီတွေ အတွက် တန်ဖိုးရှိမယ့် အချက် ဖြစ်ပါတယ်။
လေလံပွဲ ဝတ္ထုတိုနဲ့ ပတ်သက်လု့ိ ဆရာကြီးပီမိုးနင်းက “မောင်စိန်တင် ရေးသားသော အင်းလေလံပွဲအကြောင်း စာမှာ ပုံဝတ္ထု မဟုတ်။ ကဗျာတေး မဟုတ်၊ တောလားလည်း မဟုတ်၊ သဖြန် လေးချိုး ရတု ရကန်လည်း မဟုတ်ဘဲလျက် အဆုံးသို့ မရောက်မချင်း စာအုပ်ကို မချနိုင်အောင် စွဲသောစာ ဖြစ်သည်” လို့ ဆိုပါတယ်။
ဆရာမောင်ခင်မင် (ဓနုဖြူ) ကလည်း သိပ္ပံမောင်ဝနှင့် လေလံပွဲ ဆိုပြီး ဆောင်းပါး ရေးဖူးပါတယ်။ ဆရာတိုက်စိုး ကလည်း လေလံပွဲနဲ့ ရွာ့ကျက်သရေဝတ္ထတို အကြောင်းကို မြန်မာစာ မိတ်ဖွဲ့မှာ မိတ်ဆက်ပေးထား ပါတယ်။
မောင်စွမ်းရည်ကတော့ “ဝန်ထောက်နဲ့ မြို့ပိုင်တွေ ဖြစ်ကြတဲ့ သိပ္ပံမောင်ဝနဲ့ မန်းတင်တို့ရဲ့ မောင်လူအေးနဲ့ မောင်ပြုံးချို တို့ဟာလည်း လယ်သမားအကြောင်းကို ပြောကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စာတွေဟာ လယ်သမားတို့ရဲ့ ဘဝကို မြို့ပိုင်တွေ အနေနဲ့ အထက်စီးက ကြည့်မြင်ပြီး သနားကြင်နာစွာနဲ့ ဖော်ပြရုံသာ ဖြစ်ကြပြီး နိုင်ငံရေးအမြင် မပါကြပါဘူး”လို့ ဝေဖန်ခဲ့ပါတယ်။
နှိုက်နှိုက်ချွတ်ချွတ် ဝတ္ထု တိုမှာ ၄ နှစ်သားမောင်လူမွှေးလေးရဲ့ နှိုက်နှိုက်ချွတ်ချွတ် အမေးတွေကြောင့် ဖေဖေမောင်လူအေး အကျပ်တွေ့ရပုံ တွေကို ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါတော့လို့ တိုက်တွန်းပါရစေ။
စာရေးသူ – သိပ္ပံမောင်ဝ
စာအုပ်အမည် – ရွာ့ကျက်သရေနှင့်အခြားဝတ္ထတိုများ
အမျိုးအစား – ဝတ္တုတို
ထုတ်ဝေသည့်တိုက် – the key collection
တန်ဖိုး – ၁၀၀၀