လတ်စ်ဗေးဂတ်စ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Sony ကုမ္ပဏီရဲ့ CinemaCon ပြပွဲမှာ Sony Motion Pictures ဥက္ကဌ Tom Rothman က ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ရုံဝင်ငွေ မြောက်များစွာ ရရှိခဲ့တဲ့ “Jumanji” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို လာမယ့်နှစ် ခရစ်စမတ်ရာသီကာလမှ စတင်ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြေကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ ရုံတင်မယ့် “Star Wars: Episode IX” ရဲ့ ရုံတင်ရက်နဲ့ မတူအောင် သတ်မှတ်ထားတယ်လို့ ဥက္ကဌ Rothman က အသိပေးပြောကြားခဲ့ပါတယ်။
မင်းသား Dwayne Johnson နဲ့ Kevin Hart တို့ ဦးဆောင်ထားတဲ့ “Jumanji: Welcome to the Jungle” ရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံတွင်းမှာ ဒေါ်လာ သန်း ၄၀၀ နဲ့ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၁ ဘီလီယံဝင်ငွေရရှိခဲ့ပါတယ်။ စတင်ပြသတဲ့အချိန်မှာ “Star Wars: The Last Jedi” ရုပ်ရှင်နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ရုံဝင်ငွေစာရင်းရဲ့ ဒုတိယနေရာမှသာ ရပ်တည်ခဲ့ရပြီး ရုံတင်ပြီး ပဉ္စမ သီတင်းပတ်ရောက်မှသာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် နံပါတ် ၁ နေရာမှာ သီတင်း ၃ ပတ်ဆက်တိုက်ရပ်တည်ခဲ့ပါတယ်။ “Maze Runner: The Death Cure” ရုပ်ရှင်ဒုတိယနေရာကို ပြန်ရောက်သွားချိန်မှာတော့ “Jumanji” ဟာ စတုတ္ထမြောက်သီတင်းပတ်မှာ ပထမနေရာကို ပြန်ရောက်ခဲ့ ပါတယ်။
“Jumanji” ရုပ်ရှင်ဟာ အထူးသဖြင့် နိုင်ငံတကာမှာ နာမည်ကျော်ကြားခဲ့ပါတယ်။ နိုင်ငံတကာကနေ ရရှိတဲ့ ရုံဝင်ငွေ ဒေါ်လာ ၅၅၂ သန်းမှာ တရုတ်နိုင်ငံတခုတည်းကနေ ဒေါ်လာ ၇၇ သန်းရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စွန့်စားခန်း ရုပ်ရှင်မှာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Johnson ၊ Hart ၊ Jack Black နဲ့ Karen Gillan တို့ဟာ ဗီဒီယိုဂိမ်း ဇာတ်ကောင်တွေအဖြစ် ပါဝင်ခဲ့ပြီး ဂိမ်းထဲကို ထူးဆန်းဖွယ် ဆွဲသွင်းခံခဲ့ရတဲ့ အထက်တန်းကျောင်းသားတွေ နေရာကနေ ပါဝင်ခဲ့တာလည်း ဖြစ်ပါ တယ်။ အဲဒီရုပ်ရှင်ကို Chris McKenna က ဇာတ်ညွှန်းရေးသားပေးထားပြီး Jake Kasdan က ရိုက်ကူးပေးထားပါတယ်။ Nick Jonas နဲ့ Bobby Cannavale တို့လည်း သရုပ်ဆောင်ထားပါတယ်။
variety