နည်းပညာခေတ်ထဲမှာ လူသားတွေရဲ့ ဖန်တီးမှု အားကောင်းလာပြီး နေထိုင်ရာ မြို့ကြီးတွေလည်းအလျင်အမြန် တိုးတက် ဖွံ့ဖြိုးလာပါတယ်။ ဒီအထဲကမှ ကမ္ဘာတလွှားမှာရှိတဲ့ ဘယ်မြို့ကြီးတွေက ဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်နေပါသလဲ။ နယ်ပယ် အနေနဲ့ ခွဲခြား ပြောရရင်တော့ မြောက်အမေရိက၊ တရုတ်၊ အိန္ဒိယ၊ တောင်အမေရိက နယ်တွေဟာ အလျင်အမြန် တိုးတက် လာနေတာတွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ် အပြီး ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းကစပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန် လာခဲ့ပါတယ်။ အထူးသဖြင့်တော့ တမ်းချမ်းသာလာတဲ့ နိုင်ငံတွေဟာ ကျေးလက်နဲ့ မြို့ပြ မကွဲပြားဘဲ တပြေးညီ တိုးတက် လာပါတယ်။ ဒီနေ့ခေတ် တရုတ်နိုင်ငံမှာ ဆိုရင် မြို့ကြီးအနေနဲ့ ၃၅ မြို့လောက်ထိ ရှိနေပြီဆိုတာ သက်သေပါပဲ။ ဒါဟာ စီးပွားရေး တိုးတက်မှုရော လူဦးရေ အနေအထားတွေကြောင့်ပါ သက်ဆိုင်နေပါတယ်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ မြို့နေလူဦးရေလည်း သိသိသာသာ တိုးလာသလို မြို့ကွက်တွေလည်း ကျယ်ဝန်းလာ ပါတယ်။ ၂၀၀၀ ပြည့်ကနေ ၂၀၁၆ ခုနှစ် အတွင်းကာလမှာ တိုးတက်ကြီးမားလာတဲ့ မြို့ကြီးတွေရဲ့ အနေအထားကို ကုလသမဂ္ဂရဲ့ စာရင်းတွေကို ကိုးကားပြီး ကြည့်နိုင်ပါတယ်။
အဆိုပါ စာရင်းတွေ အရ ဒီနေ့ ကမ္ဘာမှာ လူဦးရေ ၁ သန်းနဲ့ အထက် နေထိုင်နေတဲ့ မြို့ကြီးပေါင်း ၅၀၀ ကျော်ထိ ရှိနေပါပြီ။ လူဦးရေ တိုးတက်နှုန်းကလည်း ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၁၆ အတွင်း သိသာလောက်အောင် မြန်ဆန်ခဲ့ပါတယ်။
မြောက်အမေရိကမှာ ဆိုရင် အမေရိကန်ထဲမှာပဲ နယူးယောက်၊ လော့အိန်ဂျလိစ်၊ ချိကာဂိုနဲ့ တိုရန်တိုလို မြို့ကြီးတွေ ရှိနေပါတယ်။ ဒီမြို့တွေက အစကတည်းက မြို့ကြီးတွေ ဖြစ်ပြီး လူဦးရေတိုးတက်မှု အရမ်း မမြန်ပေမယ့် ဒက်ထရွိုက်၊ ကလီဗလန်၊ ပစ်စဘာ့ဂျ်လိုမြို့တွေကတော့ ပုံမှန်ထက် တိုးတက်မှုနှုန်း ကျဆင်းသွားပါသေးတယ်။ ဒါပေမယ့် အော်စတင်နဲ့ ချာလော့တီလို မြို့ကြီးတွေကတော့ အလျင်အမြန် တိုးတက်လာပြီး လူသန်းချီ နေထိုင်နေပြီ ဖြစ်တဲ့ ဒေသတွေ ဖြစ်လာပါတယ်။
တောင်အမေရိကမှာ ဆိုရင် တခြားနိုင်ငံကြီးတွေထက် ကိုလံဘီယာဟာ တိုးတက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ မြို့ကြီး Bogota ဆိုရင် တောင်အမေရိက တိုက်အတွင်း ဘယ်နိုင်ငံ၊ ဘယ်မြို့မှ လိုက်မမီအောင် လူဦးရေတိုးတက်မှု မြန်ဆန်လာ ပါတယ်။ လူဦးရေ နေထိုင်မှုမှာ လည်း ၂၀၀၀ ကနေ ၂၀၁၆ အတွင်းမှာတင် မြို့နေလူဦးရေ ၃ ဒသမ ၆ သန်း ဖြစ်လာပြီး တနှစ်ကို တိုးတက်နှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ မြို့ကြီးတမြို့ ဖြစ်လာနေတာပါ။
တရုတ်နဲ့ အိန္ဒိယကတော့ လူဦးရေ မြင့်မားမှုနဲ့ အတူ မြို့တွေလည်း အလျင်အမြန် တိုးတက် လာနေတာပါ။ အထူးသဖြင့် တရုတ်ရဲ့ ကမ်းခြေမြို့တွေဟာ အလျင်အမြန် တိုးချဲ့ ကျယ်ပြန့်လာနေပါတယ်။ ၁၆ နှစ်တာ ကာလ စာရင်းတွေ အရ လူဦးရေကလည်း အဆိုပါ ကာလအတွင်းမှာတင် ၂ ဆ တိုးလာပါတယ်။ ယခင်က အမွိုင်မြို့လို့ ထင်ရှားခဲ့တဲ့ ရှာမင်း (Xiamen) မြို့ ဆိုရင် အရင်ထက် ၃ ဆထိ ကျယ်ဝန်းလာပါတယ်။ ရှန်ဟိုင်း တမြို့တည်းပဲလူဦးရေ နည်းနည်းထိန်းထားနိုင်ပြီး ၁၆ နှစ် အတွင်းလူဦးရေ ၁၀ ဒသမ ၅ သန်းလောက်ပဲ ပျမ်းမျှ ရှိနေခဲ့ပါတယ်။
အိန္ဒိယမှာတော့ တောင်ပိုင်းနယ်တွေက တိုးတက်မှု မြန်ဆန်နေပါတယ်။ တောင်ပိုင်းနယ်ဝင် မြို့ကြီး ၁၀ မြို့ထက် မနည်းဟာ ၁၆ နှစ် အတွင်း ၂ ဆလောက် ကျယ်ဝန်းလာသလို မြို့နေ လူဦးရေလည်း တိုးပွားလာပါတယ်။ မြောက်ဘက်မှာ ဆိုရင် ဖွံ့ဖြိုးမှု နည်းနည်းနောက် ကျချင်ပေမယ့် ဒေလီလို မြို့ကြီးမှာ လူဦးရေ ၁၁ သန်းလောက်ထိ နေထိုင်လျက် ရှိပါတယ်။
အာဖရိက မှာတော့ သက္ကရာဇ် ၂၁၀၀ မှာ ကမ္ဘာ့အကြီးဆုံး မြို့ကြီး စာရင်းဝင်မယ်လို့ ထင်ကြေးပေးခံရတဲ့၊ တိုးတက် ကြီးမားလာနေတဲ့ မြို့တွေ အများအပြား ရှိနေပါတယ်။ ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၁၆ ခုနှစ် အတွင်းမှာတင် နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂိုမြို့ဟာ လူဦးရေ ၂ ဆနီးပါး တိုးလာပြီး အခုဆိုရင် မြို့နေ လူဦးရေ ၁၄ သန်းလောက် ရှိပါတယ်။ ၂၁၀၀ ပြည့်နှစ်မှာဆိုရင် လူဦးရေ ၈၈.၃သန်းလောက် နေထိုင်နေမယ့် မြို့လို့တောင် ခန့်မှန်းခံထားရပါတယ်။
တန်ဇန်းနီးယားနိုင်ငံ ဒါအစ် ဆာလမ် (Dar esSalamm) နဲ့ ကင်ရှာဆာ (Kinshasa) လို မြို့တွေဟာလည်း ၂၁၀၀ ခုနှစ်မှာ လူဦးရေ အများဆုံး နေထိုင်နေမယ့် မြို့ကြီးစာရင်းမှာ ထိပ်ဆုံး အဆင့် ၃ အတွင်းတောင် ဝင်နိုင်လောက်အောင် လူဦးရေတိုးလာမယ်လို့ ခန့်မှန်းခံထားရပါတယ်။
Ref: www.businessinsider.com