ကျန်းမာတဲ့ အသားအရေနဲ့အတူ ထင်ရှားတဲ့ မျက်လုံး၊ မျက်ခုံး၊ နှာတံ ပိုင်ဆိုင်မယ်ဆိုရင် သင်ဟာ သဘာဝအတိုင်း လှပတဲ့ အမျိုးသမီးတယောက် ဖြစ်မှာပါ။
မိတ်ကပ်ပြင်ထားတဲ့ အလှထက် ရိုးရှင်းတဲ့ အလှပိုင်ရှင်ကို လူတိုင်းက ပိုနှစ်သက်ကြပါတယ်။ “ရုပ်ဆိုးတဲ့ မိန်းကလေး မရှိဘူး၊ ပျင်းတဲ့ မိန်းကလေးပဲ ရှိတယ်” ဆိုတဲ့ စကားအတိုင်း သင်ဟာ နဂိုချော ဖြစ်နေအောင် အောက်ပါ အမူအကျင့် တွေအတိုင်း လိုက်နာရင်း ပြင်ယူနိုင်ပါတယ်။
သဘာဝအတိုင်း လှပနေဖို့ အမျိုးသမီးတိုင်း လိုက်နာ ကျင့်သုံးရသင့်တဲ့ အချက် ၅ ချက်ကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ဝေမျှပေးလိုက်ပါတယ်။
(၁) တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
ရေကို သေချာချိုးတဲ့သူနဲ့ ပြီးစလွယ် ချိုးတဲ့သူတောင် အသားအရေ၊ ကိုယ်ရနံ့ချင်း မတူပါဘူး။ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်မယ်၊ မျက်နှာ၊ ဆံပင်ကစပြီး ခေါင်းအစ ခြေအဆုံး သေချာ သန့်ရှင်းဆေးကြောမယ် ဆိုရင် သင့်အသားအရေဟာ နဂိုထက်ပိုပြီး ဝင်းလက်လာပါလိမ့်မယ်။ ပြီးတော့ ခံတွင်းနံ့၊ ချွေးနံ့ကို သေချာ အလေးပေးပြီး လုပ်ဆောင်ခြင်းဟာ လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိနေမှာပါ။
(၂) မပျင်းပါနဲ့
တကယ်ပဲ အပျင်းမထူတဲ့ မိန်းကလေးတွေက မလှရင်တောင် ကြည့်ပျေ်ာ ရှုပျော် ရှိကြပါတယ်။ ကိုယ်လက် လှုပ်ရှားရမှာကို အပျင်းထူပြီး ထိုင်ရာက မထ၊ မလှုပ်ရှားတဲ့ အမျိုးသမီးတွေက ဝသလို အလှပြင်ထားရင်တောင် အမြဲ မပြည့်မစုံနဲ့ ပြေပြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားနေရင် အိမ်သန့်ရှင်းရေး လုပ်တာပဲဖြစ်ဖြစ်၊ အားကစား ပုံမှန် ဆော့တာဖြစ်ဖြစ်၊ Skincare ကို စနစ်တကျ သေချာလုပ်ပေးတာမျိုး ဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။
(၃) အစား မသောင်းကျန်းပါနဲ့
ရှိသမျှ အစားပေါင်းစုံ လျှောက်စားတာမျိုး၊ ချဉ်ငံစပ်ဆို အဝစားတာမျိုး ရှောင်ကြဉ်ပါ။ အသားငါး စားတဲ့သူထက် ဟင်းသီးဟင်းရွက် စားတဲ့သူက အသားအရေ ပိုလှသလို ကိုယ်နံ့ပြင်းတာမျိုး သိပ ်မရှိလှပါဘူး။ အသားအရေ လှသူ အချို့ကတော့ Detox ကို ပုံမှန်လုပ်ပေးကြပါတယ်။
အူက အညစ်အကြေးတွေကို Detox က ရှင်းထုတ်ပေးနိုင်တာကြောင့် နဂိုထက် ကြည်လင်လာတဲ့ အသားအရေနဲ့ အတူ ပြေပြစ်တဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ရရှိပါလိမ့်မယ်။
(၄) စိတ်ကို ဖြူစင်အောင် ထားပါ
သက်ဆိုင်ရာ ဘာသာတရားရဲ့ အဆုံးအမပေါ်လိုက်နာပြီး စိတ်ကို ဖြူစင်အောင် ထားပါ။ သူတပါးအပေါ် မနာလို ဝန်တိုမှုတွေ ဖြစ်မယ့်အစား စိတ်ကို သန့်ရှင်းစင်ကြယ်အောင် ထားမယ်ဆိုရင် သင့်မျက်နှာလေးဟာ ကြည်လင် နေမှာပါ။
အတွင်းစိတ် ပုပ်တဲ့သူတွေဟာ မိတ်ကပ် ဘယ်လောက်လိမ်းလိမ်း မျက်နှာမှာ ရောင်ပြန်ဟပ်ပါတယ်။ လူတယောက်ဟာ ဘယ်လိုပဲ အလှပြင်ပြင် သူ့ရဲ့အကျင့်စရိုက်နဲ့ စိတ်ထားကို မျက်နှာကို ကြည့်ရုံနဲ့ သိရပါတယ်။
(၅) ဆံပင်နဲ့ မျက်နှာကို ဂရုစိုက်ပါ
အရောင်ပေါင်းစုံ ဆိုးလို့ ပျက်စီးနေတာထက် သဘာဝအတိုင်း မဲနက်နေတဲ့ ဆံကေသာကိုသာ ပိုင်ဆိုင်ပါစေ။ မဲနက်နက် မျက်ခုံးလေးရအောင် ကွမ်းရိုး ပုံမှန်ဆွဲပေးပါ။ မျက်ဝန်းလေးတွေ ကြည်လင်စေဖို့ အိပ်ရေးဝဝ အိပ်ပါ။ ပန်းရောင် နှုတ်ခမ်းလေးအတွက် Lip Gloss သုံးနိုင်ပါတယ်။
အသီးအရွက်စားလို့ မျက်နှာလေးက ဝင်းမွတ်နေမယ်၊ အဖုအပိမ့် ကင်းနေမယ်ဆိုရင် လုံလောက်ပါပြီ။ မိတ်ကပ်တွေ ဖွေးနေတဲ့ အမျိုးသမီး တယောက်ထက် သဘာဝအတိုင်း လှပနေတဲ့ အမျိုးသမီးကို ပုရိသတွေက ပိုပြီး နှစ်သက် ကြပါတယ်။
နာမည်ကြီး မိတ်ကပ်တွေ ဈေးကြီးပေးဝယ် လိမ်းပေမယ့် မလှမပ ဖြစ်နေသူတွေ အများကြီးပါ။ အထက်မှာ အကြံပြု ရေးသားထားတဲ့ အချက်တွေကိုသာ လိုက်နာကျင့်သုံး ကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ သင့်ပုံစံကို သင်ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။