Lifestyle

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုရီးယားမင်းသား Jo Min Ki သေဆုံး

 

တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းတွေ အဆိုအရ မကြာသေးခင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုရီးယားမင်းသား ဂျိုမင်းဂီ (Jo Min Ki) ကို မတ်လ ၉ ရက်နေ့၊ တောင်ကိုးရီးယား ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ သေဆုံးနေတဲ့ အနေအထားနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းများ ဖော်ပြထားချက်အရ မင်းသားကို သူ့ရဲ့ တိုက်ခန်း၊ မြေအောက်ထပ် ကားပါကင် ဂိုထောင်နားက သိုလှောင်ခန်း တခုမှာ တွေ့ခဲ့ရတာ သိရပါတယ်။ သူ့ကို သူ့ရဲ့ ဇနီးသည်က ရှာတွေ့ခဲ့တာ ဖြစ်ပြီး ရဲခေါ်ခဲ့တယ်လို့ သတင်းတွေမှာ ရေးသား ဖော်ပြထားပါတယ်။ အရေးပေါ်ကယ်ဆယ်ကူညီသူများက အရေးပေါ်အခန်းထဲ ခေါ်ဆောင် သွားခဲ့ပြီး ကုသပေးခဲ့ပေမယ့် သေဆုံးကြောင်းသာ အတည်ပြုနိုင်ခဲ့တာပါ။

ရဲတပ်ဖွဲ့က မရိုးမသား အကြံအစည်ရှိကြောင်း သက်သေ မတွေ့ရှိခဲ့ရဘဲ သေဆုံးမှုဟာ “ကိုယ့်ကိုကိုယ် သေကြောင်းကြံမှု” ဖြစ်တယ်လို့ သံသယရှိကြောင်း ပြောပါတယ်။ သေဆုံးနေတဲ့နေရာမှာတော့ “ကိုယ့်ကိုကိုယ် သေကြောင်းကြံတယ်” ဆိုတဲ့ စာရွက်စာတမ်းတော့ မတွေ့ရပါဘူး။

မင်းသား Jo Min Ki ကို ပထမဆုံး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်ကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အမျိုးသမီးတဦးက “မင်းသား Jo Min Ki ဟာ ချောင်းဂျူတက္ကသိုလ်မှာ ပါမောက္ခအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့စဉ်က ကျောင်းသူတဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ခဲ့တယ်” ဆိုတဲ့ အကြောင်း အွန်လိုင်းပေါ် တင်ခဲ့ရာကနေ စတင်ပါတယ်။

မင်းသား Jo ဟာ ကနဦးမှာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပေမယ့် မင်းသမီး Song Ha Neul နဲ့ အခြားပုဂ္ဂိုလ်တွေက ကျောင်းသားတွေအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ရှေ့တိုး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ သူကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်ကို တောင်းပန်ခဲ့ပါတယ်။ မင်းသား Jo ကို လာမယ့် မတ်လ ၁၂ ရက်နေ့ တောင်ကိုရိးယားနိုင်ငံ၊ ချောင်းဘု (Chungbuk) ရဲစခန်းမှာ စစ်ဆေးမေးမြန်းဖို့ စီစဉ်ထားပါတယ်။

ချောင်းဘု ရဲစခန်းကတော့ မင်းသားကွယ်လွန်ကြောင်း သတင်းတွေကို အတည်ပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ မင်းသား Jo အပေါ် စွဲဆိုထားတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စွဲချက်တွေ စုံစမ်းစစ်ဆေးမှုဟာ ပိတ်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က “ပုံမှန်အားဖြင့်တော့ စွပ်စွဲခံရသူ သေဆုံးတဲ့အခါမှာ စုံစမ်းစစ်ဆေးရေးကို အဆုံးသတ်ပြီး အဲဒီအမှုကို အမှုစွဲဆိုတဲ့ ဘက်ကို လွှဲပြောင်းလိုက်ပါတယ်” လို့ ပြောပါတယ်။

Ref ; soompi

Loading