သင့်ရဲ့ ရေခဲသေတ္တာမှာ အချိုရည်ဘူးတွေ၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ အလှကုန်ပစ္စည်းတွေနဲ့ ရှုပ်ယှက်ခတ် နေပါသလား။
ရေခဲသေတ္တာက ဘက်တီးရီးယား ပေါက်ဖွားမှုကို နှေးကွေးစေတာကြောင့် အစားအသောက်တွေ ကြာရှည်ခံအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းအမျိုးအစား အစုံ ထည့်ထားတဲ့အခါ ရှုပ်ယှက်ခတ်ပြီး ပစ္စည်းတွေ ထားဖို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲမှာ သိမ်းထားဖို့ မလိုတဲ့ အစားအသောက် ၈ မျိုးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) Hot Sauce
အိမ်တိုင်းက ရေခဲသေတ္တာထဲမှာ အနည်းဆုံး ဆော့စ် ၁ ဘူးတော့ ဆောင်ထား တတ်ကြပါတယ်။ Hot Sauce အများစုမှာ အဓိကပါဝင်တာက ကြာရှည်ခံတဲ့ ဓာတ်ရှိတဲ့ ရှာလကာရည် ဖြစ်ပါတယ်။ ဒါကြောင့် ဆော့စ်ကို အေးမြပြီး မှောင်တဲ့ တနေရာရာ (ဥပမာ- ကြောင်အိမ်) မှာ သိမ်းထားနိုင်ပါတယ်။
(၂) အာလူး
အာလူးကို ရေခဲသေတ္တာထဲ ထားမှ ပိုကြာရှည်ခံမယ်လို့ သင်တွေးနေပါလိမ့်မယ်။ ဒါပေမယ့် အာလူးက ကစီဓာတ်တွေဟာ အေးတဲ့အခါ သကြားဓာတ်အဖြစ် ပြောင်းသွားပါတယ်။ သကြားဓာတ်က သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် အာလူးကို ရေခဲသေတ္တာထဲ မထားပါနဲ့။
(၃) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေက ပူနွေးတဲ့ ရာသီဥတုက လာတာဖြစ်ပြီး အခန်း အပူချိန် တခုမှာ မှည့်စေပါတယ်။ ခရမ်းချဉ်သီးတွေက မှည့်နေပြီး သင်က လတ်တလော မစားသေးဘူးဆိုမှသာ ရေခဲသေတ္တာထဲ သိမ်းထားပါ။
(၄) ထောပတ်
ထောပတ်ကို အဖုံးသေချာ ပိတ်ထားတယ်ဆိုရင် အခန်းတခုထဲမှာ သိမ်းထားလို့ ရပါတယ်။
(၅) ဖရဲသီး
အအေးခံထားတဲ့ ဖရဲသီးတွေက အရသာ သိပ်မကောင်းပါဘူး။ အခန်း အပူချိန် တခုအတွင်းမှာ ထားတဲ့ ဖရဲသီးက ပိုပြီး Antioxidants ဓာတ်တွေ ကြွယ်ဝစေပါတယ်။
(၆) ဆားရည်စိမ် အသီးအနှံ
ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေက ရှာလကာရည် အဓိက ပါဝင်ပြီး သူတို့ကို ပုလင်းထဲမှာ ထည့်သိမ်းကာ ကြာရှည်ခံအောင် ထားပါတယ်။ အေးမြတဲ့ နေရာတခုမှာ သိမ်းထားမယ်ဆိုရင် ဆားရည်စိမ် အသီးတွေ ပိုပြီး ကြွပ်ဆတ်ကာ စားကောင်းပါလိမ့်မယ်။
(၇) ပျားရည်
ပျားရည်က ပါဝင်ပစ္စည်းအချို့ဟာ ရေခဲသေတ္တာထဲ သိမ်းဖို့ မသင့်တော်ပါဘူး။ ပျားရည်ဟာ သဘာဝအတိုင်း ကြာရှည်ခံပြီးသား ဖြစ်တဲ့အတွက် အေးမြတဲ့နေရာမှာ သိမ်းထားမယ်ဆိုရင် ပိုပြီး ကြာရှည်ခံပါတယ်။
အပေါ်က အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားမယ့်အစား သင့်မီးဖိုချောင်က အေးမြပြီး နေရောင် တိုက်ရိုက်မရတဲ့ နေရာမျိုးမှာ သိမ်းထားနိုင်ပါတယ်။ ဒီလို မလိုအပ်တဲ့ အရာတွေကို အခုပဲ ရေခဲသေတ္တာထဲက ရှင်းထုတ်လိုက်ရအောင်နော်။
ဆက်စပ် သတင်းလင့်ခ် – ရေခဲသေတ္တာ သန့်ရှင်းသပ်ရပ်နေအောင် ပစ္စည်းတွေကို စနစ်တကျ ဘယ်လိုထားမလဲ
Ref ; www.littlethings.com