ကချင်ပြည်နယ်ကို တကြိမ်တခါမှ မရောက်ဖူးသေးတဲ့ စာဖတ်ပရိသတ်အတွက် ကချင်ပြည်နယ်ကို ရောက်ခဲ့မယ်ဆိုရင် အဲဒီဒေသက ထမင်းထုတ်၊ ဟင်းထုတ်ကို မဖြစ်မနေ မြည်းစမ်းသင့်တယ်လို့ ညွှန်းပေးချင်ပါတယ်။
အဲဒီဆိုင်က ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ထဲမှာ တည်ရှိတာပါ။ ဆိုင်အပြင်အဆင်က တခြားမြို့တွေက တခါပြင် ထောင့်ငါးရာ ဝန်းကျင်ရောင်းတဲ့ ထမင်းဆိုင်တွေလို ခပ်ရိုးရိုးပါပဲ ။ ကွန်ကရစ် ခင်းထားတဲ့ ခြံကျယ်ကျယ်ထဲမှာ ခြေတံရှည် သစ်သားစားပွဲနဲ့ ပလတ်စတစ်ထိုင်ခုံတွေကို စီစီရီရီ ခင်းထားတာ တွေ့ရပါတယ်။
ဆိုင်အဝင်အဝမှာ သစ်သားစားပွဲ ၃ ခုလောက်ကို တဆက်တည်း ခင်းထားပြီး အဲဒီ စားပွဲပေါ်မှာ တင်ထားတာက စာရေးသူတို့ မြင်နေတွေ့နေကျ ဆီပြန်ဟင်းတွေကို ခွက်ကြီး၊ ခွက်ငယ် နဲ့ ထည့်ပြီးပြင်ဆင်ထားတာမျိုးတော့ မဟုတ်ပါဘူး။
၁၀ ချပ်ကျော်ရှိတဲ့ စတီးဗန်းတွေပေါ်မှာ စနစ်တကျ ထုတ်ပိုးထားတဲ့ ဖက်ထုတ်တွေ စီစီရီရီ တင်ထားပါတယ်။
အဲဒီ ဖက်ထုတ်တွေပေါ်မှာ ကြက်သား ၊ ဝက်သား ၊ အမဲသား စတဲ့ ဟင်းအမျိုးအမည်တွေ ရေးထားတဲ့ စာရွက်ကို တင်ထားပြီး ဗန်းတွေရဲ့ ဘေးကပ်လျက်မှာတော့ “ကချင်ဒံပေါက်” လို့ စာတန်းထိုးထားတဲ့ ရေခဲပုံးကို မြင်တွေ့ရပါတယ်။
ဒီလိုဆိုင် အပြင်အဆင်မျိုးက ကချင်ပြည်နယ်ကို တခါမှ မရောက်ဖူးတဲ့ စာရေးသူ အတွက်တော့ အထူးအဆန်းပါပဲ။
စာရေးသူအနေနဲ့ ဟင်းထုတ် ၄ မျိုးလောက်နဲ့ ကချင်ဒံပေါက် ထုတ်တထုတ်ကို မှာပြီး ဆိုင်အတွင်း နေရာယူလိုက်ပါတယ်။ အရည်သောက်အတွက် ဆိုင်က ကချင်မလေးက ဂေါ်ဖီ ဟင်းချို ထည့်ထားတဲ့ ကြွေပန်းကန်လုံး လာချပေးပါတယ် တခြား စားစရာတွေ အားလုံးအောက်မှာ ဖက်နဲ့ ခင်းထားတာဖြစ်ပြီး ဒီအရည်သောက် ပန်းကန်ကပဲ ကြွေကို အသုံးပြုထားတာပါ။
စာရေးသူကတော့ “အမဲ ခြေထောက်ဟင်း၊ ကြက်အသည်းအမြစ်၊ ဝက်သားဟင်း ၊ ကြက်သားဟင်း ၊ ငါးခေါင်းဟင်း၊ စာရေးသူတို့အခေါ် ငါးလေးအိုးကပ်ဟင်း (ကချင်အခေါ် ငါးအုံး) ၊ အရွက်စုံကြော် (ကချင်အခေါ် ဆီပါ) နဲ့ ကချင်ဒံပေါက်” တို့ မှာစားခဲ့ပါတယ် ။
မှာယူထားတဲ့ ဟင်းတွေ အကုန်လုံးက အိုးထဲက ချကာစ ဟင်းပူပူနွေးနွေးကို ဖက်နဲ့ထုတ်တာဖြစ်ပြီး အခုလို ဖက်နဲ့ ထုတ်ထားတာက ထမင်း ၊ ဟင်းကို သဘာဝအတိုင်း ပူနွေးနေအောင် ထိန်းထားပေးတာဖြစ်ပါတယ်။ အဲလို အပူရှိန်ကြောင့် ဟင်းတိုင်းမှာ ဖက်နံ့ သင်းသင်းလေး မွှေးနေမှာပါ။ အားလုံးက ကချင်ရိုးရာ အတိုင်း ချက်ထားတဲ့ ဟင်းတွေ ဖြစ်ပါတယ်။
ဟင်းအများစုမှာ ဆီ လုံးဝ မတွေ့ရဘဲ တချို့ ဟင်းတွေမှာ ဆီ အနည်းငယ်ဆိုရုံမျှ ထည့်ထားပါတယ်။ “ဟင်းအားလုံး တူတာက အချိုမှုန့် လုံးဝ မသုံးထားဘူး” လို့ ဆိုင်ရှင်က ရှင်းပြပါတယ်။
စာရေးသူတို့ မိရိုးဖလာ ချက်ပြုတ်နေကျ “ကြက်သွန်ဆီသတ် ၊ နနွင်းခတ်” တဲ့ ဟင်းတွေနဲ့ အရသာ လုံးဝ မတူပါဘူး ။ ကချင်ဒေသထွက် မျှစ်အစို၊ နုတ်နုတ်ဆင်းထားတဲ့ မျှစ်ခြောက် ၊ ဖက်ဖယ် ၊ ပင်စိမ်း ၊ ရှမ်းနံနံ အပြင် ကချင်ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ကချင်ဒေသထွက် အရွက် ၊ သစ်ဥ သစ်ဖုတွေနဲ့ပဲ ဟင်း ညှီနံ့ပျောက်အောင်ချက်ထားတာပါ။
ကချင်ဟင်း ချက်တဲ့အခါ အဲဒီ ဒေသမှာပဲ ထွက်တဲ့ ဟင်းခတ် အမွှေးအကြိုင် အရွက်၊သစ်ဥသစ်ဖုတွေကို အဓိက ထည့်ချက်ကြပါတယ်။ အဲဒီထဲက တချို့အရာတွေက လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးဟင်းထဲ ထည့်ချက်မှ အနံ့ အရသာကို ပေါ်လွင်စေတာပါ။
ကဲ ဒီလိုဆိုရင်တော့ ကချင်ပြည်နယ် ရောက်ရင် ကချင်ဒေသစာ ဖက်နဲ့ ထုတ်ထားတဲ့ ထမင်း၊ ဟင်းကို မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ထမင်းထုတ် ၊ဟင်းထုတ်ဆိုင်တွေက မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ထဲမှာ အများဆုံး ရှိပါတယ်။ နောက်ထပ် စာရေးသူ စားဖြစ်ခဲ့တဲ့ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ထဲက ဆိုင်လည်း အတော် စားကောင်း ပါတယ်။
ဆိုင်ကြီးကြီးမှာ စားချင်ရင်တော့ စီတာပူ ရပ်ကွက်ထဲက “ဂျိန်းဖောမြေ” ဆိုတဲ့ စားသောက်ဆိုင်မှာလည်း ရနိုင်ပါတယ်။ စာရေးသူ သိသလောက် မျှဝေတာဖြစ်ပြီး မြစ်ကြီးနားမှာ ဒီလို အရသာကောင်းတဲ့ ကချင်ရိုးရာ အစားအစာဆိုင်တွေ အများကြီး ရှိပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – ဈေးသက်သာတဲ့ ကချင်စာ အစစ်နဲ့ အဆာပြေ ကိုရီးယား အစားအစာတွေ ရတဲ့ နေပြည်တော်က “ရွှေမိတ်”