“သန့်မြန်မာ”က ပြုလုပ်တဲ့ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် အများပြည်သူ အသိပညာပေး လှုပ်ရှားမှုအစီအစဉ်မှာ နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ အကယ်ဒမီများရှင် ဆွေဇင်ထိုက်၊ အဆိုတော် ဇွဲပြည့် ၊ ဒီဇိုင်နာမပုံ့၊ မိတ်ကပ်ပညာရှင် ခင်စန်းဝင်း၊ မော်ဒယ်သရုပ်ဆောင် မြနှင်းရည်လွင်တို့က ပူးပေါင်းပါဝင်သွားမယ်လို့ သိရပါတယ်။
အဆိုပါ အနုပညာရှင်များမှ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆိုးကျိုးများအကြောင်းကို အများပြည်သူများ အကျယ်တဝင့် သိစေရန် ရုပ်သံဗီဒီယို ၅ကားကို ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။
“ကျမရဲ့အပိုင်းကတော့ မြစ်ထဲက ပလတ်စတစ်အိတ်တွေအကြောင်းကို ပြောရတာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ သက်သောင့်သက်သာဖြစ်မှု လောဘကြောင့် သဘာဝတရားကို ဒုက္ခရောက်စေတာဟာ ကျမတို့သားသမီးများ အပေါ်မှာ ကျမတို့တာဝန် မကျေရာ ကျပါတယ်။ ရှက်ဖို့လည်း ကောင်းပါတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သရွေ့ လုပ်သွားရမှာ ဖြစ်ပါတယ်” လို့ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအစဉ်မှာ ပါဝင်သွားမယ့် အကယ်ဒမီ ဆွေဇင်ထိုက်က ပြောပါတယ်။
အနုပညာရှင်များမှ ပါဝင်ရိုက်ကူးထားတဲ့ ၁ မိနစ်တာ ကြာမြင့်သော ရုပ်သံဗီဒီယိုများထဲတွင် ပလတ်စတစ်သည် ပတ်ဝန်းကျင်ကိုသာမက လူသားတို့ရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေမှုတို့ကို ရိုက်ပြထားပါတယ်။ ဒီဗီဒီယိုများကိုတော့ ရန်ကုန်မြို့ရဲ့ မတူညီသောနေရာများမှာ ရိုက်ကူးထားတာဖြစ်ပြီး ဗီဒီယိုမှတဆင့် ပေးချင်သော သတင်းစကားကတော့ “ပလတ်စတစ်သုံးတာ ရပ်ကြစို့” ဖြစ်ပါတယ်။
နိုင်ငံကျော် အနုပညာရှင်များ၏ ပလတ်စတစ်လျှော့ချမှု အသိပညာပေး ရုပ်သံဗီဒီယိုများ ထုတ်လွှတ်ပြသမှုမှာ ဇွန်လ ၅ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ မတိုင်မီ သန့်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်တဲ့ အစီအစဉ်များရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈ခုနှစ် မတ်လမှာ ဖွဲ့စည်းခဲ့တဲ့ သန့်မြန်မာသည် မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိသာ မြင်သာ ရှိလာအောင် လုပ်ဆောင်ရန်နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ လျှော့ချနိုင်ရန်အတွက် ရှေ့ဆောင်ကာ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်။
အဆိုပါလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်မှာ ၂၀၂၅ခုနှစ်တွင် မြန်မာနိုင်ငံရှိ တဦးတယောက်ချင်း၊ ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အစည်းမျာ ၊ အစိုးရများသည် ခိုင်မာသော ကတိကဝတ်များဖြင့် ပလတ်စတစ်အသုံးပြုမှု လျှော့ချနိုင်ရန်၊ ပြန်လည်အသုံးပြုရန်နှင့် အသုံးပြုပြီးသား ပလတ်စတစ်များအား ပြန်လည် ထုတ်လုပ်အသုံးပြုစေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။