Lifestyle

နီပေါဝန်ကြီးများ ၆ လအတွင်း ကွန်ပျူတာ မသုံးတတ်ပါက ရာထူးမှ ဖယ်ရှားခံရမည်

နီပေါဝန်ကြီးချုပ် KP Sharma Oli က ဝန်ကြီးအသစ်တွေအနေနဲ့ ၆ လအတွင်း လက်ပ်တော့ကွန်ပျူတာ အသုံးပြုနည်းကို သင်ယူနိုင်ခြင်း မရှိပါက ရာထူးမှ ဖယ်ရှားခံရမှာ ဖြစ်ကြောင်း မေလ ၃ဝ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဒုတိယအကြိမ်မြောက်အဖြစ် နီပေါဝန်ကြီးချုပ်အဖြစ် တာဝန်ယူထား တဲ့ Oli က ဝန်ကြီးချုပ်ရုံး အနေနဲ့ ၆ လအတွင်း စာရွက်မဲ့ စနစ်ကို ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

ခတ္တမန္ဒူမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် နီပေါအမျိုးသား ဆရာများအဖွဲ့ချုပ်ရဲ့ အထွေထွေညီလာခံမှာ ဝန်ကြီးချုပ်က လက်ပ်တော့ ကွန်ပျူတာကို အသုံးမပြုတတ်တဲ့ ဝန်ကြီးများထဲမှ မည်သူမဆို ရာထူးမှ ဖယ်ရှားခံရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အကြောင်း Kathmandu Post သတင်းစာမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် Oli က “လာမယ့် ၆ လအတွင်း ရုံးစာရွက်မဲ့စနစ်ကို အကောင်အထည်ဖော်မယ်ဆိုတာနဲ့ အစည်းအဝေးရဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစဉ်တွေကို လက်ပ်တော့သုံးပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးများကောင်စီအစည်းအဝေး မှာ ကျနော်ပြောခဲ့ပြီးသားပါ”လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က ဝန်ကြီးများဟာ ၆ လအတွင်း လက်ပ်တော့ အသုံးပြုနည်းကို သူတို့ရဲ့ လက်ထောက်တွေဆီကနေ အကူအညီ ရယူနိုင်လည်း ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ်က “ ၆လကြာပြီးတဲ့နောက် ကိုယ့်ဘာသာ လက်ပ်တော့ မသုံးတတ်တဲ့ ဘယ်ဝန်ကြီးကို မဆို ကျနော်တို့ နှုတ်ဆက်ရမှာဖြစ်ပါတယ်”လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင်သူက ရာထူးမှဖယ်ရှားခံရတဲ့ ဝန်ကြီးတွေကိုလည်း နောက်ထပ် ရာထူးသက်တမ်း မတိုင်မီ အသုံးပြုနည်း သင်ယူနိုင်ဖို့ လက်ပ်တော့တွေကို ပေးအပ်မှာဖြစ်တဲ့အကြောင်း ထပ်လောင်း ပြောကြားထားပါတယ်။

အစိုးရက အချိန်အတိုင်းအတာ တခုအတွင်းမှာ နီပေါနိုင်ငံကို သတင်းအချက်နည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ နိုင်ငံ ဖြစ်အောင် ဖော်ဆောင်ရေး အပြင်းအထန် လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
Ref: ptinews

Loading