Lifestyle

အစ္စဏီရဲ့ အမှုမှာ တရားလို စူးရှထက်ကို စစ်ဆေးမှုများ စတင်ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် အစ္စဏီရဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ယနေ့ ဇွန် ၁ ရက်နေ့ တာမွေမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့ရာ တရားလိုဖြစ်သူ မဇာခြည်ဌေး(ခေါ်) စူးရှထက်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။

စစ်ဆေးမှုများ အပြီးမှာတော့ စွပ်စွဲခံရသူ အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်က တရားလို စူးရှထက်ကို “သူ (အစ္စဏီ) ထောင်ထဲမှာ နေရတာ ဒုက္ခရောက်နေတဲ့အကြောင်း” ပြောခဲ့တယ်လို့ တရားလိုရဲ့ မဇာခြည်ဌေးရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်ဆန်းအောင်က စစ်ဆေးမှုများအပြီး မီဒီယာများကို ပြောပြခဲ့ပါတယ်။

“အားလုံးပြီးတဲ့အခါမှာ စွပ်စွဲခံရသူက မဇာခြည်ဌေးကို အစ္စဏီက သူ့မှာ ထောင်ထဲမှာ နေရတာ ဒုက္ခရောက်နေတယ်။ သူ့ကို ထောင်ထဲမှာ ထားတော့မှာလား မသနားတော့ဘူးလားလို့ လှမ်းပြောတယ်။ မဇာခြည်ဌေးက ဘာမှ ပြန်မပြောပါဘူး”လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ယနေ့ရုံးချိန်းမှာတော့ တရားလိုဘက်မှ ထွက်ဆိုချက်များနှင့်အတူ တရားလိုနဲ့ စွပ်စွဲခံသူဘက်မှ ရှေ့နေများရဲ့ အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့ကြပြီး အပြန်အလှန်မေးခွန်းများမှာ မပြီးဆုံးသေးတဲ့အတွက် နောက်ထပ်တခါ ရုံးချိန်းကို ဇွန်လ ၈ ရက် နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

တရားလို မဇာခြည်ဌေးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်တဲ့အချိန်မှာ အခြားသူများ နားထောင်ခွင့် မရှိဘဲ တံခါးပိတ် စစ်ဆေးခဲ့တဲ့ အပေါ်မှာလည်း ဦးရောဘတ်ဆန်းအောင်က အခုလိုပြောပါတယ်။

“ဘာကြောင့် တံခါးပိတ်စစ်ရလဲဆိုရင် မုဒိမ်းမှုဖြစ်တဲ့အတွက် အစဉ်အလာအားဖြင့် တံခါးပိတ် စစ်ရပါတယ်။ အဲဒီလို မစစ်ရင် ထွက်ဆိုရတဲ့ မိန်းကလေးဟာ သူ့အရှက်နဲ့ သိက္ခာကို ထိခိုက်စေတဲ့ ထွက်ဆိုချက်တွေကိုပါ မခြွင်းမကျန် ထွက်ဆိုရတာ ဖြစ်တဲ့အတွက် အများရှေ့မှာ မသင့်တော်လို့ တရားရုံးမှာ တံခါးပိတ်စစ်ခဲ့တာပါ” လို့ပြောပါတယ်။

ယနေ့စစ်ဆေးခဲ့တဲ့အပေါ်မှာ စွပ်စွဲခံရသူ အစ္စဏီရဲ့ ရှေ့နေဖြစ်တဲ့ ဦးအုန်းသောင်းက “ဒီနေ့ စူးရှထက်ကို စစ်တာ မပြီးဘူး။ ကျနော်တို့ဘက်က အပြန်အလှန်မေးတာ လာမယ့်ရုံးချိန်းကို ဆက်မယ်။ တံခါးပိတ်ပြီး စစ်တာက တရားရုံးကနေ ဥပဒေအရ စစ်လို့ ရပါတယ်။ ကျနော်တို့ဘက်က အမှုသည်ရဲ့ ညွှန်ကြားချက်အရ အများကြီး ပြောစရာရှိပါသေးတယ်” လို့ ပြောပါတယ်။

စွပ်စွဲခံရသူ အစ္စဏီကတော့ တရားခွင်မှ ပြန်ထွက်လာတဲ့အချိန်မှာ “ဘေဘီကိုမေးလိုက်ပါ၊ လိမ်နေတာ ပျော်ရဲ့လားလို့ မေးလိုက်ပါ” ဆိုပြီး မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

တရားလို စူးရှထက်အနေနဲ့ ယနေ့ရုံးချိန်းကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်ပြီး ပထမဆုံး ထွက်ဆိုချက်များကိုလည်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ကိုတော့ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်အဆိုတော် အစ္စဏီ အမှုရုံးချိန်းကို တရားလို ခရီးလွန်နေခြင်းကြောင့် ရွှေ့ဆိုင်းထား

Did you find apk for android? You can find new Free Android Games and apps.
Loading