သရုပ်ဆောင် မိုးဟေကိုနဲ့ သရုပ်ဆောင်ဖွေးဖွေး တို့နှစ်ဦးက ဒါရိုက်တာဝိုင်းရိုက်ကူးမယ့် “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို မေလထဲမှာ ရိုက်ကူးရန်စီစဉ်ထားပေမယ့် သရုပ်ဆောင် မိုးဟေကိုရဲ့ မိခင်၏ကျန်းမာရေးအခြေအနေကြောင့် နှစ်ကုန်ပိုင်းကို ရွေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သတ်လို့ တူတူတွဲဖက်ပြီး သရုပ်ဆောင်မယ့် ဖွေးဖွေးက “အခုကတော့ ရာသီဥတုက အရမ်းပူတာရယ် နောက်ပြီးတော့ အခုရိုက်မယ့်ရုပ်ရှင်က မမိုးဟေကိုနဲ့ ရိုက်မှာ၊ မမိုးဟေကိုရဲ့ အမေေ နမကောင်းတာရယ်ကြောင့် ရိုက်ကူးမယ့် ရက်ရွေ့ထားရတယ်။အဲဒီကားကိုတော့ ဒါရိုက်တာဝိုင်း ရိုက်ထားပြီးတော့ မမိုးဟေကိုနဲ့ အပြိုင်ဇာတ်ပါ။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ထားတာတွေ နားထားတယ်” လို့ ဧရာဝတီကိုပြောပါတယ်။
အဆိုပါ ဇာတ်ကားရိုက်ကူးမယ့်ရွေ့ဆိုင်းရခြင်းနဲ့ပတ်သက်ပြီး ဖွေးဖွေးက သူမရဲ့ Facebook ပေါ်မှာလည်း ရေးသား ထားပါသေးတယ်။
“မေလထဲမှာ မမီးမီးရွှေခြူး စီစဉ်ပြီး ဒါရိုက်တာ ကိုဝိုင်းရိုက်ကူးမယ့် “ပပဝတီစီရင်ခန်း” ရုပ်ရှင်အား ချစ်တဲ့ အမ မိုးဟေကိုရဲ့ မိခင်ကျန်းမာရေးကြောင့် နှစ်ကုန်ပိုင်းသို့ ရွေ့ဆိုင်းထားပါကြောင်း မမိုးဟေကို မိခင်အမြန် ပြန်ကျန်းမာ လာပါစေကြောင်း ၊မမိုးလည်း စိတ်သောကကင်းစွာ အနုပညာအလုပ်များတူတူ ဆက်လုပ်နိုင်ပါစေကြောင်း” ဆိုပြီး ဆုတောင်းပေးထားပါတယ်။
သရုပ်ဆောင်မိုးဟေကိုကတော့ သူမရဲ့ အနုပညာအလုပ်များ၊ စီးပွားရေးလုပ်ငန်းများထက် သူမ မိဘများရဲ့ ကျန်းမာရေးကို ပိုမိုအလေးထားတဲ့ မင်းသမီးတယောက်လည်းဖြစ်ပါတယ်။ မိုးဟေကိုက သရုပ်ဆောင်အလုပ်ကို စိတ်ကြိုက်ဖြစ်မယ့် ဇာတ်ကားများကို ရွေးချယ်ရိုက်ကူးဖြစ်တာကြောင့် ကားရိုက်ကြဲနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။