သင့် ဝန်းကျင်မှာ လက်မထပ်ကြတဲ့ သူတွေ၊ လက်မထပ်ဘဲ အတူနေနေကြသူတွေ၊ လူပျိုကြီး အပျိုကြီးတွေကို တွေ့ဖူးကြ မှာပါ။ သူတို့ ဘာကြောင့် အိမ်ထောင် မပြုကြတာပါလဲ၊ လက်မထပ်ကြတာလဲ၊ မင်္ဂလာ မဆောင်ကြတာလဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း လူပျိုကြီး အပျိုကြီးတွေ၊ လက်မထပ်ဘဲ အတူနေသူတွေ၊ လက်မထပ်ကြသူတွေ တိုးတိုးလာနေတယ် လို့ သိရပါတယ်။
ဘာကြောင့်ပါလဲ။ ဒီအကြောင်း National Geographic Traveler, The Washington Post, နဲ့ Travel + Leisure အပါအဝင် မီဒီယာများစွာမှာ ရေးသားနေသည့် အမေရိကန်နိုင်ငံ ဆီယက်တယ် အခြေစိုက် အစားအစာ၊ ခရီးသွားနှင့် လိင်ပိုင်းဆိုင်ရာ ပညာပေး ဆောင်းပါးများ လေ့လာရေးသားနေသူ စာရေးဆရာမ ချာရင် ဖော့ဖား (Charyn Pfeuffer) ရဲ့ ဆောင်းပါးကို ညွှန်းပြီး တင်ပြပါမယ်။
(၁) ဘာသာရေး အမြင်နဲ့ ဂုဏ်တင်တာမျိုး မလိုချင်လို့ – ဗုဒ္ဓဘာသာမှာလည်း လက်ထပ်ထိမ်းမြှားမှုကို မင်္ဂလာဆောင်တယ် လို့ ဆိုတယ် မဟုတ်လား။ ခရစ်ယာန်မှာလည်း ဒီလိုပဲ မွန်မြတ်ခြင်း၊ မင်္ဂလာရှိခြင်းလို့ပဲ ယူပါတယ်။ ဒီလိုပဲ ဘယ်ဘာသာမှာ မဆို တဦးကို တဦး ချစ်ခင်တယ်၊ စုံမက်တယ်၊ လက်ထပ်တယ်၊ ဒါဟာ မင်္ဂလာပါပဲ။
ဒါပေမယ့် ဒီလို ဘာသာရေး အမြင် တခုတည်းနဲ့တင် မင်္ဂလာရှိအောင်တော့ လက်မထပ်ချင်ကြတာမျိုး ရှိပါသတဲ့။ ဆိုလိုတာကတော့ ကိုယ်ချစ်တဲ့ သူနဲ့ပဲ ပေါင်းဖက်ချင်တယ်၊ အဆင်ပြေချင်တယ်၊ မိမိနဲ့ရော မိမိ မိသားစု၊ တဖက်က မိသားစုတွေနဲ့ အဆင်ပြေချင်တယ်၊ ဒါပေမယ့် မိဘဆွေမျိုး မိတ်သင်္ဂဟတွေ ရှေ့မှာ ဘာသာရေး အကြောင်းပြုပြီး ဂုဏ်တင်ကာ တခမ်းတနား မင်္ဂလာဆောင်တာမျိုး မလုပ်ချင်တာကြောင့် လက်မထပ်ကြတာ လို့ ဆိုပါတယ်။
(၂) ကုန်ကျစရိတ်များလို့ – ဒီနေ့ခေတ် တိုးတက်လာတဲ့ ကာလမှာ မင်္ဂလာဆောင်တွေ၊ လက်ထပ်ပွဲတွေဟာ ကုန်ကျစရိတ် များလာပါတယ်။ ဟိုတယ်မှာ ဆောင်မှာလား၊ ဘယ်ခန်းမမှာ ဆောင်မှာလဲ၊ ညစာစားပွဲ ထပ်လုပ်မှာလား၊ ပျားရည်ဆမ်းခရီး ထွက်မှာလား။ ဓာတ်ပုံ၊ အဝတ်အစား၊ အကျွေးအမွေး၊ စသဖြင့် ကုန်ကျစရိတ် များလှပါတယ်။
အမေရိကန်မှာ ဆိုရင် ပျမ်းမျှ မင်္ဂလာဆောင် တခုရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၃၃၃၉၁ (မြန်မာငွေ ကျပ် သိန်း ၄၅၀) လောက် ကုန်နိုင်ပါတယ်။ ပြည်တွင်းမှာလည်း ဒီလိုပဲ၊ အဆိုပါ ပမာဏလေက် မကုန်ရင်တောင် စရိတ်တွေ မြင့်မားတဲ့ ခေတ်မှာ မင်္ဂလာ စရိတ် အတွက် လက်ထပ်တာ နောက်ကျနေခြင်းတွေ၊ လက်မထပ်ဖြစ်တာတွေ အများကြီး ရှိနေတာ လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ယေဘုယျအားဖြင့် အနည်းဆုံး သိန်း ၂၀၊ အလယ်အလတ်အဆင့် သိန်း ၅၀ ကျော်နဲ့ အမြင့်ဆုံးကတော့ ချဲ့ရင်ချဲ့သလောက် ကုန်ကျနိုင်တာတွေ့ရပါတယ်။ ချွင်းချက်တွေတော့ ရှိနိုင်ပါတယ်။
(၃) လွတ်လပ်မှုကို ခုံမင်တယ် – အထူးသဖြင့် အလုပ်အကိုင် ကောင်းကောင်း ရှိတယ်၊ ဝင်ငွေကောင်းတဲ့ သူတွေက လက်ထပ်ဖို့ ပိုတွေးကြပါတယ်။ အဓိက အနေနဲ့တော့ စိတ်သွားတိုင်း ကိုယ်ပါ၊ လုပ်ချင်ရာ လုပ်နိုင်နေတာကြောင့်ပါ။ ဒီတော့ လက်ထပ်ပြီးရင် ခင်ပွန်းသည်၊ ဇနီးသည်ကြောင့် အရင်လို မလွတ်လပ်တော့မှာ စိုးရိမ်တတ်၊ အဆင်မပြေ ဖြစ်မှာ စိုးရိမ်တတ်ကြပါတယ်။
ပြီးတော့ လူလတ်ပိုင်း ရောက်သူတွေမှာ အချိန် အတော်ကြာအောင် တယောက်တည်း နေလာ၊ ဖြတ်သန်းလာတော့ တကိုယ်ရေ နေရတာကို အသားကျနေပြီး အိမ်ထောင်ပြုဖို့ ဝန်လေးတတ်ကြတာပါ။ တခြား တယောက်ရဲ့ အရိပ်အခြေကို ကြည့်နေ၊ အတူတကွ ပျော်ဖို့၊ ရွှင်ဖို့၊ သွားနိုင် လာနိုင်ဖို့ ဆိုတာကို အဆင်ပြေပါ့မလား တွေးကြ၊ စဉ်းစားကြရင်း လက်မထပ် ဖြစ်သူတွေ ရှိလာပါတော့တယ်။
(၄) တလင်တမယားစနစ် ပျောက်ကွယ်လာခြင်း – အမေရိကန်မှာ ဆိုရင် ၅ ရာခိုင်နှုန်းသော အိမ်ထောင်သည်တွေက တလင် တမယား စနစ် မကျင့်သုံး၊ မနေထိုင်တော့ဘူး လို့ သိရပါတယ်။ အခုခေတ် Living Together ဆိုတဲ့ လင်မယားပုံစံ အတူနေ စနစ်ကို လက်ခံသူ များလာတယ် ပေါ့။ လက်မထပ်ထားတော့ အဆင်မပြေတာနဲ့ အချိန်မရွေး လမ်းခွဲလိုက်ရုံပဲ မဟုတ်လား။ ဒီလို နေထိုင်မှုကို အမျိုးသမီးတွေကလည်း မနှစ်သက်သည့်တိုင်အောင် နေထိုင်ကြတယ်၊ အမျိုးသားတွေ ကတော့ သိပ်အလေး မထားဘူးပေါ့။
ဒီတော့ လက်ထပ်မယ် ဆိုခါမှ အထက်မှာ ပြောသလို မင်္ဂလာဆောင် စရိတ်ကနေ နောက်ဆုံး လက်ထပ်ပြီး အဆင်ပြေ၊ မပြေ ဆိုတာတွေ တွေးရမယ်၊ မတော်လို့ ကွာရှင်းရင်တောင် တခုလပ် ဖြစ်မယ်၊ အတူနေစနစ်ကတော့ တခုလပ်လည်း မဖြစ်ဘူး၊ မင်္ဂလာစရိတ် တွေလည်း မလိုဘူး၊ အဆင်မပြေရင်လည်း လမ်းခွဲဖို့ မြန်ဆန်တာကြောင့် တချို့က တလင် တမယားစနစ်ကို မသုံးတော့ သလို ဒီစနစ် ပျောက်ကွယ်လာတာက အိမ်ထောင်ပြုတဲ့ အနေအထားကိုလည်း လျော့နည်း သွားစေတာ ဖြစ်ပါတယ် ဆိုပါတယ်။
Ref: www.businessinsider.com