စာရေးသူတို့ နေ့စဉ်နဲ့အမျှ စားသောက်နေတဲ့ အစားအသောက်တွေမှာ ကင်ဆာကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်း များစွာ ပါဝင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်းရင်းများစွာထဲမှာ အစားအစာကြောင့် ကင်ဆာဖြစ်ပွားနှုန်းဟာ ပိုပြီးတော့ မြင့်မားပါတယ်။
မိမိတို့ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေမှာ ဘယ်အစားအစာကတော့ ကင်ဆာဖြစ်စေတဲ့အတွက် ရှောင်ကြဉ် သင့်တယ်ဆိုတာ သိရအောင် ကင်ဆာဖြစ်စေနိုင်တဲ့ အစားအသောက် ၅ မျိုးကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အနီရောင် အသားများ
အနီရောင် အသား (သိုး၊ ဆိတ်၊ ဝက်၊ အမဲသား) တွေမှာ အဆီဓာတ် ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ကင်ဆာသုတေသန အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အနီရောင်အသားတွေကို တပတ်မှာ ၁၈ အောင်စထက် ပိုပြီးမစားသင့်ဘူးလို့ ဆိုပါတယ်။
(၂) စည်သွပ်ဘူး အစားအစာများ
စည်သွပ်ဘူးတွေမှာ ပါဝင်တဲ့ Bisphenol A (BPA) ဓာတ်ဟာ ကင်ဆာဖြစ်ပွားစေနိုင်တယ်လို့ ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မို့လို့ စည်သွပ်ဘူးတွေ ဝယ်ယူတဲ့အခါမှာ BPA Free ဆိုတဲ့ စာတမ်းပါတဲ့ စည်သွပ်ဘူးတွေကို ရွေးချယ်ဝယ်ယူသင့်တယ်လို့ ဆိုပါတယ်။
(၃) ဆားရည်စိမ် အစားအစာများ
ဆားရည်စိမ်ထားတဲ့ အစားအစာတွေနဲ့ ချဉ်ဖတ်တွေဟာ အစာအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာအိမ် ကင်ဆာဖြစ်ပွားမှုဟာ စားသောက်တဲ့ အစားအစာနဲ့ တိုက်ရိုက် ဆက်စပ်နေတာကြောင့် ကြာရှည်ခံအောင် ဆားရည် စိမ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) အရက်၊ ဘီယာများ
အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေဟာ အသည်းကင်ဆာ အပါအဝင် အူမကြီး ကင်ဆာနဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး ဗဟိုဌာနရဲ့ အကြံပြုချက်အရဆိုရင် တနေ့ကို ဘီယာ ၁၂ အောင်စ တခွက်နဲ့ ဝိုင်တဖန်ခွက်ထက် ပိုပြီး မသောက် သုံးသင့်ဘူးလို့ ဆိုပါတယ်။
(၅) ပြုပြင် စီမံထားသော အစားအစာများ
အရသာရှိအောင် ပြုပြင် စီမံထားတဲ့ အစားအစာတွေမှာ Hydrogenated Oil တွေ အများအပြား ပါဝင်တာကြောင့် အူမကြီး ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အချိုမှုန့်နဲ့ သကြားတု တမျိုးဖြစ်တဲ့ Aspartame တွေ ပါဝင်တာကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။
Ref ; womenshealthmag