မေလဆန်း နံနက်ခင်း နေရောင်က ပူပြင်းလှသည်။ ဝန်းကျင်ရှိ သစ်ပင်များက စိမ်းစိုနေသော်လည်း လေပူများ တိုက်ခတ်နေသည်။ ဝါးဓနိများဖြင့် ဆောက်လုပ်ထားသော အိမ်ငယ်များ၏ အောက်တွင် အမျိုးသမီးငယ်များက ရခိုင်ရိုးရာ အထည်များကို စဉ်လာမပျက် ရက်လုပ်နေကြသည်။
အသက် ၃၀ အရွယ် ဝါဘိုကျေးရွာသူ မမြင့်မြင့်အေး တယောက် ရက်ကန်းစင်ပေါ်တွင် ရခိုင်ရိုးရာ အထည်များကို ရက်လုပ်နေသည်။ သူသည် အသက် ၁၅ နှစ်အရွယ် ကတည်းက ရက်ကန်း ရက်လုပ်သည့် အတတ်ပညာကို သူ၏မိခင်နှင့် အစ်မ ဖြစ်သူထံမှ သင်ယူထားမြောက်ထားသူ ဖြစ်သည်။
လွန်ခဲ့သောနှစ်များက ရခိုင်ရိုးရာ အထည်များမှာ ဈေးကွက်အတွင်း နေရာ မရရှိသောကြောင့် လုပ်အားခ တွက်ခြေ မကိုက်ခဲ့သော်လည်း သူအပါအဝင် ဝါဘိုတရွာလုံးကတော့ ရိုးရာကို ထိန်းသိမ်းထားသည့်အနေဖြင့် စဉ်ဆက် မပြတ်ရက်လုပ်ခဲ့ကြသည်ဟုဆိုသည်။
“ ညီမတို့ ရွာက ဒီရက်ကန်း လုပ်ငန်းကို မိရိုးဖလာ တခုအနေနဲ့ လုပ်ကြတာ။ ဝင်ငွေ မကောင်းပေမယ့်လည်း ရိုးရာလည်း မပျောက်စေချင်ဘူး။ တိုးတက်ချင်တဲ့အတွက် အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ လုပ်ကြတာ ” ဟု ရက်ကန်းထည်များ ရက်လုပ်နေသည့် မမြင့်မြင့်အေးက ရင်ဖွင့်သည်။
ရက်ကန်းရွာဟုခေါ်သည့် ဝါဘိုကျေးရွာသို့ သွားမည်ဆိုလ ျှင် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသော ကျားမသောက်ကျေးရွာအနီးမှ ရွာချင်းဆက်လမ်းအတိုင်း တောကန်ကျေးရွာသို့ ဦးစွာ သွားရသည်။ ထိုမှ တဆင့် ချောင်း တဖက်ကမ်းတွင် တည်ရှိသော ဝါဘိုကျေးရွာသို့ ကူးတို့လှေဖြင့် ကူးဖြတ်ရသည်။
ယင်းလမ်းတလျောက် ကျေးရွာများဖြစ်သည့် ဝါဘိုကျေးရွာ၊ ကျားမသောက်ကျေးရွာ၊ တောကန်ကျေးရွာများ၏ နေအိမ်တိုင်းတွင် ရက်ကန်းစင်များ ရှိသလို မိန်းမပျိုတိုင်းသည်လည်း ရက်ကန်း ရက်လုပ်ခြင်းကို တတ်ကျွမ်းကြသည်။
“ အန်တီတို့ရွာက သင်ဆရာ၊ မြင်ဆရာတွေ ရှိနေတော့ မိန်းကလေးတိုင်းလိုလို ရက်ကန်း ရက်တတ်တယ်။ အခု အထည်တွေက ဆေးကလည်း ခိုင်တယ်။ ဈေးကလည်း ကောင်းလာတယ်ဆိုတော့ အရင်တုန်း ကထက်စာရင်တော့ အဆင်တော့ ပြေလာတယ်။ ဒါပေမယ့် အထည်တွေက လိုသလောက် မထုတ်နိုင်ဘူး ။ ဒီထက် အဆင်မြှင့်တင်ဖို့ လိုလာပြီ ” ဟု ရက်ကန်း လုပ်ကိုင်သူ ဝါဘိုကျေးရွာနေ ဒေါ်မတင်သိန်းက ပြောသည်။
ရက်ကန်းရက်လုပ်ရာတွင် ချည်ထိုးခြင်းနှင့် ချည်ကောက်ခြင်း၊ စင်တင်ခြင်း၊ ဒီဇိုင်းပန်းဖော်ခြင်း စည်ဖြင့် အဆင့်ဆင့် ပြုလုပ်ရသည်။ ရခိုင်ရက်ကန်းထည်များသည် ယခင်ကာလတခုက ဈေးကွက် နေရာမရသည့်အပြင် စိုက်ထုတ်ရသည့် အရင်းအနှီး၊ နည်းပညာ အခက်အခဲများကြောင့် ရက်ကန်းရက်လုပ်သူများအဖို့ အမြတ်အစွန်း တွက်ခြေမကိုက်သည့် အတွက် ကွယ်ပျောက်လုမတတ်ဖြစ်ကာ ဈေးကွက်တွင် အသက်လု ရုန်းကန်ခဲ့ရသည်။
ပုံမှန်အားဖြင့် ရက်ကန်းစင်တစင်လျှင် အမျိုးသမီး ၁ ဦး သို့မဟုတ် ၂ ဦး ရက်လုပ်ကြသည်။ ရက်ကန်းတစင်မှ ထွက်ရှိသည့် အထည်မှာ အမျိုးသားဝတ်ပုဆိုး ဆိုလျှင် ၂၂ ထည်ရရှိပြီး မိန်းမဝတ်လုံချည်ဆိုလျှင် ၂၆ ထည်ရရှိကြောင်း သိရသည်။
ကြာမြင့်သည့်အချိန်မှာ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်အားစိုက်ထုတ်မှု၊ အထည်ဒီဇိုင်းပန်းဖော် လုပ်ဆောင်မှုများ အလိုက် ကွာဟမှုရှိသည်။
လက်ရှိအခြေအနေအရ ထိုအထည်နှစ်မျိုးတည်းသာ ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချကြသည့်အတွက် အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ် နှစ်မျိုးတည်းသာ ရက်လုပ် ကြသည်ဟုလည်း ဆိုသည်။
လွန်ခဲ့သော နှစ်ကာလများကဆိုလျှင် ၎င်းကျေးရွာများမှ မိန်းကလေးများသည် စိတ်ပျက်အားငယ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ကာ ရက်ကန်းစင်များကို စွန့်ခွာလျက် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်လုပ်ခဲ့ကြရသည့် အခြေအနေများ ရှိခဲ့ဖူးသည်ဟုလည်း ဒေသခံများက ဆိုကြသည်။
“ ဟိုးလွန်ခဲ့တဲ့နှစ်တွေကဆိုရင် ဈေးကွက်မရှိတော့ ကိုယ့်မိသားစု ဝတ်ဖို့လောက်ပဲ ရက်လုပ်ခဲ့ကြတာ။ ရက်ကန်းရက်တဲ့ အမျိုးသမီးတွေလည်း တွက်ခြေမကိုက်ဘူးလေ။ ဝမ်းရေးအဆင်မပြေတော့ ဒီရက်ကန်းရက်တဲ့ အလုပ်ကိုစွန့်ပြီး ထိုင်းကိုသွားကြတယ်။ အခုတော့ ကျမတို့ ရွာက အမျိုးသမီးတွေ နိုင်ငံခြားကို သွားစရာ မလိုတော့ဘူး ”ဟု ဝါဘိုကျေးရွာမှ ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဒေါ်အေးသောင်းက ပြောသည်။
ထိုသို့ ကျေးရွာများတွင် ရက်ကန်းရက်လုပ်သူများသည် မိမိငွေကြေးများဖြင့် စိုက်ထုတ်ကာ ရက်ကန်းရက်လုပ်မှုမျိုးကို လုပ်ကိုင်ချင်ကြသော်လည်း အများစုများမှာ အရင်းအနှီး စိုက်ထုတ်ရန် ငွေကြေး မတတ်နိုင်ကြပါ။
ရခိုင်ရိုးရာအထည်များသည် ဈေးကွက်တွင် နေရာရရှိလာသည့်အတွက် ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံများအဖို့ အဆင်ပြေသည်ဆိုသော်လည်း လူ့စွမ်းအားကို အသုံးပြုကာ လုပ်ကိုင်ရသည့်အတွက် လုပ်ငန်း ချဲ့ထွင်ပြီး ဝင်ငွေပိုရအောင် လုပ်ဖို့ ဆိုသည်မှာ မလွယ်ကူကြောင်း ရက်ကန်း လုပ်ကိုင်သူများက ဆိုသည်။
နိုင်ငံတော်မှ ငွေကြေး အရင်းအနှီး စိုက်ထုတ်ပြီး လုပ်ငန်းမြှင့်တင်ပေးရန် လိုအပ်ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။
“ ကျနော်တို့ ရွာသူလေးတွေက အထည်ဆိုင်တွေက ချည်တွေယူပြီး ရက်လုပ်နေရတယ်ဆိုတော့ အဲဒီဆိုင်ကို အထည်ပြန်သွင်း သူတို့လုပ်အားခ လောက်ကိုပဲ ရကြတယ်။ အဲဒါနဲ့ နိုင်ငံတော်က ငွေအရင်းအနှီး စိုက်ထုတ်ပြီး လုပ်ပေးမယ်ဆိုရင် ဒေသခံတွေအတွက် တော်တော်လေး အဆင်ပြေသွားမယ်” ဟု ဝါဘိုကျေးရွာချုပ်ရေးမှူး ဦးမောင်အေးက ပြောသည်။
ရက်ကန်း ရက်လုပ်ရန် လိုအပ်သည့် ချည်လုံး၊ ပိုးချည် အမျိုးအစားများကို စစ်တွေမြို့ပေါ်ရှိ အထည်ဆိုင်များက တဆင့် ရယူကာ ရက်လုပ်ကြရသည်ဟု သိရသည်။
ထို့ကြောင့် ရက်ကန်းရက်လုပ်သူများသည် ထွက်ရှိလာသော အထည်များကို အရင်းအနှီး စိုက်ထုတ်ပေးသော အထည်ဆိုင်များကို အပ်နှင်းကြရသည်။ ယင်းသို့ အထည်များကို အပ်နှင်းရသည့်အခါ လုပ်အားခအဖြစ် ငွေများ ရရှိကြသည်ဟုဆိုသည်။
ရခိုင်ရိုးရာအထည်များကို ရက်လုပ်သော ရက်ကန်းသူမများ၏ ဝင်ငွေမှာလည်း ကျွမ်းကျင်မှုအလိုက် ကွာဟမှုရှိသည်။ ပ ျှမ်းမ ျှ ရက်ကန်းရက်လုပ်သည့် အမျိုးသမီး၏ ဝင်ငွေမှာ တလတွင် ငွေနှစ်သိန်း ဝန်းကျင်ခန့်ရ ရှိကြောင်း သိရသည်။
“ဝင်ငွေကတော့ ပုံမှန်တွက်လို့ မရဘူး။ ကိုယ်လုပ်နိုင်ရင် လုပ်သလောက်ရတယ်။ တချို့ကလည်း တနေကုန် မနားမနေ ရက်တာရှိတယ်။ တချို့ကလည်း ရက်ကန်းစင်က ကိုယ်အိမ်အောက်မှာဆိုတော့ ညပိုင်း မီးထွန်းပြီး ရက်ကြတာ ရှိတယ်။ လုပ်နိုင်တဲ့သူက ဝင်ငွေ ပိုရတာပေါ့ ” ဟု မမြင့်မြင့်အေးက ရှင်းပြသည်။
ထိုကျေးရွာများတွင် ရက်ကန်းရက်လုပ်ခြင်း အတတ်ပညာသည် မိခင်ဖြစ်သူ၊ အစ်မဖြစ်သူ၊ နီးစပ်ရာ ဆွေမျိုး များမှတဆင့် သင်ယူကြသည်။ စိတ်ပါဝင်စားသော အမျိုးသမီးငယ်များအဖို့ တလမှ နှစ်လ အတွင်း ရက်ကန်းရက်လုပ်ခြင်းကို တတ်မြောက်ကြသည်ဟု ဆိုသည်။
ရက်ကန်းစင်များကို ၎င်းကျေးရွာများရှိ နေအိမ်အောက်တွင် ဆောက်လုပ်ထားကြသည်။ ရက်ကန်းစင်တခုတွင် ပါဝင်သာပစ္စည်းများမှာ ရဟတ်၊ ရွှန်းသီးလုံး၊ ရွှန်း၊ ရှား၊ ယာဉ်သွား၊ နှပ်ချည်၊ ကျော့ဝါးလုံး၊ နှပ်သီးတန်၊ ခြေနင်း၊ ယာဉ်ကြိုး စသည်တို့ ပါဝင်သည်။ အောက်ခြေကနေ ခြေတချက်နင်း လိုက်တိုင်း လက်ကလည်း ဟန်ချက်ညီညီလိုက်ပြီး ရက်လုပ်ရသည်။
ရက်ကန်းစင်များတွင် စကားပုံတခုရှိသည်။ ရွှန်းသီးကျသည် ဟူ၍ ဖြစ်သည်။ ရွှန်းသီးကျသော ကာလသား လူပျိုများမှာ “ငှောင်း ”တတ်သည် ဟုဆိုသည်။ အဓိပ္ပာယ်မှာ တသက်လုံး မိန်းမမရဘဲ လူပျိုကြီးဘဝဖြင့်ဆုံးခန်းတိုင်ခြင်းကို ဆိုလိုသည်။
ထို့ကြောင့် ကာလသားများသည် ရွှန်းသီးကျမည် စိုးသည့်အတွက် မိန်းမပျိုရှိရာ ရက်ကန်းစင်အနားသို့ မကပ်ရဲကြ။ ရက်ကန်းစင် အနီးသို့ လာရောက်တတ်သည့် ကာလသားများသည် မတော်တဆ ရွန်းသီးပြုထွက်သည့်အခါ ရွှန်းသီး ကျထိမှန်တတ်ကြောင်းလည်း မိန်းမပျိုများက ရယ်ရယ်မောမောဖြင့် ပြန်ပြောပြသည်။
အကြောင်းမှာ ရက်ကန်းသူမများ အလုပ်ပျက်မှာစိုးရိမ်၍ ကာလသားများ လာရောက်စကားပြောခြင်းမှ ကာကွယ်ရန် ရှေ့လူများကပြောဆိုခဲ့ခြင်း ဖြစ်ဟန်တူသည်။
ရက်ကန်းရက်လုပ်သည့်အတတ်ကို မိန်းကလေး တိုင်း တတ်မြောက်ရန် လွယ်ကူသော်လည်း အဓိကအခက်အခဲ တခုမှာ အရောင်တခုနှင့်တခု တွဲစပ်နိုင် ရန်ချည်ကောက်ခြင်း၊ ပန်းပွင့်လိုမျိုး သရုပ်ဖော်ခြင်း စသည့်ဖြင့်ဒီဇိုင်းဖော်ပေးသည့် ပညာပင်ဖြစ်သည်။
အဆိုပါ ဒီဇိုင်းပုံဖော်သည့် အတတ်ပညာကို တတ်မြောက်ထားသူများသည် ၎င်းကျေးရွာများတွင် ငယ်ရွယ်သူများ တတ်မြောက်မှုမရှိသေးပါ။ အသက် ၆၀ ကျော်၊ ၇၀ ပြည့် သက်ကြီးအမျိုးသမီး ၄ ဦး ၊ ၅ ဦးခန့်လောက်သာ ရှိကြောင်းသိရှိရသည်။ အနာဂတ်တွင် ဒီဇိုင်း ပန်းများကို ပုံဖော်သည့် အလုပ်မှာ ရှားပါး လာနိုင်ကြောင်းလည်း ရက်ကန်းသူမ များက ဆိုသည်။
ဈေးကွက်တွင် ရခိုင်ရိုးရာအထည်များမှာ ရောင်းအားကောင်းလျက်ရှိပြီး တထည်လျှင် အနည်းဆုံး ကျပ် ၈၀၀၀ မှ ကျပ် ၂၅၀၀၀ တန်အထိရှိကြောင်း စစ်တွေမြို့ မေယုလမ်းပေါ်မှ ရိုးရိုးလေး ရိုးရာဝတ်စုံ အထည်အရောင်း ဆိုင်မှ ဒေါ်စန်းစန်းအေးက ဆိုသည်။
“ကိုးရီးယား ဝတ်စားဆင်ယင်မှု ခေတ်စားနေတဲ့ခေတ်မှာ တိုင်းရင်းသား ရိုးရာဝတ်စုံတွေကိုလည်း လူငယ်ရော ၊ လူကြီး တွေရော အမြတ်တနိုး ဝယ်ယူဝတ်ဆင်မှုတွေ ရှိတဲ့အတွက် အထည်တွေ ရောင်းကောင်းပါတယ်။ အခု ကျမတို့ဆိုင်က ရန်ကုန်တို့ ၊ မန္တလေးတို့ကပါ ဆက်သွယ်မှာယူတာရှိပါတယ် ” ဟု ဒေါ်စန်းစန်းအေးက ဆိုသည်။
ရခိုင်ရိုးရာအထည်များ ဈေးကွက်တွင် နေရာရရှိလာရခြင်းမှာ တိုင်းပြည်အပြောင်းအလဲများနှင့် သက်ဆိုင်ပြီး လွှတ်တော် အမတ်များ အပါအဝင် အစိုးရဝန်ကြီးများကပါ အမြတ်တနိုး ဝတ်ဆင်လာခြင်း၊ ဒေသခံများ အနေဖြင့်လည်း မိမိတို့ ယဉ်ကျေးမှုအဖြစ် ခင်မင်ရင်းနှီးသူများအား လက်ဆောင်များပေးခြင်း၊ ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်ခြင်း တို့ကြောင်း ဈေးကွက် အတွင်း နေရာပြန်လည်ရှင်သန် လာရခြင်းဖြစ်သည်ဟု ရက်ကန်းရက် လုပ်သူများက ဆိုသည်။
ယင်းသို့ ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်းကို အဆင်မြင့်တင်နိုင်ရန်အတွက် ရက်ကန်းရွာဟု ခေါ်သည့် ဝါဘိုကျေးရွာအပါအဝင် ရက်ကန်းရက်လုပ်ကြသည့် အနီးဝန်းကျင်ရှိ ကျေးရွာများကို နိုင်ငံတော်မှ လမ်းပန်းဆက်သွယ်ရေး နှင့် လ ျှပ်စစ်မီး ရရှိလာအောင် အဓိက ဆောင်ရွက်ပေးရန် လိုအပ်နေသည်။
လက်ရှိအချိန်မှာတော့ မမြင့်မြင့်အေး အပါအဝင် ဝါဘိုကျေးရွာရှိ ရက်ကန်းစင်ပေါ်က မိန်းကလေးငယ်များမှာ ဆိုလာမီး အလင်းရောင် ကိုသာ အားကိုးပြီး ရိုးရာအထည်များကို ရက်လုပ်နေကြရသည်။ ရက်ကန်းစင်ပေါ်မှ ထွက်ပေါ်လာသော လက်ခတ်သံများမှာလည်း ရိုးရာကို ချစ်၍ လာရောက် လေ့လာသူများ အဖို့ စွဲမက်စရာ ကောင်းသော ဂီတသံတခုပင် ဖြစ်ပေသည်။