ထိုင်းနိုင်ငံမှာ ဖောက်လုပ်နေတဲ့ စတုတ္ထမြောက် အကြီးဆုံး မြေအောက်မီးရထားလိုင်းဟာ Sanamchai MRT ပရောဂျက်ပါ။ ၂.၆ ကီလိုမီတာ ရှည်လျားတဲ့ အဆိုပါ မြေအောက် အမြွာလိုဏ်ခေါင်းလမ်းဟာ ထိုင်းနိုင်ငံရဲ့ ကျောက်ဖရားမြစ် (Chao Phraya River) အောက်မှာ တည်ရှိပြီး ခေတ်သစ်နည်းပညာများကို အသုံးပြုကာ SCG မှ ကွန်ကရစ်ထုတ်ကုန်များ၊ ဘိလပ်မြေများ တာဝန်ယူ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ Sanamchai MRT မြေအောက်မီးရထားလိုင်းဟာ မကြာခင် ၂ နှစ်အတွင်း၊ ၂၀၂၀ ခုနှစ်မှာ ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားပြီး မြေအောက်၊ ရေအောက်မှာ ဆောက်လုပ်နေတဲ့ ပရောဂျက် ဖြစ်တာကြောင့် ကွန်ကရစ် ဒီဇိုင်းပိုင်း၊ ဆောက်လုပ်မှုအပိုင်းများကို အထူးသတ်မှတ်ချက်များနဲ့ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
ယင်း မြေအောက်မီးရထားလမ်း ဆောက်လုပ်ရေး အပိုင်းကို SCG ကုမ္ပဏီမှ ပတ်ဝန်းကျင် အခြေအနေ၊ ဆောက်လုပ်မှု နည်းပညာ အပိုင်း စသည့် အပိုင်းများနှင့် ကိုက်ညီတဲ့ ဘိလပ်မြေ နည်းပညာကိုသုံးကာ ထိုင်းရိုးရာ ဗိသုကာနဲ့ ခေတ်သစ် အင်ဂျင်နီယာ နည်းပညာများ ပေါင်းစပ်ကာ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
“အဆောက်အဦရဲ့ တောင့်တင်းခိုင်ခံမှုနဲ့ ကြာရှည်ခံမှု အပိုင်းကို အနှောက်အယှက် ပေးနိုင်တဲ့ စိုထိုင်းဆကို ဖြစ်စေတဲ့ မြေဆီလွှာမှာရှိတဲ့ ဆာလဖိတ်နဲ့ ကလိုရိုက် ပမာဏကို ထည့်စဉ်းစားထားပါတယ်။ SCG က အဆောက်အဦရဲ့ အာမခံ သက်တမ်းကို ထည့်စဉ်းစားပြီး ကွန်ကရစ်ရဲ့ ရေရှည်ခံမှုနဲ့ ယိုယွင်းမှု ကာကွယ်ခြင်းများအတွက် Alkali-Aggregate Reaction စံနှုန်းကို အသုံးပြုထားပါတယ်” လို့ SCG မှ တာဝန်ရှိသူက ပြောပါတယ်။

Sanamchai MRT မြေအောက်မီးရထားလိုင်း ပရောဂျက်အတွက် SCG မှ ကွန်ကရစ် ထုတ်ကုန် ၄ မျိုး ထုတ်လုပ်ထားပြီး အဆိုပါ ထုတ်ကုန် ၄ မျိုးမှာ “Fast Setting Concrete, Bred Pile Concrete, High Early Strength Concrete, Waterproof Concrete” စတဲ့ ကွန်ကရစ် အမျိုးအစားများဖြစ်ကာ သာမန် စံနှုန်းထက် ပိုတိကျတဲ့ ထုထည် သိပ်သည်းတဲ့ ကွန်ကရစ်များ၊ ရေစိမ့်ဝင်မှု အားနည်းမှု တိုက်စားမှုဒဏ် ခံနိုင်တဲ့ ကွန်ကရစ်များ အသုံးပြုထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဟာ ပင်လယ်ရေ မျက်နှာပြင်အမြင့် ၁ ဒဿမ ၅ မီတာ (၄ ဒဿမ ၉ပေ) ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အမြင့် နည်းပါးပေမယ့် အခုလိုမျိုး ခေတ်မီ အဆောက်အဦတွေ၊ လမ်းတံတား၊ မြေအောက် ရေအောက် မီးရထားလမ်းတွေကို ဆောက်လုပ်၊ ဖောက်လုပ်နေပြီး နည်းပညာများကိုလည်း စိတ်ချရတဲ့ အရည်အသွေးပြည့်ဝတဲ့ နည်းပညာ ထုတ်ကုန်များကို စနစ်တကျ အသုံးပြုကာ တည်ဆောက်နေတယ်လို့ သိရပါတယ်။

အဆိုပါ မြေအောက်ရထားလမ်း စီမံကိန်းဟာ ထိုင်းဘတ်ငွေ ဘီလီယံ ၅၀ အကုန်ကျခံကာ ဆောက်လုပ်ထားတာ ဖြစ်ပြီး မြေအောက်မီတာ အနက် ၃၀ ၊ ကျောက်ဖရားမြစ်အောက်ကို ဖြတ်ကာ ထိုင်းနိုင်ငံရဲ့ Blue Line မြေအောက်မီးရထား အစိတ်အပိုင်း အနေနဲ့ Sanamchai MRT ဘူတာကို ဆောက်လုပ်နေတာ ဖြစ်ပါတယ်။