လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှုတို့လို လူအများစု နေ့စဉ်လိုလို တွေ့ကြုံခံစားနေရပေမယ့် သတိမထားမိတဲ့ နောက်ထပ် ညစ်ညမ်းမှု တခုကတော့ အသံညစ်ညမ်းမှု (အသံဆူညံခြင်း) လို့ ခေါ်တဲ့ Noise Pollution ပဲ ဖြစ်ပါတယ်။ “အသံညစ်ညမ်းမှု” ဆိုတာကတော့ သာမန်ထက် လွန်ကဲတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေဟာ လူတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေး အပါအဝင် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
လူနေမှုဘဝရဲ့ နေ့စဉ်ကြားနေကျ အသံတွေဟာ နားနဲ့ယဉ်ပါးနေတာကြောင့် ပြဿနာ မရှိလှပေမယ့် တချို့သော ဆူညံသံတွေကတော့ နေ့စဉ်ဘဝရဲ့ အရေးကြီးဆုံးဖြစ်တဲ့ လုပ်ငန်းဆောင်တာတွေ၊ အိပ်စက်အနားယူချိန်နဲ့ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်တဲ့အထိကို ဆူညံ ကျယ်လောင်နေပြီဆိုရင်တော့ ဒါဟာ အသံညစ်ညမ်းမှု Noise Pollution ပဲ ဖြစ်ပါတယ်။
အသံညစ်ညမ်းမှု ပြဿနာဟာ ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်စေနိုင်တာမျိုး မဟုတ်ပေမယ့် ရေရှည်မှာတော့ စိတ်ဖိစီးမှု အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်တခုကတော့ ဒီအသံညစ်ညမ်းခြင်းကြောင့် လူတွေရဲ့အမူအကျင့်တွေကလည်း ပြောင်းလဲလာတတ်ကြပါတယ်။
ဥပမာအားဖြင့် အလိုလိုနေရင်း ဒေါသထွက်တတ်ခြင်း၊ လူအများနဲ့ စကားပြောဆက်ဆံတဲ့အခါမှာ အသံကို လိုအပ်တာထက်ပိုပြီး နားစိုက်ထောင်နေရတဲ့ အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ နားလည်မှု လွဲမှားခြင်းတွေအပြင် အလိုအလျောက်နားထဲမှာ အသံတွေ အမြဲလိုလို ကြားနေရခြင်းနဲ့ အကြားအာရုံကိုပါ ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဆူဆူညံညံ ကျယ်လောင်တဲ့ အသံတွေရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ လူအများစုဟာ သွေးပေါင်တက်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ အလိုလိုနေရင်း မောပန်းနွမ်းနယ်ခြင်း၊ အာရုံကြောပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျခြင်းတွေကို ခံစားရလေ့ရှိကြပါတယ်။ မြို့ပြမှာ လူနေမှု ထူထပ်လာတာနဲ့အမျှ အသံညစ်ညမ်းမှု ပြဿနာဟာ အလေးထား သတိပြု ဆင်ခြင်ရမယ့် စာရင်းထဲမှာ ပါဝင်လာတာကြောင့် မိမိတို့ ပတ်ဝန်းကျင်မှာ ဂရုတစိုက် နေထိုင် ဆောင်ရွက်သင့်ပါတယ်။
Ref ; india.curejoy.com