ကမ္ဘာ့ရောင်းအား အကောင်းဆုံး Coca Cola (ကိုကာကိုလာ) ကုမ္ပဏီက ဂျပန်နိုင်ငံ ရိုးရာအရက်နဲ့ ဆိုဒါ ရောထားတဲ့ Chu-Hi Alcopops အရက်ပါတဲ့ အချိုရည်မျိုး ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ Chu-Hi ဟာ ရိုးရာနည်းအရ ပြုလုပ်ထားတဲ့ Shochu အရက်ရယ်၊ ဆိုဒါနဲ့ အနံ့အရသာ မျိုးစုံ ဖြည့်စွက်ထားတဲ့ အသင့် သောက်ဘူးနဲ့ ထုတ်လုပ်ထားတဲ့ အရက်ပါ အချိုရည်ပါ။
၁၂၅ နှစ်ကြာ အချိုရည် သီးသန့် ထုတ်လာရာကနေ ပထမဆုံးအကြိမ် Alcohol ဈေးကွက်ထဲကို ကိုကာကိုလာ ထိုးဖောက်ဖို့ စီစဉ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုကာကိုလာ အကြီးအကဲ တဦးကလည်း အခုထုတ်မယ့် ထုတ်ကုန် အသစ်က “သမိုင်းဝင် ပြိုင်စံရှား” လို့ တင်စားထားပါတယ်။ ဂျပန်မှာ စတင်ဖြန့်ချိတော့မယ့် အဆိုပါ ထုတ်ကုန် အသစ်ဟာ Strong Zero ၊ Highball Lemon နဲ့ Slat တို့လို ပြည်တွင်း အမှတ်တံဆိပ်တွေနဲ့ ဈေးကွက် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ ကိုကာကိုလာ ရုံးခွဲဥက္ကဌက “ကိုကာကိုလာဟာ အမြဲတမ်း အချိုရည် ထုတ်လုပ်မှုကိုပဲ အာရုံစိုက်ခဲ့တာပါ။ ဒီထုတ်ကုန် အသစ်ကတော့ ကျနော်တို့ရဲ့ ဈေးကွက်ကို အနည်းငယ် အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုပုံစံတူ အရက်ပါ အချိုရည်မျိုး ကိုကာကိုလာက တခြားနိုင်ငံတွေမှာ ထုတ်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပါတယ်။
Chu-Hi အသင့်သောက် အရက်ပါ အချိုရည်မှာ အယ်လ်ကိုဟော ၃ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ပဲ ထည့်ထား တာပါ။ ဒါကြောင့် အမျိုးသမီးတွေ သောက်မယ်ဆိုလည်း အဆင်ပြေလို့ ဘီယာဈေးကွက်ကိုပါ ပြိုင်ဆိုင်ရဖို့ ရှိပါတယ်။
အရက်ပါ အချိုရည် ဈေးကွက်ထဲမှာလည်း ရာနဲ့ချီတဲ့ အရသာအမျိုးမျိုးနဲ့ ထုတ်လုပ်ဖြန့်ချိနေတဲ့ တံဆိပ်တွေ အများကြီးလို့ ဂျပန်နိုင်ငံအတွင်း အရည်သောက်သုံးသူများ အဖွဲ့အစည်း Suntory က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၃ ခုနှစ်က စတင်လို့ နှစ်စဉ် တိုးတက်မှု ရာခိုင်နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။
ကိုကာကိုလာ ကုမ္ပဏီကြီးဟာ ပုံမှန်ထုတ်နေကျ ကိုကာကိုလာ အချိုရည်အပြင် တခြား အမျိုးအစားသစ်တွေကို ထုတ်လုပ်တာဟာ ဒီတခါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ မနှစ်တုန်းကလည်း သြစတြေးလျနိုင်ငံမှာ Coca Cola Plus Coffee No Sugar အမျိုးအစားအသစ်ကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ကော်ဖီအလွန်ကြိုက်တဲ့ သြဇီသားတွေ နွေရာသီမှာ ပူပူလောင်လောင် ကော်ဖီတခွက်ထက် ကိုကာကိုလာနဲ့ ကော်ဖီအရောက အေးမြ လန်းဆန်းစေဖို့ ရည်ရွယ်ပါတယ်။
Ref: Financial Times