မတ်လ နောက်ဆုံးပတ်က ကချင်ပြည်နယ်မှာ ပထမဆုံး အကြိမ်ကျောက်မျက်ပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ခွင့်ရဖို့ကို ၆ နှစ်ကြာ တောင်းဆိုခဲ့ရတယ်လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရပါတယ်။
“ကချင်ပြည်နယ် အစိုးရကတဆင့် နိုင်ငံတော် အစိုးရသမ္မတ အဆင့်ထိ တင်တာ၊ အဲဒီမှာ ကြန့်ကြာသွားတာပေါ့။ လုပ်ငန်းစဉ်ကကို ကြာသွားတာ။ ဒီကိစ္စကို မြန်မြန်ချ မပေးလာဘူး။ အစိုးရဘက်မှာ ဘယ်လိုအခက်အခဲ ရှိလဲတော့ ကျနော်တို့ မသိဘူး” လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဦးဆမ်ဆွန်နာက ဧရာဝတီကို ပြောပါတယ်။
ကျောက်မျက်ပွဲ လုပ်ခွင့်ရဖို့က နှစ်ရှည်လများ ကြိုစားလာခဲ့ရတာဖြစ်ပြီး အဟန့်အတား အမျိုးမျိုးလည်း ရှိခဲ့တယ်လို့လည်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကပြောပါတယ်။
မတ်လ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ အဆိုပါ ကျောက်မျက်ပြပွဲမှာ မြန်မာ ကျပ်ငွေနဲ့ပဲ ဝယ်ယူနိုင်တာ ဖြစ်ပြီး ပြပွဲကာလအတွင်း ကျပ်သန်း တထောင်ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ကျပ်သိန်း ၂၀ မှ သိန်း၂၀၀ အထိ ကြမ်းခင်းဈေးရှိတဲ့ C , D အဆင့်ရှိ ကျောက်မျက် အတွဲပေါင်း ၃၃၈ တွဲ ပြသခဲ့ပြီး ၁၉၅ တွဲ ရောင်းချခဲ့ရတယ်လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။
ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်တာကြောင့် လိုအပ်ချက်တွေ ရှိနိုင်ပြီး အခုလို ပြပွဲလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ပြည်ပကို တရားမဝင် ရောင်းချနေတဲ့ ကျောက်စိမ်းဈေးကွက ်ပပျောက်အောင် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောပါတယ်။
ဦးဇေလွမ်းက “ကျနော်တို့ ရည်ရွယ်ချက်က တရားမဝင် ပပျောက်ဖို့အတွက် ပြည်ပကို တရားမဝင် တရုတ်ကို ကျောက်တွေ အများကြီးရောက်နေတယ်။ ရောက်တဲ့ အထဲမှာ ကျောက်ပွဲက မဟုတ်ဘူး။ တရားမဝင်ကနေ အများကြီး ရောက်နေတယ်။ ဒါတွေကို လမ်းကြောင်း ဖွင့်ပေးတဲ့ အနေနဲ့ ဒီမှာ ပြပွဲတွေ လုပ်နေတယ်ဆိုပြီး ပြနေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဖားကန့် ဒေသထွက် ကျောက်စိမ်းတွေဟာ တရုတ်ပြည်ဘက်ကို တရားမဝင် တင်ပို့ခြင်းများ ရှိနေပြီး အဲဒီကျောက်တွေနဲ့ တရုတ်- မြန်မာ နယ်စပ် ဒေသတချို့မှာ ကျောက်မျက်ပြပွဲ ကျင်းပပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီပြပွဲမှာတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ဧည့်သည်တွေကို အဓိက ဖိတ်ကြားထားတာဖြစ်ပြီး လက်ရှိရှိပြီးသား မြန်မာ့ကျောက်မျက် ရတနာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ရုံးချုပ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ တည်ရှိတာ ဖြစ်ပါတယ်။