မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ ကျင်းပပြုလုပ်မယ့် “First Global Robotics Challenge” စက်ရုပ်ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မှီသော လူငယ်များကို ဖန်တီးရာမှ ခေါ်ယူ နေတယ်လို့ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လထဲမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာမှ လူငယ်များ ရင်းနှီးစွာ တွေ့ဆုံပြီး အတူတကွ ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနှစ် ပြိုင်ပွဲမှာတော့ National Academies Of Engineering ကနေ ကမ္ဘာပေါ်မှာရှိတဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရှင်များ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲ ၁၄ ခုထဲက တခုအဖြစ် သတ်မှတ်ထားတဲ့ “Energy Impact” ဆိုတဲ့ အကြောင်းအရာ ခေါင်းစဉ်အောက်ကနေ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” လို့ ဖန်တီးရာမှ Makerspace Manager ဖြစ်သူ ကိုထူးဝေထက်က ဧရာဝတီကို ပြောပါတယ်။
အဆိုပါ FIRST Global Robotics Challenge စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ့် အသင်းကို စေလွှတ်ရန် လူရွေးချယ်မှု စတင်နေပြီလို့ သိရပါတယ်။ အဆိုပါ လူရွေးချယ်မှုမှာ မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် အသက် ၁၈ နှစ်ကြား Mechanical Design ပိုင်း၊ Electronics ပိုင်းနဲ့ Programming ပိုင်းတို့မှာ အရည်အချင်း ပြည့်မှီတဲ့ ကျောင်းသား၊ ကျောင်းသူများကို လူတွေ့ခေါ်ယူစစ်ဆေးပြီး ရွေးချယ် သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ခြင်းခံရတဲ့ ကျောင်းသား၊ ကျောင်သူ စုစုပေါင်း ၅ ယောက်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြု အသင်း အဖြစ် မက္ကစီကိုနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် စိတ်ဝင်စားကြသော ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကိုယ်တိုင်ရေးထားသော စာစီစာကုံးနဲ့ အတူ မိမိတို့ရဲ့ အတွေ့အကြုံများနဲ့ ပတ်သက်သော အကြောင်းအရာများကို www.bit.ly/FGCregister မှာ မတ်လ ၃၁ ရက်နေ့ မတိုင်ခင် ဝင်ရောက် ဖြည့်စွက်ပြီး စာရင်းပေးသွင်းရန် လိုအပ်တယ်လို့ သိရပါတယ်။
ပဏာမ ရွေးချယ်ခြင်း ခံရသူများကို ဧပြီလအတွင်း လူတွေ့စစ်ဆေးမှာ ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသူ ၅ ဦးကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို အိုလံပစ်ပြိုင်ပွဲကြီး ကျင်းပသကဲ့သို့ နိုင်ငံတနိုင်ငံမှ အသင်း တသင်းသာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး စက်ရုပ်များကို ပြုလုပ်ကာ သတ်မှတ်ထားတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ထူးချွန်ထက်မြတ်သော လူငယ်ကျောင်းသားများ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ဖန်တီးရာမှ ပထမဦးဆုံး အကြိမ်အဖြစ် စေလွှတ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သော နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းက တကမ္ဘာလုံးမှာ အဆင့် ၆ ရရှိခဲ့တယ်လို့ သိရပါတယ်။