ဓနသဟာယ နိုင်ငံများ (Commonwealth of Nations) မှ နှစ်စဉ် မတ်လ ဒုတိယပတ် တနင်္ဂလာနေ့တိုင်း ကျင်းပ ပြုလုပ်လေ့ရှိတဲ့ “ဓနသဟာယနေ့”(Commonwealth Day)၊ မတ်လ ၁၂ ရက်နေ့ဟာ မင်းသမီး Meghan Markle အတွက် နေ့ထူးနေ့မြတ် တခု ဖြစ်ခဲ့ပါတယ်။
ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီရဲ့ ဇနီးလောင်း Meghan ဟာ Westminster Abbey မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံး “ဓနသဟာယ”နေ့ကို မင်းသားဟယ်ရီ၊ အဲလိဇဘက် ဘုရင်မကြီး၊ မင်းသား ချားလ်စ်နဲ့ ကြင်ယာတော် Camilia ၊ မင်းသား ဝီလီယမ်နဲ့ Cambridge မြို့စားကတော် Kate Middleton တို့ အပါအဝင် တော်ဝင်မိသားစုဝင်တွေနဲ့ အတူ တက်ရောက်ခဲ့ ပါတယ်။
မင်းသမီး Meghan ဟာ ဗြိတိန်ဒီဇိုင်နာ Amanda Wakeley ချုပ်လုပ်ပေးထားတဲ့ ကုတ်အကျီင်္ကို ဝတ်ဆင်ခဲ့ပြီး ဒီလိုမျိုး ကြီးကျယ်တဲ့ ပွဲတခုကို တက်ဖို့အတွက် မင်းသမီးဟာ မိတ်ကပ် အနည်းငယ်သာ လိမ်းလာခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ခင်ပွန်းလောင်း ဟယ်ရီနဲ့ အတူတွဲပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Cambridge မြို့စားနဲ့ မြို့စားကတော်ဖြစ်တဲ့ မင်းသား ဝီလီယမ်နဲ့ Kate Middlelton တို့ဟာ မကြာမီ ရွှေလက်တွဲ ကြတော့မယ့် ဟယ်ရီတို့စုံတွဲ ရောက်ရှိပြီး မရှေးမနှောင်းမှာပဲ ရောက်ရှိလာခဲ့တာပါ။ မင်းသမီး Meghan ဟာ မင်းသား ဟယ်ရီနဲ့ လာမယ့် မေလမှာ ကျင်းပမယ့် လက်ထပ်ပွဲ မတိုင်ခင် ဘုရင်မကြီးနဲ့ ပထမဆုံး တရားဝင် ပွဲတက်ရခဲ့တာ ဖြစ်ပေမယ့် စိတ်လှုပ်ရှားနေပုံတော့ မပေါ်ပါဘူး။
မတ်လ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ “ဓနသယာယ” နေ့ အခမ်းအနားပွဲမှာ မင်းသမီး Meghan ဟာ သူရဲ့ စာစောင် ကိုသာ တစိုက်မတ်မတ် ကြည့်နေခဲ့ပြီး အဆိုတော် Liam Payne ဖျော်ဖြေနေစဉ်မှာလည်း သီချင်း လိုက်ဆိုညည်းနေတာ တွေ့ရပါတယ်။ One Direction အဖွဲ့သား Liam ကတော့ အဆိုတော် John Mayer ရဲ့ “Waiting on the World to Change” သီချင်းကို တော်ဝင် မိသားစုဝင်တွေ ရှေ့မှာ ဖျော်ဖြေခဲ့ပါတယ်။
နှစ်စဉ် ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ လေးစားအားကျဖွယ် လူ ၆၀ ဦးကို ရွေးချယ်ပြီး Queensleader ဆု ပေးအပ်ခဲ့ ပါတယ်။ “ဘုံအနာဂတ် တခုဆီသို့” လို့ ပေးထားတဲ့ ခေါင်းစဉ်နဲ့အညီ ဒီနှစ်ရဲ့ ပွဲအခမ်းအနားဟာ ဓနသဟာယ နိုင်ငံတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုဖန်တီးဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ဘယ်လို အလုပ် လုပ်ကိုင် ကြမလဲဆိုတာ အလေးပေးခဲ့ပါတယ်။
အဲလိဇဘက် ဘုရင်မကြီးနဲ့အတူ Meghan နဲ့ Kate တို့ကို ဘုရားကျောင်းကနေ အထွက်လမ်းမှာ ကျောင်းသူ၊ ကျောင်းသား တွေက ပန်းစည်းတွေ ပေးအပ်ခဲ့ပါသေးတယ်။ ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးမယ့်အကြောင်း ဖေဖော်ဝါရီလက သတင်းတွေ ထွက်ရှိခဲ့ ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – တော်ဝင်မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်း ရုပ်ရှင်
Ref ; aceshowbiz