Lifestyle

ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း - ၁)

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ဟာ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ ခရောင်းလမ်းတွေထဲမှာ လက်ရှိအချိန်အထိ ရုန်းကန် နေကြရဆဲလို့ ဆိုပါတယ်။

သူတို့နှစ်ဦး အတူရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ လတ်တလောမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ “မုဒြာရဲ့ခေါ်သံ” ၊ “ဥပါယ်တံမျဉ်” ဇာတ်ကားတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ၊ မိသားစု ဘဝ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့ကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခနဲ့ ဧရာဝတီ Lifestyle အယ်ဒီတာ သီဟတိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး– ကျနော်ပထမဆုံး မေးချင်တာက ကိုဇဏ်ခီရဲ့နာမည်နဲ့ မရစ္စတီးနားခီ နာမည်တွေရဲ့ နောက်ဆုံးစကားလုံးမှာ Kyi မြန်မာလို ဖတ်ရင်တော့ ကြည်လို့ထွက်တာပေါ့၊ ဒါပေမယ့် အစ်ကိုတို့ နာမည်ပေးထားတဲ့နေရာမှာ ခီလို့သုံးကြတယ်ပေါ့၊ ဒါက မိဘမျိုးနွယ်ရဲ့ နာမည်တခုကို ပေးတာလား ဒါမှမဟုတ်ရင် ကိုယ်လေးစား အားကျရတဲ့ သူတယောက်ရဲ့ နာမည်လား။

ဇဏ်ခီ။ ။ ကျနော့်ရဲ့ မိသားစုနာမည်ပါ။ ကျနော်တို့ ရိုးရာ နာမည်ပါ။ Kyi “ခီ” လို့ ထွက်တယ်ပေါ့၊ ဒီဘက်မှာတော့ ကြည်ဖြစ်နေတယ်။

မေး– ကိုဇဏ်ခီနဲ့ မခီတို့ရဲ့အကြောင်းလေး နည်းနည်းပြောပြပေးပါဦး၊ အနုပညာလောကကို ဘယ်တုန်းတည်းက စပြီးတော့ လုပ်ခဲ့တာလဲ။ ဒီ US မှာကျောင်းတက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တချက်လောက်ပြောပြပေးပါ။

ဇဏ်ခီ။ ။ ကျနော်တို့က High school ပတ်ဝန်းကျင်မှာပဲတွေ့တာပါ၊ US မှာတုန်းက၊ High school တက်နေရင်းနဲ့ ကျနော် က စားသောက်ဆိုင်တခုက ငွေကိုင်လုပ်တယ်ပေါ့၊ အဲအချိန်မှာ တရက်မှာ သူက အလုပ်လာလျှောက်တယ်၊ အလုပ်လာ လျှောက်တော့ waitress လာလျှောက်တာပေါ့၊ အဲမှာ အင်တာဗျူးတော့ ဘယ်ကလဲ ဆိုတော့ မြန်မာကပါ။ အဲအချိန်မှာ သူဌေးက ဒီကောင်လေးကလည်း မြန်မာပြည်ကပေါ့ ဆိုပြီးတော့ ချိတ်ပေးတာ။ ချိတ်ပေးတာက Introduce လုပ်ပေးတာ အဲ့မှစတွေ့တာ။ နောက်ပိုင်းခင်သွားတယ်ပေါ့ အလုပ်ထဲမှာ ခင်သွားတာ၊ သူကလည်း အနုပညာ ကျောင်းသွားမယ်ဆိုတော့ ကျနော်ကလည်း ဂီတဘက်သွားမယ်ဆိုတော့ အဲဒီမှာ ရင်ဘတ်ချင်း ချိတ်မိသွားတယ်။ အဲချိန်မှာ ကျောင်းတွေတက်ကြ ပြီးတော့ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ခဲ့ကြတာ။ ကျောင်းပြီးတော့မှပဲ ကျနော်တို့မြန်မာပြည် ပြန်လာဖို့ ဆုံးဖြတ်လိုက်ကြတာ။

မေး– အစ်မ ပထမဦးဆုံး ရိုက်ဖြစ်ခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” မှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်လို့ ပြောတယ်၊ အဲဒီထဲကမှ ပရိသတ်တွေ မသိသေးတဲ့ အခက်အခဲက ဘယ်လိုမျိုး ရှိဦးမလဲ။
ခရစ္စတီးနားခီ။ ။ အခက်အခဲကတော့ အများကြီးပေါ့၊ အဓိကက ဘတ်ဂျက်ပေါ့။ ဘတ်ဂျက်က အရမ်းနည်းတယ်၊ မြန်မာပြည်မှာက အရမ်းဈေးကြီးတယ်လေ။ ဈေးကြီးတော့ မြို့ ၅ မြို့ကို သွားဖို့ ဆိုတာကျတော့ ခရီးသွားစရိတ်တွေ၊ နေထိုင် စရိတ်တွေက အရမ်းများတာပေါ့ လူအများကြီးနဲ့ သွားရိုက်ရတာဆိုတော့၊ နောက်တခုက ကျမ Acting ကို အဓိက ထားပြီး ရိုက်တယ် ကျမရိုက်တဲ့ ပုံစံကကျတော့၊ Actor ရဲ့ စိတ်ခံစားချက် အစစ်ကို မရမချင်း ထုတ်ပြီးတော့ ရတဲ့အထိ ထုတ်ပြီး ရိုက်တော့ အချိန်က အများကြီးပေးရတယ်။ ဆိုတော့ တနေ့ တစင်း (Scene) ၊တခန်းလောက်ပဲ ရိုက်လို့ပြီးတယ်ပေါ့။

တနေ့ကို တခန်း၊ နှစ်ခန်းဆိုတာ လွန်လွန်ကျွံကျွံ အမြန်ဆုံးပေါ့၊ တချို့နေ့တွေဆိုရင် ၃၊ ၄ ရက်မှ တခန်းလောက်ပဲ ပြီးတာမျိုး တွေလည်းရှိတယ် အရမ်းအရေး ကြီးရင်ကြီးသလို လုပ်တယ်ပေါ့။ သူတို့ရဲ့ Emotion အစစ်ကို ရဖို့အတွက် စောင့်ရတဲ့ အချိန်က ကြာတော့ ရိုက်ကူးရေးကာလက ကြာတယ်။ ဒါပေမယ့် Actor တွေက ကျတော့ ရိုးရိုးရိုက်ကူးရေး လုပ်နေကျ ပုံစံအတိုင်း ပိုက်ဆံက ရတယ်။ ဒီဟာကလည်း ဒါရိုက်တာ တယောက်အနေနဲ့ ဒီဟာကို အမြဲတမ်း Challenge ယူရတာပေါ့။ ကိုယ်က ပိုက်ဆံ ပိုမပေးနိုင်ဘူးလေ။ ပိုက်ဆံပို မပေးနိုင်ပေမယ့် ရက်များများ လိုချင်တာပေါ့။ အဲဒါတွေကတော့ ပိုပြီးတော့ Challenge ဖြစ်တာပေါ့၊ ရိုက်ကူးနေတဲ့ကာလမှာ။

မေး– အရင်တုန်းက ကိုဇဏ်ကိုယ်တိုင်ဆိုတဲ့ သီချင်းတွေမှာလည်း ကိုယ်တိုင်သရုပ်ဆောင်တာ တွေ့ရတယ်၊ မခရစ္စရောပဲ။ အခုနောက်ပိုင်းမှာ မခရစ္စကလည်း ဒါရိုက်တာအနေနဲ့ ရိုက်ချက်တွေကလည်း မတူတော့ဘူး။ ပုံစံကွဲထွက်လာတယ် အဲဒီ အကြောင်းလေးလည်း တချက်လောက် ပြောပြပေးပါဦး။

မေး– ရိုက်ကူးပုံစံ ကွဲထွက်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုပြောတာလဲ အစ်မတော့ နားမလည်ဘူး။ ဒါပေမယ့် ရိုက်တယ် ဆိုတာ ကတော့ သူ့ရဲ့ လိုက်ဖက်တဲ့ Mood နဲ့ အစ်မက ဆန်းသစ်တီထွင်ပြီးတော့ တမူကွဲပြားအောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ် လုံးဝ မရှိဘူး၊ အရင်တုန်းကအတိုင်း အနုပညာကို ဟိုးအရင်တည်းက ခံစားတဲ့အတိုင်း ဒီနေရာမှာ ဒီ Emotion ကို ဒီဘက်ထောင့်ကနေ ပြလို့ရှိရင် အကောင်းဆုံးလို့ သတ်မှတ်ရင် အဲဒီ Emotion နောက်ကို လိုက်တာပဲများတယ်။ အဓိက Story Telling မှာ အစ်မအတွက် အရေးကြီးဆုံးကတော့ ဇာတ်ကောင်တွေပဲ။ ဇာတ်ကောင်တွေကို Music Video ပဲရိုက်ရိုက် ဘာပဲရိုက်ရိုက်၊ လန်ထွက် နေအောင် ရိုက်မယ်ဆိုတဲ့ ပုံစံတော့ မရှိဘူး။

နောက်တခုက Music Video တွေက ၁၀ နှစ်ကျော်ကာလ ရှိသွားပြီ။ အဲဒါက မြန်မာပြည်မှာ ပြောမယ်ဆိုရင် ဟိုတချိန်တုန်းက ပန်းခြံထဲမှာ လူနှစ်ယောက် ပတ်ပြေးနေတဲ့ အချိန်ကာလတည်းက အစ်မ ရိုက်ထားတဲ့ ဗီဒီယိုတွေပေါ့။ အချိန်ကလည်း တော်တော် ကြာသွားပြီ။ အဲဒါနဲ့ ဒါက ၁၀ နှစ်ဆိုတော့ ဒါကတော့ ပုံစံမတူတော့ဘူးပေါ့။ နောက်တခု ဇာတ်လမ်းဇာတ်ကွက် နေရာမှာလည်း ဒါက သူ့ဇာတ်လမ်းနဲ့ လိုက်ဖက်မယ့်ဟာမျိုး၊ ဥပမာ- Mudras Calling ဆိုရင် Travelling ပုံစံနဲ့ ရိုက်တယ်ဆိုရင် Travel ပုံစံမျိုး တခန်းနဲ့တခန်းက ရပ်မနေဘဲ သွားနေတဲ့ပုံစံမျိုးလေး အမက ရိုက်ထားတယ်။ “ဥပါယ်တံမျဉ်” လိုဟာမျိုးကျတော့ အမြဲတမ်း ထောင့်တထောင့်ကနေပြီးတော့ တယောက်ယောက်က စောင့်ကြည့်နေတဲ့ ပုံစံမျိုး ဖြစ်အောင် အမလုပ်ထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက Suspense ဖြစ်နေတဲ့အတွက် သူတို့ Life ကို တယောက်ယောက်က စောင့်ကြည့်နေတဲ့ ပုံစံမျိုး၊ အဲဒီပုံစံနဲ့ပဲ အစ်မရိုက်တယ်ပေါ့။ ဒါကိုကွဲပြားအောင်၊ ငါ ဒီနေရာနဲ့ ဒီနေရာ ကွဲပြားအောင် လုပ်မယ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိဘူး။

မေး– သင်္ကြန်တုန်းက အစ်ကိုက သီချင်းဆိုတယ်၊ အစ်မက ကတာတွေ့လိုက်တယ်၊ သားလေးဆုံးပြီးကတည်းက ဒီသင်္ကြန်ကို ထွက်မလည်ဖြစ်တာ တော်တော်ကြာပြီလို့ကြားတယ်၊ ဆိုတော့ ဒီတခေါက်ထွက်လည်ဖြစ်တဲ့ ခံစားချက်က စိတ်ထဲမှာ ဘယ်လို ဖြစ်လဲ၊ကိုဇဏ်ခီ အရင်ဆုံးပြောပြပေးပါ။

ဇဏ်ခီ။ ။ သင်္ကြန်ကတော့ ကျနော်တို့ Back Memories က ဘယ်တော့မှ မကောင်းတော့ ဘယ်တုန်းကမှ ထွက် မလည် ဖြစ်ဘူး၊ ဒီတခေါက်လည်း တကယ်တမ်းပြောရရင် ခရီးတွေဆက်နေတော့ အိမ်မှာနားမယ်လို့ပဲ စဉ်းစားထားတယ်။ စဉ်းစားထားရင်းနဲ့ တက်ဖို့ဖြစ်လာတယ်ပေါ့၊ တက်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်၊သူတို့ သေသေချာချာ စီစဉ်ထားတယ်။ အဲဒီနေ့က ဆိုဖို့ လည်း အစီအစဉ်မရှိဘူး၊ ကဖို့လည်း အစီအစဉ် မရှိဘူး။ အဲဒီမှာ တောင်းဆိုရင်းနဲ့ အိုကေ ဆိုပြီးတော့ စင်ပေါ်ရောက်သွားတယ်ပေါ့။ ပျော်ပါတယ်၊ တခြားနိုင်ငံက Diplomat (သံတမန်) တွေရှေ့မှာ ကိုယ့်ရိုးရာကို ချပြရတယ်။ သူတို့လည်း Appreciate (အသိအမှတ်ပြု ချီးကျူးမှု) လုပ်လို့ ဝမ်းသာပါတယ်။

မေး– အစ်မလည်း ထူးထူးခြားခြား ခံစားမှုလေး ရှိရင် ပြောပါဦး။

ခရစ္စတီနားခီ။ ။ အစ်မက အမှန်အတိုင်းပြောရရင် သင်္ကြန်တွင်း ပထမဦးဆုံးနေ့ အကြိုနေ့မှာ သားက အစ်မကို ရေလာ ပက်လိုက်တာ၊ ရေလာပက်တော့ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကျတော့ သင်္ကြန် သူ့အစ်ကို ဆုံးတယ်ဆိုတာ သိလည်း မသိဘူး၊ သူလည်း မမြင်ဖူးလိုက်ဘူးဆိုတော့ သူရေလာပက်လိုက်တဲ့ အချိန်မှာတော့ အသိတရားတခု ရလိုက်တယ်။ ငါက ဘယ်လောက်ပဲ ဒီကို မပတ်သတ်ချင်လို့ မေ့ထားပေမယ့်လည်း ကလေးကကျတော့ သူ့ကျောင်းမှာ ရေတွေကလည်း ပတ်ကြတယ်၊ လမ်းမှာပက်ကြတာ မြင်တော့ သူဒီဟာကို လိုချင်တယ်ဆိုတာကို လာပြလိုက်တဲ့အချိန်မှာ သူသောက်နေတဲ့ရေနဲ့ အစ်မကို လာပတ်လိုက်တာဆိုတော့ အဲဒါဆိုရင် ဘာပဲဖြစ်ဖြစ် ခေါ်ထုတ်ရတော့မယ်ပေါ့၊ ဒါပေမယ့် အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဒီပွဲလမ်းသဘင်တွေ သွားတက်ဖို့ ကိုယ်ကလည်း ကိုဇဏ့်ကို အရမ်းငြင်းထားပြီးသား။ ဒါပေမယ့် မြို့တော်ခန်းမကျတော့ လူကြီးလည်းဖြစ်နေတော့ မငြင်းတော့ဘဲနဲ့ သွားတက်တဲ့အချိန်ကျတော့ အမှန်က သူဆေးထိုးလိုက်တာ။ သူက မဆိုချင်ဘူး၊ မဆိုချင်ဘူး အတင်းငြင်းရင်းနဲ့ သူဆိုရင် ကမယ်ဆိုပြီးတော့ အစ်မပါ စင်ပေါ်ရောက် သွားတယ်ပေါ့၊ ရောက်သွားတဲ့အချိန်မှာ အလုပ်တခုကို လုပ်ပြီဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အကောင်းဆုံး လုပ်ချင်တယ်ပေါ့၊ စင်ပေါ်ရောက်တဲ့အချိန်မှာတော့ နိုင်ငံခြားသားကို ကိုယ့်ဗမာအက ကပြရတာဆိုတော့ ပေါ့ပေါ့ပါးပါးတော့ မကချင်ဘူးပေါ့ အဲဒါနဲ့ပဲ လုပ်ဖြစ်သွားတာပါ။

မေး– ဟိုတလောကလည်း “ဥပါယ်တံမျဉ်” ဇာတ်ကား အောင်မြင်ပြီးနောက်ပိုင်းမှာ အတက်ပညာရှင်တွေကို ဂုဏ်ပြုငွေ ပေးတာ တွေ့ရတယ်။ အဲလို မြန်မာရုပ်ရှင်လောကမှာ အတတ်ပညာရှင်၊ အနုပညာရှင်တွေကို တန်ဖိုးထားမှုအပိုင်း အစ်မတို့ရဲ့ အမြင်လေး သိချင်ပါတယ်။

ခရစ္စတီးနား။ ။ တခြားသူတွေရဲ့ သဘောထားတာတွေတော့ အစ်မ သိပ်လည်း မသိဘူး၊ ပြောလည်း မပြောချင်ဘူး။ ဒါပေမယ့် အစ်မ အလုပ်လုပ်တဲ့အချိန်မှာ လေ့လာတယ်၊ သူများရိုက်ကွင်းကိုလည်း သွားခဲ့ဖူးတယ်။ ကိုယ်ကိုယ်တိုင်လည်း ရိုက်ကွင်းတွေ လုပ်တဲ့အချိန်မှာ၊ အစ်မတို့နိုင်ငံမှာ အောက်ခြေလူတန်းစားပေါ့၊ အောက်ခြေလူတန်းစားဆိုတော့ Crew တွေလည်း ပါတယ်၊ အစ်မတို့နောက်မှာ လိုက်တဲ့ Team ကြီးက အကြီးကြီးရှိတယ်။ ဒီလူတွေရဲ့အခက်အခဲကို အစ်မ သိတယ်၊ မြင်တယ်။ အဓိကက တချို့တွေဆိုရင် တဖက်ကမ်းကနေပြီးတော့ မနက် ၄ နာရီလောက်တည်းက ထလာရတဲ့ သူတွေရှိတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ အရမ်းဝေးတယ်။ သူတို့က၊ တကယ်လို့ ရှုတင်က ဖျက်ခနဲ ရပ်သွားပြီ ဆိုရင်တောင် ပြန်စရိတ်တွေ သူတို့မှာ လိုတယ်လေ။ ပိုက်ဆံလေး ၂၀၀ လောက်နဲ့ လာရတဲ့သူတွေလည်း တွေ့ဖူးတယ်၊ မြင်ဖူးတယ်၊ သိပ်ဒုက္ခရောက်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ရဲ့ သွားနေတဲ့ပုံစံကို အစ်မ ၁၀ နှစ်တာ ကာလကို ကြည့်လိုက်တဲ့ အချိန်မှာ မင်းသားတွေ ဈေးတက်သွားတယ်၊ မင်းသမီးတွေ ဈေးတက်သွားတယ်၊ ဒါရိုက်တာတွေ ဈေးတက်သွားတယ်၊ ပရိုဂျူဆာတွေကတော့ ကိုက်လို့ရှိရင် ပိုက်ဆံတွေ အများကြီးရတယ်။

ဒါပေမယ့် ဒီလုပ်အားခက ဒီလောက်ထိ မတက်ဘူး။ မတက်ဘူးဆိုတော့ ခံရဆုံးကတော့ သူတို့ပဲလို့ အစ်မ ကတော့ မြင်တယ်။ နောက်တခုကကျတော့ အစ်မရဲ့အခက်အခဲက ဘာလဲဆိုတော့ သူတို့နဲ့ အလုပ်လုပ်ကြည့်တဲ့အချိန်မှာ လည်း ဒီ motivation လုံးဝ မရှိတော့တာလည်း တွေ့ရတယ် အကုန်လုံးတော့ မဟုတ်ဘူး။ တချို့ကျတော့ ကြိုးကြိုးစားစားကို လုပ်တယ်။ ငွေရေး ကြေးရေးက အဓိက မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုကိုယ် သေသေချာချာ လုပ်တဲ့သူတွေ ရှိတယ်၊ တချို့ကျတော့ အရမ်းပင်ပန်း နေကြပြီ။ ဘာလို့ဆို ရတဲ့ပိုက်ဆံက နည်းပြီးဆိုရင် Duty များများ ယူရတယ်။ Duty ကလည်း များများ ယူရတယ်၊ အဝေးမှာလည်း နေရတယ်ဆိုတော့ အိပ်ချိန်က အရမ်းနည်းနေပြီဆိုတော့ သူမစွမ်းဆောင်နိုင်တော့ဘူး။ အမလို လူမျိုးနဲ့ အလုပ်လုပ်တဲ့ အခါကျတော့ အမက အရမ်းခိုင်းတယ်၊ အရမ်းခိုင်းတော့ သူတို့ကမလုပ်နိုင်တဲ့အခါကျတော့ စိတ်ပျက်ရတယ်ပေါ့၊ စိတ်ပျက်ရတဲ့ အခါမျိုးတွေလည်း ကြုံရတယ် ဒါပေမယ့်လည်း သူတို့ရဲ့ဘဝကိုလည်း နားလည်တယ်၊ နားလည်ပေမယ့်လည်း အလုပ်လုပ်နေတဲ့အချိန်ကျတော့ အလုပ်ကိုသိတယ်။

ဒါကြောင့်မို့ အစ်မက ဒီလိုပဲ တွေးလိုက်တယ်။ တကယ်လို့များ ငါ့မှာ အပိုပိုက်ဆံရှိလာရင် ကိုယ်မှန်းထားတဲ့ ပိုက်ဆံ Amount တခုပြည့်လာရင် ကိုယ်ပိုင် Production ဆိုတော့ ကိုယ့်ပိုက်ဆံလေးအရင်းကြေရင် ပေးချင်ရင် ပေးလို့ရသွားတဲ့ အနေအထား မျိုးလေး ဖြစ်သွားပြီပေါ့၊ အဲလိုအချိန် ရတဲ့အခါကျတော့ အစ်မက ပေးချင်တယ်၊ ပေးချင်တဲ့အခါကျတော့ အစ်မတို့ ပါတနာက လည်း ဒီလိုသဘောတူတယ်ပေါ့၊ ဒီလိုပေးခြင်းအားဖြင့် ကြိုးစားရင် ရနိုင်တယ်၊ နောက်တခုက အစ်မက ပထမ Project နဲ့ လုပ်လို့ အဆင်ပြေရင် နောက် Project ကိုခေါ်လေ့ရှိတယ်။ မကြိုက်လို့ရှိရင် ဒီလူကို ခေါ်မလာပါနဲ့တော့လို့ ပြောလေ့ရှိတယ် ဒါဟာက Motivation တခုပဲ။

သူတို့နဲ့ အလုပ်လုပ်လို့ရှိရင် ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်၊ ကောင်းကောင်းမွန်မွန် ပိုက်ဆံရမယ်၊ ကောင်းကောင်း မွန်မွန် စားသောက်ရမယ်၊ အစ်မတို့ဆီမှာဆိုရင် ကော်ဖီချိန်ဆိုကော်ဖီချိန်၊ မုန့်စားချိန် ဆိုမုန့်စားချိန်။ အစ်မ လုပ်ရတဲ့ ဘတ်ဂျက်က တအားနည်းတယ်။ ဒါပေမယ့် ရအောင်လုပ်တယ်၊ ပထမဦးဆုံး အစ်မရဲ့ ဗီဒီယို ပရောဂျက်မှာဆိုရင် အစ်မ အိတ်စိုက် အစ်မ နေ့တိုင်း တိုက်တယ်၊ ဒါဟာ လူသားတဦးမှာ ရခွင့်လို့ အစ်မ သတ်မှတ်ထားတယ်။ အစ်မက ဒါကိုယ်ရည်သွေးပြီး ပြောတာ မဟုတ်ဘူး၊ သူတို့ ရပိုင်ခွင့်လို့ အစ်မမြင်တယ်ပေါ့၊ အစ်မ ရတဲ့ပိုက်ဆံ အစ်မက သူတို့မှာလည်း အကျိုးရှိသင့်တယ်ပေါ့၊ ဒီအကျိုးရှိမှ ဒီလုပ်ငန်းအပေါ်မှာ စေတနာ ပိုထားလာမယ်။ ဒီစေတနာတွေ ပိုထားလာမှ ဒီ Industry က ပိုတိုးတက်လာမယ်။ အဲလိုသဘောမျိုးနဲ့ အစ်မတို့က အလုပ်လုပ်တာ။

မေး– ကိုဇဏ်ခီ လွန်ခဲ့တဲ့ ၄ နာရီလောက်က ဒီ Studio ထဲကို မလာခင် အစ်မတောင် သူ့ ဖေ့ဘုတ်မှာရေးထားသေးတယ်၊ ပရိသတ်တွေက တောင်းတနေပေမယ့်လည်း ရုံတင်ရခက်တယ်ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်၊ ကျနော်တို့ လက်ရှိအခြေအနေမှာပေါ့ ရုပ်ရှင်ကားတွေ ကျနော်တို့လည်း ကြည့်ခဲ့ဖူးတော့သိတယ်၊ “ဥပါယ်တံမျဉ်”တို့ “မုဒြာရဲ့ခေါ်သံ”တို့ ဆိုရင် အရမ်းကောင်းတယ်၊ ပရိသတ်လည်း တကယ့်ကို အားပေးတယ်၊ ရုံတင်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေက ဘယ်လို ကြောင့်လို့ မြင်သလဲခင်ဗျ။

ဇဏ်ခီ။ ။ ပထမဦးဆုံးအချက် ကျနော်မြင်တာကတော့ ရုံကိုယ်က နည်းတယ်။ ကျနော်တို့ မုဒြာရိုက်တုန်းကဆိုရင် မြန်မာ ပြည်မှာ တနိုင်ငံလုံး ရုံ ၂၇ ရုံပဲရှိတယ်။ အရင်တုန်းက ရုံ ၆၀၀ လောက်ရှိရာကနေ ပြီးတော့ ကျနော်တို့ အဆိုးဆုံး အချိန်မှာ မုဒြာကို စရိုက်တာ။ ၂၇ ရုံလောက်ပဲရှိတယ်၊ အခုတောင်မှ ၁၀၀ မပြည့်ဘူး။ အဲထဲမှာမှ တခါ ရုံပိုင်ရှင် Group တွေက ကွဲနေသေးတယ်။ ကွဲနေတော့ ဘယ်သူက ဘယ်ကားပြမယ်ဆိုတာ သဘောတူညီမှုတွေ ယူနေရသေးတယ်ပေါ့။

အဲ့ကိစ္စတွေမှာလည်း သဘောထားကွဲလွဲတာနဲ့ ကိုယ့်ကား အရွေးမခံရတဲ့ အခေါက်တွေလည်း ကြုံတယ်ပေါ့၊ မုဒြာရော၊ ဥပါယ်တံမျဉ်ရောဆိုရင် အရွေးမခံရဘူး။ တချို့ရုံတွေဆိုရင် မရွေးဘူးပေါ့ အဲလိုမျိုးတွေတော့ကြုံတယ်၊ ကျနော်တို့ ရုပ်ရှင်သမားတွေအနေနဲ့ကျတော့ ရုံများများဖြစ်လာရင်တော့ အဲကိစ္စတွေပျောက်သွားမယ်လို့ထင်တယ်။ များလာလေ ဒီရုံရှင်တွေက သူတို့ဆီမှာပြဖို့ Contact လိုက်ရှာရတော့မှာလေ။ ဒီရုပ်ရှင်သမားတွေအတွက် ပြဖို့နေရာ မရှာရတော့ဘူးပေါ့။ အခုက ရုံနည်းနေတာ ကိုယ်က အဓိကပြဿနာလို့ ထင်တယ်။

မေး– အစ်မရဲ့ ဇာတ်ကား နှစ်ကားစလုံး ရုံကြီးတွေမှာ တင်ခွင့် မရသေးတာ အဲဒီအခက်အခဲက အစ်မတို့ကို ဘယ်လောက် အထိ ရိုက်ခတ်မှု ရှိသလဲ။

ခရစ္စတီးနား။ ။ ရုံတွေနဲ့ ပတ်သက်လို့ရှိရင် အစ်မတို့ရဲ့ အခက်အခဲဆိုတာထက် Industry တခုရဲ့ အခက်အခဲလို့ အစ်မ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ – ရုပ်ရှင်တကားကို အစ်မတို့ရဲ့ ပရိသတ်က ကြိုက်တယ်၊ မုဒြာတုန်းကဆိုရင် ပထမ လေးပတ်လုံးက ပွင့်ပွင့်လင်းလင်းပြောရရင် လက်မှတ် မရသေးတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရုံတွေကနေပြီးတော့ နောက်ထပ် အသစ်အသစ်တွေ တက်လာတဲ့အခါကျတော့ အစ်မတို့က ရုံတွေကနေပြီးတော့ ဆင်းဆင်း ပေးနေရတယ်။ တချို့၊ နောက်တပတ်နောက်တပတ်မှာ ဒီလိုမျိုးတက်လာတဲ့ ကားတွေအတွက် လုပ်ပေးရတဲ့အခါကျတော့ ရုံက တဖြည်းဖြည်းနဲ့ နည်းလာလေလေ၊ ပြန်ရငွေက နည်းလာလေပဲဆိုတော့ ရုံနည်းလေလေ ကိုယ့်ရဲ့ ပြန်ရငွေက နည်းလာ လေလေ။ ကြည်ချင်သေးတဲ့ ပရိသတ်ကတော့ ရှိသေးတယ်ဆိုပေမယ့် ဒီရုံကနည်းလာပြီဆိုရင် ကိုယ့်ပြန်ဝင်ငွေ နည်းလာပြီ ဆိုရင် ကိုယ့်ပြန်ရိုက်မယ့် နောက်တကားအတွက် ဘတ်ဂျက်နည်းတော့မှာပဲ။ အဲဒါက Industry နည်းကို နည်းစေတယ်။

ဒါမကောင်ဘူး။ ခုနကလို ရုံကြီးတွေမှာ မပြရလို့ နစ်နာတဲ့ ပိုက်ဆံကလည်း ဒါပိုက်ဆံ Amount တခုပဲ။ နောက်တခုက ဒီရုံ သေးသေးလေးတွေမှာ ဒီ Screen ကို လုနေရသေးတယ်ဆိုရင် ဒီ Industry တခုရဲ့ နောက်တက်လာမယ့် နောက်တကားက ဥပမာ ဆိုကြပါစို့ အစ်မလက်ထဲကို သိန်း ၃၀၀၀ ပဲပြန်ရတယ်၊ သိန်း ၅၀၀၀ ပဲပြန်ရတယ်၊ အစ်မတို့လို လူမျိုး ကျတော့ ဘယ်လိုလဲ ဆိုတော့ သိန်း ၅၀၀၀ ရလို့ရှိရင် ၅ ကားရိုက်မှာ မဟုတ်ဘူး၊ အစ်မတို့က သိန်း ၅၀၀၀ သာပြန်ရမယ်ဆိုရင် နောက်တကားကို ၅၀၀၀ ချရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၇၀၀၀ ပြန်ရအောင်လုပ်မယ်၊ ၅၀၀၀ တန် ပရိသတ်ကို ပြလိုက်ချင်တာ။ ဒါပေမယ့် အစ်မကို ၅၀၀၀ ပြန်မရှာပေးနိုင်ဘူးဆိုရင် အစ်မရဲ့ ပါတနာတွေ၊ Investor တွေကို အစ်မက ဘယ်လိုလုပ်ပြီးတော့ ၅၀၀၀ ထုတ်ခိုင်းနိုင်မလဲ။ ဆိုတော့ အစ်မရဲ့အခက်အခဲက ဒါပဲ၊ အစ်မရဲ့ Upset ဖြစ်တယ်ဆိုတာ ဒါအပေါ်မှာ မူတည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစ်မရဲ့ လုပ်ဆောင်ချင်တာက အစ်မရဲ့ industry ကြီးကို ကြီးပွား ချင်တယ်။

အခု ဒီ Industry က ကျုံ့ကျုံ့ဖို့ပဲ ဖြစ်လာပြန်ရော၊ ပရိသတ်တွေရှိတယ်၊ ပရိသတ်တွေက နယ်ဆိုရင်၊ အစ်မတို့ ပြည်သွားတယ်။ ပြည်က ပရိသတ်ကြီး အခိုင်အမာရှိတယ်။ ရုံမတင်ရသေးဘူး နှစ်ကားစလုံး။ ဒါသည်လည်း ဝင်ငွေတခု နည်းတယ်။ ဒါသည် ဝင်ငွေတခု နည်းတယ် လို့ပဲ ပျမ်းမျှအားဖြင့် ထင်ကောင်းထင်လိမ့်မယ်။ ဒါမှ မဟုတ်ဘူး ရုပ်ရှင်လောကသား တယောက် အနေနဲ့ ထိခိုက်နစ်နာမှုပဲ။ အစ်မတို့ Industry က ကြီးလာရင် အလုပ်သမားကိုလည်း ပိုက်ဆံပိုပေးလို့ ရတယ်၊ အစ်မ ပိုက်ဆံ ပိုသုံးနိုင်မယ်။ အခုဟာက Industry ကသေးလာတဲ့အတွက် အစ်မမှာ ပိုက်ဆံ မရှိရင် ဒီအလုပ်သမားကိုလည်း အစ်မ ဒီ ဒုံရင်းက ဒုံရင်းပဲ ပြန်လုပ်နိုင်မယ်။

နောက်တကားကို အစ်မ ဘယ်လိုလုပ်ပြီးတော့ ကောင်းကောင်းကန်းကန်း ပိုက်ဆံထုတ်ပြီးတော့ အခု အစ်မတို့မှာ ဇာတ်ညွှန်း ရှိနေတယ်။ သီတာဆိုတာ ခေတ်ရှေ့ပြေးကား CG Work နဲ့လုပ်ချင်တယ်။ သိန်းက ၅၀၀၀ လောက် ထုတ်ချင်တယ်။ မထုတ်ရဲဘူး၊ ၅၀၀၀ တောင် ပြန်မရှာနိုင်တဲ့ Market မှာ အမ ၅၀၀၀ ဘယ်လိုလုပ်ပြီးထုတ်ရဲမလဲ။ မေးခွန်းကြီးက အကြီးကြီးဖြစ်နေပြီ။ အစ်မ အရူးထ ပြီးတော့ လုပ်ချင်တယ် ဆိုပြီးတော့ အမရဲ့ Investor (ရင်းနှီးမြှုပ်နှံသူ) တွေကို ပြောမယ်ဆိုရင်လည်း အစ်မ ဒီမုဒြာမှာ ပြကိုပြနိုင်ရမယ်လို့ အစ်မ ပြောချင်တယ်။ သိန်း ၅၀၀၀၊ ၈၀၀၀ အဲလိုမျိုး ပြချင်တာ။ အခုဟာကျတော့ ဒီအထဲမှာပဲ ပြန်ပြန်ပြီးတော့ လည်နေတယ်ပေါ့။ အစ်မ တို့က ဒုံရင်း ဒုံရင်း ပြန်ပြန်ဖြစ်နေတယ်။

မေး– ကိုဇဏ်ခီ အဲလိုဟာမျိုးဆိုရင် ဘယ်လိုဖြစ်သင့်တယ်လို့ မြင်သလဲ၊ အခုကြုံရတဲ့ပြဿနာနဲ့ပတ်သက်ပြီး။

ဇဏ်ခီ။ ။ ရုံများများ ဆောက်ပေးကြပါလို့၊ ဒါပေမယ့်လည်း ရုံများတိုင်းလည်း Monopoly (တဦးတည်း မူပိုင် လက်ဝါးကြီး အုပ်ထားတဲ့) ကိစ္စတွေဖြစ်သွားနိုင်တယ်။ ရုံအများဆုံး ပိုင်တဲ့သူက Decision (ဆုံးဖြတ်ချက်) ချပြီးတော့ ဒီကားပြမယ်၊ ဒီကားမပြဘူးဆိုရင် ဒါကျနော်တို့ တော်တော်ကြုံခဲ့ဖူးတယ်၊ မြန်မာပြည်ရဲ့ Movie Trading တခုလုံးက ကျနော်တို့ ဥပါယ်တံမျဉ် ပြခါနီးတုန်းက ကျနော်ထင်တာက ရိုက်ကူးသူတွေ ထုတ်လုပ်သူတွေ ကြောင့် ဒီလိုဖြစ်တယ်ထင်ထားတာ ဒါပေမယ့် တကယ့်တကယ် ကျတော့ Monopoly လုပ်ထားတဲ့ ရုံရှင်ကြောင့် ရုပ်ရှင် ရေစီးကြောင်းက ပြောင်းနေတယ်။ သူက ဒီလိုကားမှ တင်မယ်၊ ဒီလိုကားမှတင်မယ်ဆိုပြီးတော့ သူကထိုင်ပြီး Decision လုပ်သွားတာ။

ဆိုတော့ နောက်က လိုက်ရိုက်တဲ့သူတွေကလည်း သူကြိုက်တဲ့ပုံစံမျိုးကို လိုက်ရိုက်ရတာ။ အဲကိစ္စတွေက တော်တော်ကြီး ထိခိုက်သွားတယ် မြန်မာ့ရုပ်ရှင်လောကကို။ ခုနဟာ ပြန်ဖြေရမယ်ဆိုရင် ရုံအများစုကို ပိုင်ထားပြီးတော့ Monopoly လုပ်ခွင့် မရဘဲနဲ့ တနည်းနည်းနဲ့ ရုံများများ ဆောက်စေချင်တယ်။ ဒါပေမယ့် ကျနော်တို့ကျတော့ အဲဒါကို အရမ်းကြီးတော့ မစောင့်နိုင် ဘူးပေါ့၊ သူတို့ကို စောင့်မယ်ဆိုရင်ဒီကားတွေလည်း ထွက်လာမှာ မဟုတ်ဘူး။ အခုကျနော်တို့ ပြန်ပြီးတော့ ဘာစဉ်းစားသလဲ ဆိုတော့ ဥပါယ်တံမျဉ်ကို ချပြတဲ့အချိန်မှာ ကျနော်တို့ မထင်မှတ်ဘဲနဲ့ စင်ကာပူ Market ကြီးတခု ပွင့်သွားတယ်လို့ ခံစားရတယ်။ မြန်မာတွေမှ မဟုတ်ဘူး။ တချို့ စင်ကာပူကလူတွေလည်း လာကြည့်ကြတယ် ဒီကားကို။ အဲဒါက ကျနော်တို့ အတွက် Hope (မျှော်လင့်ချက်) ပဲ။ နောက်တခု သြဇီမှာ သွားပြမယ်၊ ထိုင်းမှာ သွားပြမယ် စသဖြင့် Community အများကြီး ရှိမယ်။ အဲဘက်တွေကို ခြေဆန့်နိုင်မှပဲ ခုနကျနော်တို့လိုချင်တဲ့ ဘတ်ဂျက်ကို ဆွဲတင်လို့ရမှာ။ Market ချဲ့မှပဲရမှာ။ ပြီးတော့မှ ပြည်တွင်းကလည်း ဒီရုပ်ရှင်ရုံတွေကို တကယ့်ဆောက်ပေးမယ့် Investor (ရင်းနှီးမြှုပ်နှံသူ) တွေပေါ်လာရင်တော့ အကောင်းဆုံးပေါ့။

ခရစ္စတီးနားခီ။ ။ အနုပညာကိုချစ်တဲ့ Investor ၊ အနုပညာကိုလည်း ချစ်တယ်၊ တိုင်းပြည်ကိုလည်း ချစ်တဲ့သူ လိုကို လိုတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading