Lifestyle

ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် အချစ်ရေးကို ထပ်စဉ်းစားမှာ မဟုတ်ဘူးဆိုတဲ့ Celine Dion

လည်ချောင်း ကင်ဆာရောဂါနဲ့ ခင်ပွန်း ဖြစ်သူကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆုံးရှုံးလိုက်ရပြီးနောက် ကမ္ဘာကျော် အဆိုတော် Celine Dion ဟာ အချစ်ရေးကို ထပ်စဉ်းစားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ သတင်းတွေရဲ့ အဆိုအရ သူဟာ ခင်ပွန်းသည် Rene ရဲ့အချစ်နဲ့ နှိုင်းယှဉ်လို့ရမယ့် အချစ်မျိုးကို ရှာတွေ့နိုင်မယ်လို့ ထင်မထားကြောင်း သိရပါတယ်။

သတင်းရင်းမြစ်တခုက “သူ့ရဲ့ခင်ပွန်းဟာ သူ့တဘဝစာ အချစ်ဖြစ်ခဲ့ပါတယ်။ သူ မရှိဘဲ နေထိုင်ရတာဟာ Celine အတွက် တော်တော်လေးကို နာကျင်ရပါတယ်။ သူဟာ အရမ်းရှေးရိုး ဆန်ပြီးတော့ ချစ်သူထားဖို့လည်း အဆင်သင့် မဖြစ်သေးပါဘူး။ ဘယ်တော့မှလည်း ချစ်သူထားနိုင်မှာ မဟုတ်ပါဘူး၊ Rene နဲ့ထပ်ပြီး ယှဉ်လို့ရမယ့်အချစ် ဘယ်တော့မှ ထပ်ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ သူယုံကြည်ထားပါတယ်” လို့ ပြောကြားထားပါတယ်။

Celine ဟာ မကြာသေးခင်ကပဲ နားခွဲစိတ် ကုသမှု ခံယူဖို့အတွက် သီချင်းသီဆိုတာကနေ ခေတ္တခဏ အနား ယူထား ပါတယ်။ အတွင်းသတင်းတခုအရ “သူ့ရဲ့ နားအခြေအနေက တော်တော်လေးကို ဆိုးရွားခဲ့ပြီး အဲဒါကို မဖြစ်မနေ ဂရုစိုက်ခဲ့ ရပါတယ်။ သူ့ရဲ့အကြားအာရုံဟာ တနှစ်ကျော်လောက် ထိခိုက်ခဲ့ရတာကြောင့် ဒီခွဲစိတ်မှုဟာ အချိန် အကြာကြီးနေမှ လုပ်ဖြစ်တာပါ၊ သူ့သူငယ်ချင်းတွေကလည်း နောက်တခါ သူစင်ပေါ်မှာ ပြန်ဖျော်ဖြေနိုင်မယ်လို့ ယုံကြည်ထားပါတယ်၊ သူပိုကောင်းလာမှာပါ”

“ဒါဟာ အခြေအနေအရ ဖြစ်ခဲ့တာဖြစ်ပြီးတော့ သူ့ရှေ့မှာ ဖျော်ဖြေပွဲတွေလုပ်ဖို့နဲ့ တောက်ပဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကို စွန့်လွှတ်လိုက်ရမှာ သူစိုးရိမ်နေပါတယ်၊ Celine ဟာ ကိုယ့်ကိုကိုယ် စောင့်ရှောက်နေပြီး သူ့ကျန်းမာရေးကိုလည်း သီးသန့်အနေနဲ့ ထားပါတယ်။ သူက ငြီးတွားနေရတာမျိုးကို မကြိုက်ပေမယ့် တော်တော်လေး ခက်ခဲနေခဲ့ပါတယ်” လို့ Entertainment Tonight မီဒီယာကို ပြောပါတယ်။

Celine Dion ဟာ မကြာသေးခင် ကာလအတွင်းကလည်း နားခွဲစိတ် ကုသမှု ခံယူဖို့အတွက် အမေရိကန် ပြည်ထောင်စု၊ Las Vegas မြို့မှာ ၃ ပတ်တာ ကာလအတွင်း ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်နားခွဲစိတ်ကုသမှုကြောင့် Las Vegas ဖျော်ဖြေပွဲ ၁၄ ခုကို ဖျက်သိမ်းလိုက်ရတဲ့ အဆိုတော် Celine Dion

Loading