နာမည်ကျော် Forbes မဂ္ဂဇင်းက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ အထိ ကာလအတွင်း ဟောလိဝုဒ်မှာ အနုပညာကြေး အမြင့်ဆုံးရရှိခဲ့ကြတဲ့ မင်းသားစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးနံပါတ် ၁ နေရာကို အနုပညာကြေး ဒေါ်လာ ၆၈ သန်းနဲ့ မင်းသား Mark Wahlberg က ရပ်တည်နေပါတယ်။
မင်းသားကြီး The Rock ကတော့ ဒေါ်လာ ၆၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အဲဒီစာရင်းကိုတော့ ရုပ်ရှင်၊ ရုပ်သံနဲ့ စီးပွားရေးကြော်ငြာတွေကနေ ရရှိတဲ့ ဝင်ငွေတွေကို အခွန်ငွေ မပါဘဲ တွက်ချက်ထားတာ ဖြစ်ပါတယ်။ ထိပ်တန်း မင်းသား ၁၀ ဦး ရရှိတဲ့ အနုပညာကြေးဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၈၈ ဒဿမ ၅ သန်း ရှိတယ်လို့ သိရပါတယ်။
နှစ်တော်တော်များများ အနုပညာကြေး အများဆုံး ရရှိတဲ့ အမျိုးသားသရုပ်ဆောင် စာရင်းမှာ “Pirates of the Caribbean” စတား Johnny Depp က ပြီးခဲ့တဲ့နှစ် တော်တော်များများမှာ ပါဝင်ခဲ့ပေမယ့် ၂၀၁၇ နှစ် စာရင်းမှာတော့ ထိပ်တန်း အနုပညာကြေး အမြင့်ဆုံး မင်းသား ၂၀ ဦး စာရင်းမှာ ပါမလာခဲ့ပါဘူး။
အဲဒီစာရင်းမှာ ထူးခြားချက်က ဘောလိဝုဒ် ထိပ်တန်းမင်းသား ၃ ဦးဖြစ်တဲ့ Shah Rukh Khan, Salman Khan နဲ့ Akshay Kumar တို့က နံပါတ် ၈၊ ၉၊ ၁ဝ မှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အနုပညာကြေး အများဆုံးရရှိတဲ့ အမျိုးသား သရုပ်ဆောင် စာရင်းကို ဧရာဝတီ စာဖတ် ပရိသတ်များ ဗဟုသုတ အနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) Mark Wahlberg (ဒေါ်လာ ၆၈ သန်း)
မင်းသား Mark ကတော့ သူရဲ့ “Daddy’s Home 2” နဲ့ “Transformers: The Last Night” ရုပ်ရှင်တို့ကြောင့် အနုပညာကြေး အများဆုံးရရှိတဲ့ မင်းသားတယောက် ဖြစ်လာတာပါ။ သူဟာ AT&T အတွက်လည်း ကြော်ငြာတွေ ရိုက်ကူးထားပြီးတော့ သူနဲ့ သူ့မိသားစုဟာလည်း Wahlbergers အမည်ရှိတဲ့ ဘာဂါစားသောက်ဆိုင်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
(၂) Dwayne “The Rock” Johnson (ဒေါ်လာ ၆၅ သန်း)
မင်းသားကြီး “The Rock” ကတော့ “Fate of the Furious” ရုပ်ရှင်မှာ အတူတူ ပါဝင်ခဲ့တဲ့ မင်းသား Vin Diesel ကို ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ရုပ်ရှင်တွေကတော့ “Baywatch”, “Jumanji” နဲ့ HBO ရုပ်သံ ဇာတ်လမ်းတွဲ “Ballers” တို့ပဲ ဖြစ်ပါတယ်။
(၃) Vin Diesel (ဒေါ်လာ ၅၄ ဒဿမ ၅ သန်း)
အောင်မြင်ခဲ့တဲ့ “The Fast and the Furious” ရုပ်ရှင်တွေက မင်းသား Vin Diesel အတွက် တခုတည်းသော ငွေဝင်ပေါက် မဟုတ်ပါဘူး။ မင်းသားဟာ “Guardians of the Galaxy Vol. 2” ရုပ်ရှင်မှာ အသံ သရုပ်ဆောင်ခဲ့ပြီး “xXx: The Return of Xander Cage” ရုပ်ရှင်မှာလည်း သရုပ်ဆောင်ထားပါသေးတယ်။
(၄) Adam Sandler (ဒေါ်လာ ၅ဝ ဒဿမ ၅ သန်း)
ဝေဖန်သူတွေက သူ့ရဲ့ ရုပ်ရှင်တွေကို ဝေဖန်လည်း ဂရုမစိုက်တတ်တဲ့ မင်းသား Adam ဖြစ်ပါတယ်။ သူဟာ Netflix နဲ့ သဘောတူထားတဲ့ ရုပ်ရှင် ၄ ခုနဲ့တင် အခုစာရင်းထဲ ပါဝင်လာတာဖြစ်ပါတယ်။
(၅) Jackie Chan (ဒေါ်လာ ၄၉ သန်း)
မင်းသားကြီး ဂျက်ကီချန်း (Jackie Chan) ဟာ ဟောလိဝုဒ်မှာ ထင်ထားသလောက် တောက်ပတဲ့ မင်းသားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်စတားတယောက် ဖြစ်နေဆဲပါ။
(၆) Robert Downey Jr. (ဒေါ်လာ ၄၈ သန်း)
မင်းသား Robert Downey Jr. ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစလို့ နံပါတ် ၁ နေရာကနေ ကျဆင်းသွားခဲ့တာကို စိတ်မကောင်း အရမ်းမဖြစ်နေပါဘူး။ “Iron Man” မင်းသားဟာ စူပါဟီးရိုး ရုပ်ရှင်တွေကနေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေဆဲ ဖြစ်ပါတယ်။
(၇) Tom Cruise (ဒေါ်လာ ၄၃ သန်း)
မင်းသား Tom Cruise ဟာ အက်ရှင်ရုပ်ရှင်တွေ အရိုက်များနေဆဲ ဖြစ်ပါတယ်။ သူဟာ “The Mummy” နဲ့ “Mission: Impossible 6” ရုပ်ရှင်တွေကနေ အနုပညာကြေး အဋ္ဌမမြောက် အများဆုံး ရရှိခဲ့ပါတယ်။
(၈) Shah Rukh Khan (ဒေါ်လာ ၃၈ သန်း)
အမေရိကန် နိုင်ငံသားတွေ အားလုံးက သူ့နာမည်ကိုတော့ မသိနိုင်ပါဘူး။ ဒါပေမယ့် ရှာရွတ်ခန်း (Shah Rukh Khan) ဟာ ဘောလိဝုဒ်ရဲ့ စူပါစတားတယောက် ဖြစ်ပါတယ်။ မင်းသား Khan ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ဘောလိဝုုဒ်ရုပ်ရှင်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ ကြော်ငြာတွေကြောင့် အနုပညာကြေး ဒေါ်လာ ၃၈ သန်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
(၉) Salman Khan (ဒေါ်လာ ၃၇ သန်း)
ဘောလိဝုဒ်မင်းသား Salman Khan ကတော့ ၁၉၈၉ ခုနှစ်မှာ အနုပညာလောကထဲ ရောက်ရှိခဲ့ချိန်ကစလို့ ရုပ်ရှင် ၈၅ ကား ပါဝင်ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဘောလိဝုဒ်ရဲ့ ဒုတိယဝင်ငွေ အများဆုံး မင်းသား ဖြစ်လာခဲ့ပါတယ်။
(၁၀) Akshay Kumar (ဒေါ်လာ ၃၅ ဒဿမ ၅ သန်း)
မင်းသား Akshay Kumar ကတော့ ရာစုနှစ် ၄ ပုံ ၁ ပုံကျော်လောက်မှာ ရုံဝင်ငွေ အကောင်းဆုံး မင်းသားတလက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရုပ်ရှင် ၄ ကားမှာ သရုပ်ဆောင်ခဲ့ပြီး ထုတ်ကုန်ပစ္စည်း ၇ ခုကိုလည်း ကြော်ငြာပေးခဲ့သူ ဖြစ်ပါတယ်။
Ref ; Forbes