အာရှသာမက ဥရောပမှာပါ နာမည်ကျော်နေတဲ့ တောင်ကိုရီးယား အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင်လည်း ဖြစ်သလို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်း တသင်း ဖြစ်တဲ့ ဆွမ်ဆီးမှာပါ ကစားနေတဲ့ ကစားသမား ကီဆွန်းယောင် (Ki Sung-yueng) အကြောင်း ပြောပြပါမယ်။
သူ့ကို ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမှာ မွေးပါတယ်။ တောင်ကိုရီယားသား ဆိုပေမယ့် အရပ်အမောင်းကောင်းသူ တယောက်ဖြစ်ပြီး အရပ် ၆ ပေနဲ့ ၂ လက်မ မြင့်ပါတယ်။ တကယ်ဆို ဒီ အရပ်အမောင်းက ခံစစ်နောက်တန်း ကစားသမား ဖြစ်နိုင်ပေမယ့် ကီဆွန်းယောင် ကတော့ ကွင်းလယ်ဗဟို ကစားသမား စစ်စစ် အဖြစ် ကစားတာ တွေ့ရပါတယ်။ ကလပ် အသင်း အနေနဲ့ ဆိုရင်တော့ ဆွမ်ဆီးမှာ ကစားနေပြီး ကျောနံပါတ် ၄ ကို ဝတ်ဆင် ကစားပါတယ်။
ငယ်စဉ် ကစားသမား ဘဝကို ၂၀၀၁ ခုနှစ်၊ ကီဆွန်းယောင် အသက် ၁၂ သား ကတည်းက John Paul College ရဲ့ ကျောင်းအသင်းမှာ ဝင်ကစားခဲ့ပါတယ်။ ကျောင်းတဖက်နဲ့ ကျောင်းအသင်းမှာ ၂၀၀၅ ခုနှစ်ထိ ကစားခဲ့ပါတယ်။ အဆိုုပါနှစ် အတွင်း Kumho အထက်တန်းကျောင်း အသင်းအတွက်လည်း ဝင်ကစားခဲ့တာ တွေ့ရပါသေးတယ်။
ဥရောပ ကစားသမားတွေနဲ့ ကွာခြားချက်ကတော့ ဥရောပ ပရို ကစားသမားတွေက ငယ်စဉ် အသက် ၁၀ နှစ်လောက် ကတည်းက ဘောလုံး အကယ်ဒမီ ရောက်ပြီး ဘောလုံး ပညာသင်ကြားလေ့ရှိသလို ၁၆ နှစ် ဝန်းကျင်လောက်မှာ ပရိုဘ၀ ရောက်ရှိလာတတ်ကြတာပါ။ ကီဆွန်းယောင်တိ့ုလို အာရှ ကစားသမားတွေ ကတော့ အခုလို ကျောင်းအသင်း အတွက် ကစားပေးတာလောက်ပဲ ရှိပြီး အကယ်ဒမီထွက် ဘောလုံးသမားတွေလောက်တော့ ဘောလုံးပညာ အခြေခံနဲ့ ငယ်စဉ်ကတည်းက မရင်းနှီးခဲ့ရပါ။
ဒါပေမယ့် ကျောင်းအသင်းအတွက် ကစားပေးနေတဲ့ ကီဆွန်းယောင်က ၂၀၀၆ ခုနှစ်မှာတော့ ကြေးစားကစားသမား ဘဝကို ကူးပြောင်း လာပါတယ်။ နာမည်ကျော် ကိုရီးယား ကစားသမားတွေ ထွက်ရှိရာ FC Seoul အသင်းမှာ ဝင်ကစားတာပါ။ ၂၀၀၆ ခုနှစ်ထိ ၃ ရာသီကြာ ဆိုးလ်မှာ ကစားခဲ့ပြီး ၆၄ ပွဲ ကစားတယ်၊ ၇ ဂိုး သွင်းတယ်။
အဆိုပါ ကာလလအတွင်း ကီဆွန်းယောင်ရဲ့ ကွင်းလယ်ကစားကွက်ကို သဘောကျနေတာက နာမည်ကြီး ဆဲလ်တစ် (Celtic) ဖြစ်ပါတယ်။ စကော့တလန်က ဆဲလ်တစ်လို အသင်းရဲ့ ခေါ်ယူမှု ခံရတာက ဂုဏ်ယူစရာ တခုပါ။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ကီဆွန်းယောင် က ဆဲလ်တစ်မှာ ၆၆ ပွဲကစားပြီး ၉ ဂိုးသွင်းပါတယ်။ ဆဲလ်တစ် အနေနဲ့ အစပိုင်း နှစ်တွေမှာ အသင်းသား အဖြစ် ခေါ်ထားခဲ့ပေမယ့် ဘောလုံး ပညာသင်ပေးနေခဲ့တာ ဖြစ်လို့ ပွဲထွက်ခွင့် မရခဲ့ဘဲ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာမှ ပွဲထွက်ခွင့် ရလာခဲ့သလို ခြေစွမ်းလည်း ပြလာနိုင်ခဲ့တာပါ။ နောက်ပိုင်း ဆဲလ်တစ်မှာ ခြေစွမ်းပြလာတော့ အင်္ဂလန် ကလပ် ဆွမ်ဆီးရဲ့ စိတ်ဝင်စားခြင်း ခံလာရပြီး ၂၀၁၂ ခုနှစ်မှာ ဆွမ်ဆီးကို ရောက်လာပါတယ်။
ဆွမ်ဆီးကလည်း ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်နိုင်မှု အရ အသင်းကို ခေါ်ခဲ့ပေမယ့် ၂၀၁၃ အရောက်မှာတော့ တရာသီ စာချုပ်နဲ့ ကီဆွန်းယောင်ကို ဆန်းဒါးလန်း အသင်းထံ အငှားချခြင်း ခံရတယ်။ ၂၀၁၃-၁၄ ရာသီမှာ အငှားနဲ့ ဆန်းဒါးလန်း ရောက်လာပြီး တရာသီ အတွင်း ၂၇ ပွဲ ကစားတယ်၊ ၃ ဂိုး သွင်းတယ်။ ကီဆွန်းယောင်ရဲ့ ခြေစွမ်း အမှန်ကို တွေ့ရပြီး ၂၀၁၄ ကနေ စလို့ ဆွမ်းဆီက အသင်းမှာ ပြန်ခေါ်ထားပြီး ပုံမှန် ပွဲထွက်ခွင့်ပေးနေသလို အခု ၃ နှစ် အတွင်း ဆွမ်ဆီး အသင်း အတွက် ပွဲပေါင်း ၁၃၀ ထိအောင် ကစားပေးပြီး ၁၁ ဂိုး သွင်းယူပေးထားတာ တွေ့ရပါတယ်။
မိခင်နိုင်ငံ တောင်ကိုရီးယား အသင်း အတွက် ၂၀၀၄ ခုနှစ်ကတည်းက U17 အသင်းမှာ ပါဝင်ကစားပေးခဲ့ပြီး ၆ ပွဲမှာ ၃ ဂိုး သွင်းခဲ့တယ်။ ၂၀၀၆-၀၇ ရာသီ အတွက် U20 အသင်းမှာ ပါဝင်ခဲ့ပြီး ၁၆ ပွဲမှာ ၂ ဂိုး ထပ်သွင်းတယ်။ ၂၀၀၇ ကနေ ၂၀၁၂ ခုနှစ် အတွင်းမှာ U23 အသင်းက လိုအပ်ရင်လည်း ဝင်ကစားပေးခဲ့ပြီး ၂၂ ပွဲမှာ ၁ဂိုး သွင်းခဲ့တယ်။
လက်ရွေးစင် အသင်းသား အနေနဲ့တော့ ၂၀၀၈ ခုနှစ်ကတည်းက စတင် ရွေးချယ်ခြင်း ခံလာရတာ ဖြစ်ပြီး အခုထိ ၉၇ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထားနိုင်တာ တွေ့ရပါတယ်။
ကီဆွန်းယောင်ကို ကစားကွက်ဖန်တီးနိုင်မှု၊ ဘောလုံး နည်းပညာ ကျွမ်းကျင် လိမ္မာမှု၊ အဝေးကနေ ဘောလုံး ပေးပိုု့မှု သေချာ တိကျမှု၊ ဖြတ်တင်ဘောတွေ ကောင်းမွန်မှု၊ အနီးကပ် ဘောလုံး အပြန်အလှန် ပေးပို့ကစားခြင်း တွေမှာလည်း သေသပ် ကောင်းမွန်လို့ လူသိများ နာမည်ကြီးပါတယ်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားလည်း ကန်ဖူးတယ်၊ အခုနှစ် ကမ္ဘာ့ဖလားမှာလည်း အသင်းခေါင်းဆောင် အနေနဲ့ ပါဝင်လာ နိုင်တယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် AFC အာရှ ဖလားပြိုင်ပွဲတွေလည်း ကစားဖူးလို့ အသင်း အတွက်တော့ အားထားရတဲ့ ဝါရင့် ကစားသမား တယောက် အဖြစ် ရှိနေတာပါ။
၂၀၁၅ ခုနှစ် မေ ၂၀ ရက်မှာ ဆိုရင် ဆွမ်ဆီး အသင်း အတွက် ၃၃ ပွဲမှာ ၈ ဂိုး သွင်းသလို ဂိုးဖန်တီးမှု များပြီး ခြေစွမ်းပြမှု တွေကြောင့် တနှစ်တာ အကောင်းဆုံး ဆွမ်ဆီးကစားသမားဆု ရခဲ့သူပါ။
မိသားစု ဘဝမှာတော့ ကီဆွန်းယောင်ဟာ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက သူ့အနေနဲ့ ရုပ်ရှင် မင်းသမီး ဟန်ဟေးဂျင် (Han Hye-jin) နဲ့ တွဲနေကြောင်း ထုတ်ဖော်ပြောလာခဲ့သလို အဆိုပါနှစ် မေလမှာပဲ စေ့စပ်ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ ၂၅ ရက်မှာ လက်မှတ် ထိုးတယ်၊ ဇူလိုင် ၁ ရက်မှာ Intercontinental Hotel Seoul မှာ လက်ထပ်ပွဲ ကျင်းပခဲ့တယ်။ ကီဆွန်းယောင်တို့ နှစ်ဦးစလုံးက ခရစ်ယာန်ဘာသာ အထူးယုံကြည်သူတွေ ဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာတော့ သမီးလေး တယောက် မွေးဖွားခဲ့ပါတယ်။
ဆုဖလား ရယူနိုင်မှု အနေနဲ့ ဆိုရင် ကီဆွန်းယောင်က ဆဲလ်တစ်မှာ ကစားနေချိန် ၂၀၁၂ ခုနှစ်က စကော့တလန် ပရီးမီးယားလိဂ်ကို ၁ ကြိမ်၊ ၂၀၁၁ ခုနှစ်မှာ စကော့တလန် ဖလားလည်း ၁ ကြိမ်ရဖူးပါတယ်။ ဒီဘက် ဆွမ်ဆီး ရောက်လာတော့ မီဒီယာတွေကနေ လူသိများပေမယ့့် ဆဲလ်တစ်မှာလောက်တော့ အောင်မြင်မှု မရှိတော့ပဲ ၂၀၁၃ ခုနှစ်က League Cup ၁ ကြိမ်ရတယ်။ ၂၀၁၄ အတွင်း ဆန်းဒါးလန်းမှာ ကစားနေချိန် League Cup ကို ဒုတိယနေရာထိ ရောက်ခဲ့သေးတာလည်း တွေ့ရပါတယ်။ ကိုရီးယား U23 အသင်းနဲ့ ဆိုရင် ၂၀၁၂ ခုနှစ် နွေရာသီ အိုလံပစ်မှာ ကြေးတံဆိပ် ရဖူးတယ်။ လက်ရွေးစင် အသင်းနဲ့ကတော့ ၂၀၁၅ ခုနှစ် AFC အာရှဖလားမှာ ဒုတိယနေရာနဲ့ ကျေနပ်ထားရတာ တွေ့နိုင်ပါတယ်။
တဦးချင်း ဆုတံဆိပ်ရယူနိုင်မှု အနေနဲ့တော့ ၂၀၀၈ ရော ၂၀၀၉ မှာပါ ၂ နှစ်ဆက်တိုက် K League တနှစ်တာ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းမှာ ပါခဲ့တယ်။ ၂၀၀၉ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး လူငယ် အာရှ ကစားသမားဆု ရခဲ့တယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီ အောက်တိုဘာလ အတွက် SPL ကနေ ပေးအပ်တဲ့ တလတာ အကောင်းဆုံး လူငယ်ကစားသမား ဖြစ်ခဲ့တယ်။
၂၀၁၁ ခုနှစ် စကော့တလန် ဖလား ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၄-၁၅ ရာသီ ဆွမ်ဆီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ တွေမှာလည်း KFA ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၂ နှစ်ဆက်တိုက် ရထားပါတယ်။ ၂၀၁၅ ခုနှစ် AFC အာရှဖလား ပွဲစဉ်မှာ Dream Team အသင်းဝင် ကစားသမား အဖြစ်ပါ ရွေးချယ်ခံခဲ့ရသူပါ။ ။
Ref: en.m.wikipedia.org