ပြည်တွင်းမှာ အသုံးအများဆုံး လူမှုကွန်ရက်စနစ်၊ ကမ္ဘာမှာလည်းလူသုံးအများဆုံး လူမှုကွန်ရက်လို့ ဆိုနိုင်တဲ့ ဖေ့စ်ဘုတ် တည်ထောင်သူအသက် ၃၃ နှစ်ပဲရှိသေးတဲ့ လက်ရှိ ဖေ့စ်ဘုတ် ရဲ့ CEO ဖြစ်သူ မာ့ခ်ဇူကာဘတ် (Mark Zuckerberg) ဟာ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရအမေရိကန် ဒေါ်လာဘီလီယံ ၇၀ လောက်ထိ ချမ်းသာတယ် လို့ ဆိုပါတယ်။ ဒါတောင် ပြီးခဲ့တဲ့ ရက်က ပြဿနာတခုကြောင့် ပိုင်ဆိုင်မှု ၅ ဘီလီယံလောက် လျော့သွားတာ ဖြစ်ပေမယ့် အခုချိန်အထိ ကမ္ဘာမှာ ၆ ဦးမြောက် အချမ်းသာဆုံးသူအဖြစ် ရပ်တည်နေဆဲပါ။
အခုပြောမှာက ဖေ့စ်ဘုတ် အကြောင်းထက် ဇူကာဘတ်အကြောင်း ပြောပြမှာပါ။ ဒီလို ကမ္ဘာမှာ ၆ ဦးမြောက် အချမ်းသာ ဆုံး သူက ဘယ်လို နေထိုင်သွားလာ တတ်တဲ့ အကျင့် ရှိပါသလဲ။ အတုယူစရာ ကောင်းတဲ့ အချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။
၂၀၁၂ ခုနှစ် မေလ။ အဲဒီအချိန်မှာ ဖေ့စ်ဘုတ်ကို တည်ထောင်လုပ်ကိုင်နေတာ ၈ နှစ် သက်တမ်း ရှိနေပြီ။ ကုမ္ပဏီက အမေရိကန်ရဲ့ အကြီးဆုံး စတော့ဈေးကွက် နယူးယောက် စတော့အိတ်ချိန်းမှာ စာရင်းဝင်လာ သလို အဆိုပါ အချိန်က ဖေ့စ်ဘုတ်ရဲ့ ရှယ်ယာတန်ဖိုးဟာ နည်းပညာ ကုမ္ပဏီတွေထဲမှာ ဈေးအမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။
IPO ရဲ့ ဖော်ပြချက် အရတော့ အဆိုပါ ၂၀၁၂ ခုနှစ် နောက်ပိုင်းကနေ စတင်ပြီး ဇူကာဘတ်ဟာ တနှစ်ကို သူ့ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၉ ဘီလီယံလောက် နှစ်စဉ် တိုးတက် ချမ်းသာလာတယ် လို့ ဆိုပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဟားဗတ်ကျောင်းထွက် ဇူကာဘတ်ကတော့ အခုဆိုရင် ဇနီးသည် Priscilla Chan နဲ့ သမီးနှစ်ယောက် ဖခင် ချမ်းသာသူသန်းကြွယ်တဦး ဖြစ်နေပါပြီ။
သိရသလောက် ဇူကာဘတ်က ဆင်တူဝက်စုံ၊ ယူနီဖောင်းပုံစံ ဝတ်ရတာ သဘောကျတယ် လို့ ဆိုပါတယ်။ ဝန်ထမ်း မဟုတ်ဘဲ ပိုင်ရှင် ဖြစ်နေလေေတော့ ပုံစံတူ ဝတ်ဆင်မှုကို သူ့စိတ်ကြိုက် ရွေးချယ် ဝတ်ဆင်တတ်ပြီး သူ ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစား ကတော့ တီရှပ်ခေါင်းစွပ်လေးနဲ့ ဂျင်းဘောင်းဘီကို စွဲစွဲမြဲမြဲ ဝတ်ဆင်လေ့ရှိတယ် လို့ ဆိုပါတယ်။
ဇူကာဘတ်ရဲ့ အဝတ်အစားတွေကို အဆင့်မြင့် အထည်ချုပ်တွေ ကနေ ချုပ်လုပ်ပေးထားတာ ဖြစ်ပြီး အမြင်ဆန်းပေမယ့် ဒေါ်လာရာချီ ပေးရတတ်သလို ထောင်ဂဏန်းလောက်ထိ ဈေးရှိတဲ့ အဝတ်အစားတွေလို့ သိရပါတယ်။
ကားစီးနင်းမှုမှာတော့ ဇူကာဘတ်ဟာ Acura TSX လို ဇိမ်ခံတန်းဝင် မော်ဒယ်၊ Volkswagen ကနေ ထုတ်လုပ်ပေးထားတဲ့ အိမ်သုံး Hatchback မော်ဒယ်တွေနဲ့ Honda Fit လိုမော်ဒယ်တွေကိုပဲ စီးနင်းလေ့ရှိတယ် လို့ သိရပါတယ်။ ဘယ် မော်ဒယ်ပဲ ဖြစ်ဖြစ် အားလုံးက ဒေါ်လာ ၃ သောင်း မကျော်ဘူးလို့ ဆိုပါတယ်။
နေအိမ်ကတော့ ၂၀၁၁ ခုနှစ် မေလ အတွင်းက ဝယ်ထားတဲ့ စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ စိတ်ကြိုက် ဆောက်ထားတဲ့ အိမ်ဖြစ်ပြီး မှတ်ဉာဏ်တုစနစ်တွေ တပ်ဆင်ထားတယ် လို့ သိရပြီး Palo Alto မှာ ရှိတဲ့ ဇူကာဘတ်ရဲ့ အိမ်က တန်ဖိုးဒေါ်လာ ၇ သန်းလောက် ရှိပါတယ်။
ဒါပေမယ့် နောက်ဆက်တွဲ သတင်းတွေ အရတော့ အိမ်အတွက် နောက်ထပ် နည်းပညာပိုင်းရော လိုချင်သလို ပြန်လည် ပြင်ဆင်မှုတွေ အတွက် အိမ်ဝယ်ပြီး ၁ နှစ် အတွင်းမှာ နောက်ထပ် သန်း ၃၀ ဖိုးနီးပါး ထပ်တိုး ပြင်ဆင်လိုက်တယ် လို့ ဆိုပါတယ်။
ပြီးတော့ သီးသန့်အိမ် မဟုတ်ဘဲ မြို့ထဲ ရပ်ကွက်မှာလည်း အိမ်ရှိပါသေးတယ်။ ဆန်ဖရန်ဆစ္စကိုက မစ်ရှယ်နယ်မှာပါ။ စတုရန်းပေ ၅၅၀၀ ကျယ်ဝန်းတဲ့ ခြံနဲ့ အိမ်ကို ၂၀၁၃ ခုနှစ် အတွင်းက ထပ်ဝယ်ခဲ့တာ ဖြစ်ပြီး ဘယ်လောက်နဲ့ ဝယ်ခဲ့တယ် ဆိုတာ သေချာမသိရ ပေမယ့် သစ်ပင်စိုက်တာတွေ၊ မီးဖိုခန်း ပြင်တာတွေ အတွက်တင် ဒေါ်လာ ၁ သန်းလောက် သုံးလိုက် သေးတယ် ဆိုတော့ တန်ဖိုးကြီး အိမ်တလုံးပဲ ဖြစ်မှာ ပါပဲ။
၂၀၁၄ ခုနှစ် အတွင်းမှာတော့ သူဌေးတွေရဲ့ ထုံးစံအတိုင်း ပင်လယ်ကမ်းခြေကို ခြေချလာပါပြီ။ ပစိဖိတ် သမုဒ္ဓရာထဲက Kauai ကျွန်းမှာ မြေတွေ ဝယ်လိုက်တာပါ။ အရင် ကြံစိုက်တဲ့ ၃၅၇ ဧကကို ဝယ်ပြီး မျက်စိတဆုံး သူ့ စိတ်ကြိုက် အပင်တွေ ပြန်စိုက်တယ်၊ ပြီးတော့ ကျွန်းပေါ်က Pila ကမ်းခြေနားမှာ မြေ ၃၉၃ ဧက ထပ်ဝယ်ပြီးကမ်းခြေမှာ နေစရာဖန်တီးခဲ့တာပါ။ ဒီအတွက် ဒေါ်လာသန်း ၁၀၀ လောက် ပေးချေခဲ့ရတယ်လို့ သိရပါတယ်။သူကတော့ အခုမြေတွေကိုဇနီးသည် Chan ရဲ့ ဆန္ဒကြောင့် ဝယ်ခဲ့တာလို့ ဆိုပြီး သဘာဝရဲ့ အရသာတွေကို ခံစားဖို့လို့ ဆိုပါတယ်။
သိရသလောက် ဇူကာဘတ်ဟာ အပန်းဖြေခရီးထွက်လေ့ မရှိပါဘူး။ ဒါပေမယ့် အလုပ်နဲ့တော့ ခရီးအမြဲသွားဖြစ်သူ ဇူကာဘတ်က ၂၀၁၅ ခုနှစ် စာရင်းတွေ အရ တနှစ်ကို ခရီးစရိတ် ဒေါ်လာ ၅ သန်းလောက် သုံးဖြစ်နေသူပါ။ အရင်နှစ် ၂၀၁၇ အတွင်းမှာတော့ အမေရိကန်က ပြည်နယ်တိုင်းကို ရောက်ဖူးချင်တယ် ဆိုတဲ့ သူ့စိတ်နဲ့ အမေရိကန် တဝှမ်းလုံး ခရီးသွားခဲ့တာတော့ တွေ့ရပါတယ်။
ဇူကာဘတ်ဟာ သူဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ် ဆိုတာနဲ့ သူ့ ဆန္ဒတွေကို ဖေ့စ်ဘုတ်မှာ Post တင်တတ်သူ လည်း ဖြစ်ပါတယ်။ Post တွေ အပါအဝင် သိရသလောက် လူသိများအောင် ပေးလှူခြင်း မဟုတ်ပေမယ့် သူရသမျှ ငွေတွေမှာ အသုံးစရိတ်ထက် အလှူငွေ ထည့်ဝင်ပေးအပ်မှုတွေက ပိုများတာ တွေ့ရပါတယ်။
Warren Buffet ၊ Microsoft သူဌေးကြီး Bill Gates တို့နဲ့ အတူ Giving Pledge မှာ အဖွဲ့ဝင် အဖြစ် ပါရှိထားပါတယ်။ ဒီအဖွဲ့မှာ သူတို့တင် မဟုတ်ဘဲ အခြားဘီလီယံနာ ၁၀၀ ကျော် အဖွဲ့ဝင်ထားပါတယ်။ ဒီအဖွဲ့က လူ့ဘောင် အဖွဲ့အစည်း အတွက် လိုအပ်တဲ့ ပရဟိတ အလုပ်တွေ လုပ်နေတာပါ။ လူကိုယ်တိုင်ရော ငွေကြေးပါ လှူဒါန်းနေတာ တွေ့ရပါတယ်။ သိရသလောက် လှူဖို့လား မသိပေမယ့် ဇူကာဘတ်ဟာ ဖေ့စ်ဘုတ်က သူ့ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကိုတောင် နောက်ပိုင်းမှာ ရောင်းချသွားဖို့ ရှိတယ် လို့ ဆိုပါတယ်။
အခုထိတော့ ဖေ့စ်ဘုတ်ရဲ့ အနာဂတ် ခုလုံးကို ဇူကာဘတ်က ချုပ်ကိုင်ထားပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိနေပါတယ်။ ၂၀၁၆ ဧပြီကနေ ၂၀၁၇ စက်တင်ဘာလ အထိ ဖေ့စ်ဘုတ်ရဲ့ ရှယ်ယာတွေ ၅၀ ရာခိုင်နှုန်းလောက်ထိ ဈေးတက်ခဲ့တာပါ။ ဒီလို ဈေးတက်နေတာတောင် ဇူကာဘတ်က ရှယ်ယာတွေကို တဖြည်းဖြည်း ရောင်းထုတ်ပြီးငွေကြေး ကူညီမှု ရံပုံငွေအဖွဲ့ The Chan Zuckerberg Initiative ကို တည်ထောင်ချင်တယ် လို့ ဆိုထားသူပါ။
၂၀၁၇ စက်တင်ဘာတုန်းက သူ့ အနေနဲ့ အခုအချိန်ကနေနောက် ၁၈ လအတွင်း ဖေ့စ်ဘုတ်ရဲ့ ရှယ်ယာ ၃၅ သန်းကနေ ၇၅ သန်းလောက်ထိ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆ ဘီလီယံကနေ ၁၂ ဘီလီယံဖိုး နီးပါးရှိပါမယ်။
ဒီလို ရောင်းရငွေတွေထဲက တချို့ကို သူပြောထားတဲ့ The Chan Zuckerberg Initiative မှာ အသုံးပြုမယ်။ ဒီရံပုံငွေ အဖွဲ့က ပညာရေး၊ ရောဂါကုသရေး၊ လူမှုဆက်ဆံရေးနဲ့ လူမှုဘ၀ သာယာရေးတွေ အတွက် လိုအပ်တာတွေ ကူညီမှုတွေ ပေးသွားမှာလို့ ဆိုပါတယ်။
သူတို့ ရံပုံငွေ အဖွဲ့က အမေရိကန်ပြည်တွင်းရော တကမ္ဘာလုံးကိုပါ ကူညီမှုတွေ ပေးမှာပါတဲ့။ ၂၀၁၆ ခုနှစ် ၁ နှစ် အတွင်း စာရင်းတွေ အရ ဇူကာဘတ်နဲ့ သူ့ဇနီးတို့ဟာ ကမ္ဘာ့ရောဂါထိန်းချုပ်ရေး အတွက် အခုရာစုနှစ် အတွက်တင် ဒေါ်လာ ၃ ဘီလီယံလောက် စိုက်ထုတ်ပေးခဲ့တယ် လို့ သိရပါတယ်။
၂၀၁၇ အတွင်းမှာလည်း သူတို့ဟာ မိတ်ဖက် ကုမ္ပဏီLanded နဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ အရှေ့ပါလိုအယ်တိုက Redwood City မှာကျောင်းဆရာ၊ ဆရာမ ၆၀ နီးပါးကို အိမ်ရာတွေ ဝယ်နိုင်ဖို့ ဒေါ်လာ ၅ သန်း ကူညီပေးထားတာလည်း တွေ့ရပါတယ်။ ။
Ref: www.businessinsider.com