မိန်းကလေးအများစု မိတ်ကပ်လိမ်းတဲ့အခါ စိတ်ညစ်ရတဲ့ ပြဿနာက ဆားဝက်ခြံနဲ့ ချွေးပေါက်တွေပါပဲ။ ချွေးပေါက်တွေ ပိုကျယ်လာရတဲ့ အကြောင်းအရင်းက မျက်နှာက အညစ်အကြေးနဲ့ ဖုန်မှုန့်တွေက မပြောင်ဘဲ မွေးညင်းပေါက်ထဲ ပိတ်ဆို့နေလို့ပါ။
မျက်နှာကို အနီးကပ် ကြည့်လိုက်တိုင်း အရေပြားက ချောမွတ် မနေဘဲ ချွေးပေါက်တွေကြောင့် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေတဲ့ အမျိုးသမီးတို့အတွက် အောက်ပါနည်းလမ်းတွေက အဆင်ပြေအောင် ကူညီနိုင်မှာပါ။
(၁) Exfoliate လုပ်မယ်
အလှအပကို စိတ်ဝင်စားသူတိုင်း သိကြပါတယ်။ ဆဲလ်အသေတွေကို ဖယ်ရှားခြင်းဖြစ်တာကြောင့် Scrub လုပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုလုပ်ပေးတဲ့အခါ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးကို ဖယ်ရှားပေးနိုင်ပြီး မွေးညင်းပေါက်တွေ သေးလာပါလိမ့်မယ်။
(၂) မျက်နှာကို သန့်ရှင်းအောင်ထားမယ်
မျက်နှာကို တနေ့ အနည်းဆုံး ၂ ကြိမ်သစ်သင့်သလို ကြေး(ဂျီး)တွေ ပြောင်စင်အောင် သစ်ဖို့လည်း လိုအပ်ပါတယ်။ အချို့သော အလှအပဆိုင်ရာ အကြံပေးပညာရှင်တွေကတော့ မျက်နှာသစ်တဲ့ ဘရက်ရှ်မျိုး သုံးဖို့တောင် အကြံပေးထားပါတယ်။
(၃) နေလောင်ဒဏ် ကာကွယ်ခရင်မ် လိမ်းပါ
နေရောင်မှာပါဝင်တဲ့ UVA နဲ့ UVB က ဆဲလ်ထုတ်လုပ်မှုကို လျေ့ာကျစေတဲ့အတွက် သင့်အရေပြားကို ပိုအလုပ်လုပ်စေပါတယ်။ ဒီလိုဖြစ်တဲ့အခါ မျက်နှာပြင်က ချွေးပေါက်တွေကို ပိုကျယ်ပြီး နီရဲလာပါတယ်။ အဲဒါကြောင့် အပြင်သွားတိုင်း မျက်နှာကို နေလောင်ဒဏ် ကာကွယ်ခရင်မ် လိမ်းပါ။
(၄) ရေနွေးငွေ့က မရှိမဖြစ်ပါ
မျက်နှာက အဆီတွေ၊ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းက ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းပါပဲ။ ရေပူပူမှာ နှင်းဆီဖတ်လေးတွေ ထည့်ပြီး မျက်နှာသုတ်ပုဝါနဲ့ ၅ မိနစ်လောက် အုပ်ထားလိုက်ပါ။ ပြီးရင်တော့ မျက်နှာသုတ်ပုဝါ ဖယ်ပြီး သင့်မျက်နှာကို အပူငွေ့ပေးကြည့်ပါ။ နှင်းဆီအစား အခြား ပန်းပွင့်လေးတွေနဲ့လည်း စမ်းကြည့်လို့ရပါတယ်။ ၁၀ မိနစ်မှ ၁၅ မိနစ်အထိ အပူငွေ့ခံပါ။
(၅) Primer သုံးပါ
မိတ်ကပ် မလိမ်းခင် primer သုံးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ဖောင်ဒေးရှင်းသုံးတဲ့အခါ အနာအဆာတွေကို ကောင်းကောင်း ဖုံးကွယ်ပေးနိုင်မယ့် ဖောင်ဒေးရှင်းမျိုး ရွေးချယ်ပါ။ ဒါ့အပြင် moisturizer လည်း ပုံမှန်သုံးပေးပါ။ သင့်အရေပြားက ခြောက်သွေ့တာနဲ့ မလိုအပ်တဲ့ အဆီတွေ ထုတ်တာကြောင့် ချွေးပေါက်ပို ပိတ်စေပါတယ်။ ပုံမှန် ပေါင်းတင်ကပ်ခွာလေး ကပ်ပေးရင်တော့ မကြာခင်မှာပဲ အပြစ်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
ကဲ မျက်နှာက ချွေးပေါက်ကျယ်လို့ အနားကပ်တောင် စကားမပြောရဲတဲ့ အမျိုးသမီးတို့အတွက် ဒီနည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။