ဒီတခါမှာတော့ IMDB rating (8.3) ရရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း “Drishyam” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Nishikant Kamat ရိုက်ကူးထားပြီး မင်းသား Ajay Devgn ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ကြည့်ရှုသူကို ရင်တထိတ်ထိတ် ဖြစ်စေပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ ပညာအရည်အချင်း ၄ တန်းသာအောင်တဲ့ ရိုးသားကြိုးစားတဲ့ ဗီဂျေးဟာ ကေဘယ် တီဗွီလိုင်း လုပ်ငန်းလုပ်ကိုင်ပြီး မိန်းမနဲ့ သမီးနှစ်ယောက်နဲ့ အတူ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတာပါ။ ဗီဂျေးဟာ သူ့ဘဝအတွက် အသိပညာတွေကို ရုပ်ရှင်တွေက တဆင့် လေ့လာရှာဖွေတတ်သူ ဖြစ်ပါတယ်။
တနေ့မှာတော့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုး တခုဟာ သူတို့ရဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ မိသားစု အပေါ် ကျရောက်လို့ လာပါတော့တယ်။ ဗီဂျေး အိမ်မှာ မရှိတုန်း လူတယောက်က သူ့မိန်းမနဲ့ သမီးဖြစ်သူကို မဖွယ်မရာ ဗီဒီယိုဖိုင် (သမီးဖြစ်သူကို ခိုးရိုက်ထားတဲ့ ဗီဒီယို) တခုပြပြီး အကြပ်ကိုင်တာကို ပြန်လည် ခုခံရာကတဆင့် လက်လွန်သွားပြီး လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။
သတ်မိသွားတဲ့သူကလည်း အာဏာရှိတဲ့ ရဲအရာရှိချုပ် လင်မယားရဲ့ တဦးတည်းသောသား ဖြစ်တာကြောင့် ဒီအမှုမှာ ဗီဂျေး ရင်ဆိုင်ရမယ့်သူက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဒီအမှုကို ကိုင်တွယ်မယ့် ရဲချုပ်အဖြစ် မင်းသမီး Tabu က သရုပ်ဆောင်ထားပြီး သေဆုံးသူဟာ သူ့သားလည်း ဖြစ်တာကြောင့် သားဇောကပ်နေတဲ့ ရဲချုပ်မကြီးနဲ့ ပညာ အရည်အချင်း ၄ တန်းသာ အောင်တဲ့ ဗီဂျေးတို့ရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။
ရုပ်ရှင်ဇာတ်ကားတွေကို နေ့ည မပြတ် ကြည့်ရှုတတ်တဲ့ ဗီဂျေးဟာ ရုပ်ရှင်တွေဆီက ရတဲ့ အသိပညာ ဗဟုသုတနဲ့ ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ ဥပဒေရဲ့ ပြင်ပကနေ ဘယ်လိုမျိုး အစွမ်းကုန် ကာကွယ်သွားမလဲဆိုတာကို ဒီဇာတ်ကားမှာ ရင်တထိတ်ထိတ် အသည်းတယားယားနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရှုသူရဲ့ အသိဉာဏ်ကို ဇဝေဇဝါ ဖြစ်စေတဲ့ ဒီဇာတ်ကားဟာ ဘောလိဝုဒ်ကားတွေရဲ့ ထုံးစံဖြစ်တဲ့ ကတာ ခုန်တာ တွေတောင် မပါတဲ့အတွက် အိန္ဒိယဇာတ်ကားတွေ ကြည့်ရင် ကတာ မကြည့်ချင်သူတွေအတွက်တော့ ဒီဇာတ်လမ်းက အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်း အစတည်းက တက်လာတဲ့ဇာတ်ရှိန်ဟာ ဇာတ်လမ်းအပြီးထိ ကျ မသွားတာကြောင့် ရုပ်ရှင် ဇာတ်ကား ကောင်းကိုမှ ကြည့်ရှုချင်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။