Samsung Myanmar မှ Galaxy S9 နဲ့ S9+ စမတ်ဖုန်းများကို မြန်မာနိုင်ငံမှာ တရားဝင် စတင် မိတ်ဆက်လိုက်ပါပြီ။ Galaxy S9, S9+ စမတ်ဖုန်းများ မိတ်ဆက်ပွဲကို မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်း Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
S9, S9+ စမတ်ဖုန်းများ ထူးခြားချက်
ထူးခြားချက်အနေနဲ့ Galaxy S9 နဲ့ S9+ စမတ်ဖုန်းတို့မှာ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာများနဲ့အတူ သုံးစွဲသူတွေရဲ့ မိမိမူလ ရုပ်ပုံများကို Emoji စတစ်ကာများအဖြစ် ပြောင်းလဲနိုင်ပြီး တဦးနဲ့တဦး ဆိုရှယ်မီဒီယာများမှ Chatting, ဆက်သွယ်မှုများ ပြုလုပ်တဲ့အခါ ပိုမို အသက်ဝင်အောင်နဲ့ ပျော်ရွှင်စရာကောင်းအောင် ဖန်တီး ပေးထားတာ တွေ့ရပါတယ်။
Galaxy S9, S9+ စမတ်ဖုန်းတွေမှာ အဓိက ထူးခြားချက်လို့ ပြောနိုင်တာကတော့ Super Slow-mo ဗီဒီယို ရိုက်ကူးမှု၊ low light ကင်မရာ၊ AR Emoji အစရှိတဲ့ အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေပါ။ ကင်မရာအရည်အသွေး အနေနဲ့ S9 နဲ့ S9+ တို့မှာ အနောက်ဘက် ကင်မရာ 12 Mega pixel, အရှေ့ဘက်ကင်မရာ 8 Mega pixel တို့ ပါဝင်ပြီး S9+ မှာတော့ Wide –angle လုပ်ဆောင်ချက် ပါဝင်တာပါ တွေ့ရပါတယ်။
ဒါ့အပြင် S9, S9 + ကင်မရာတို့မှာ Low Light ကင်မရာ လုပ်ဆောင်ချက် ပါဝင်ပြီး Low Light မှာဆိုရင် အလင်း ဝင်ပေါက် ၂ ခုပါဝင်တဲ့ မှန်ဘီလူနဲ့ အတူ ကင်မရာမှ ဗီဒီယိုများ ရိုက်ကူးတဲ့အခါမှာလည်း Super Slow-mo ဗီဒီယိုများ ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက် အဓိက ထူးခြားချက် အနေနဲ့ ပါဝင်တာ တွေ့ရပါတယ်။
မျက်နှာပြင် အရွယ်အစား
မျက်နှာပြင် အကျယ်ကတော့ S9 စမတ်ဖုန်းက ၅.၈ လက်မနဲ့ S9+ စမတ်ဖုန်းကတော့ ၆.၂ လက်မ အကျယ်ရှိတာ တွေ့ရပြီး မျက်နှာပြင် ဒီဇိုင်းကို edge-to-edge အဆုံးအစမဲ့ မျက်နှာပြင်နဲ့ ဖန်တီးထားတာတွေ့ရပါတယ်။ ဒါ့အပြင် S9 နဲ့ S9+ တို့မှာ Samsung ရဲ့ လက်ရှိ IoT ဝန်ဆောင်မှုများကို အဆင့်မြင့် အတွေ့အကြုံများ ပေးစွမ်းနိုင်တဲ့ SmartThings Application ပါဝင်တာ တွေ့ရပါတယ်။
လုပ်ဆောင်ချက်များ
Android version အနေနဲ့ Version 8 (Oreo) အသုံးပြုထားတာ တွေ့ရပြီး CPU အနေနဲ့ S9 စမတ်ဖုန်းကို (2.7 GHz Quad + 1.7 GHz Quad) နဲ့ S9+ စမတ်ဖုန်းကို (2.8 GHz Quad + 1.7 GHz Quad) Octa-core Processor အသုံးပြုထားတာ တွေ့ရပါတယ်။
Memory အနေနဲ့ S9 ကို RAM 4GB, S9+ ကို RAM 6GB နဲ့ Internal Memory 64GB, 128GB, 256GB ၃ မျိုး ရနိုင်ပြီး Micro SD Card 400GB အထိ ထပ်စိုက်လို့ရတယ်လို့ သိရပါတယ်။ ဘက်ထရီအား ပမာဏအနေနဲ့ S9 စမတ်ဖုန်းမှာ 3000mAh နဲ့ S9+ စမတ်ဖုန်းမှာတော့ 3,500mAh ပါဝင်ပါတယ်။ စမတ်ဖုန်း ၂လုံး စလုံးက Fast Wired Charging စနစ်နဲ့ Wireless Charging စနစ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် Sensor လုပ်ဆောင်ချက် များအနေနဲ့ Iris Sensor, Pressure Sensor, Accelerometer, Barometer, Fingerprint Sensor, Gyro Sensor, Geomagnetic Sensor, Hall Sensor, HR Sensor, Proximity Sensor, RGB Light Sensor စတဲ့ Sensor များစွာ ပါဝင်တယ်။
အသံပိုင်း စနစ်
အသံပိုင်း စနစ်အနေနဲ့လည်း Galaxy S9, S9+ စမတ်ဖုန်းများမှာ AKG မှ စွမ်းရည်ပြည့် Stereo စပီကာများပါဝင်ပြီး Dolby Atmos စနစ် ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ကာ အသံများ နားထောင်နေရသလိုမျိုး Sound Around System ပါဝင်ပါတယ်။
ကြိုတင်မှာယူနိုင်မယ့် အစီအစဉ်
Samsung ချစ်သူများအနေနဲ့ Galaxy S9, S9+ စမတ်ဖုန်းများကို မတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ကြိုတင် မှာယူနိုင်ပြီး ကြိုတင်မှာယူလိုသူများအနေနဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များ အပါအဝင် မြို့ကြီး ၃၆ မြို့မှာ ရှိတဲ့ Samsung အရောင်းဆိုင်ကြီးများမှာ စရံငွေ ကျပ် ၅ သောင်း ပေးသွင်းပြီး ကြိုတင်မှာယူနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြိုတင်မှာယူခြင်း အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက် Shop.com.mm မှလည်း စရံငွေ ပေးသွင်းစရာ မလိုအပ်ဘဲ ကြိုတင်မှာယူနိုင်မယ်လို့ သိရပါတယ်။ Shop.com.mm မှတဆင့် ကြိုတင်မှာယူသူများကို မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
စတင် ဝယ်ယူနိုင်မည့်ရက်နှင့် ဈေးနှုန်း
Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းများကို မြန်မာနိုင်ငံဈေးကွက်မှာ မတ်လ ၂၃ ရက်နေ့မှ စတင်ပြီး တနိုင်ငံလုံးမှာ ရောင်းချပေးသွားမှာ ဖြစ်ပြီး Galaxy S9 စမတ်ဖုန်းကို 64GB အရောင်အနေနဲ့ အမည်းရောင် တမျိုးတည်းသာ ရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁,၀၉ ဝ,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
Galaxy S9+ စမတ်ဖုန်းကို အရောင်အနေနဲ့ “အမည်းရောင်၊ အပြာရောင်၊ ခရမ်းရောင်” စတဲ့ အရောင် ၃ ရောင်နဲ့ အတူ S9+ (128 GB) ကို ဈေးနှုန်း ၁,၂၇၉,၀၀၀ ကျပ်၊ S9+ (256 GB) ကို ဈေးနှုန်း ၁,၄၀၀,၀၀၀ ကျပ် တို့နဲ့ ရွေးချယ် ဝယ်ယူ နိုင်မယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – iPhone ထက် အားသာချက်တွေ ပိုတဲ့ Samsung ဖုန်းမော်ဒယ်သစ် ၂ မျိုး အကြောင်း