Lifestyle

ကြောင်ကို ရိုက်နှက်တဲ့ ခင်ပွန်းကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အမျိုးသမီး

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်တဲ့ Mary Harrison ဟာ အသက် ၄၉ နှစ်အရွယ်၊ သူ့ရဲ့ ခင်ပွန်း Dexter ကို ဒဲလက်စ်မြို့မှာရှိတဲ့ သူတို့ရဲ့ အိမ်မှာ ဇွန်လ၂ ရက်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက သူမရဲ့ အချစ်တော် အိမ်မွေးကြောင်လေးကို ရိုက်နေလို့ သူ့ကို ပစ်သတ်လိုက်တာဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့ထံ အဲဒီအမျိုးသမီးက ဖြောင့်ချက်ပေးထားပြီး ဖြစ်ပါတယ်။ ခင်ပွန်း Dexter ကတော့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီး Mary ကိုတော့ အမေရိကန် ဒေါ်လာ ၁ သိန်း အာမခံနဲ့ ဖမ်းဆီးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂ ရက်နေ့၊ အမေရိကန် ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ Mary ဟာ ခင်ပွန်းသည်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာတော့ Mary က သူနဲ့ သူ့ခင်ပွန်းဟာ အချင်းများခဲ့ကြပြီး မိသားစုပိုင် ကြောင်လေးကို ရိုက်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေထံမှာပဲ သူက ချက်ချင်းဆိုသလို ဖြောင့်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခင်ပွန်း Dexter ကို Presbyterian ဆေးရုံသို့ ပို့ဆောင်လိုက်ပေမယ့် အဲဒီမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Mary ကိုတော့ အခုလောလောဆယ် ဖမ်းဆီး ချုပ်နှောင်ထားပြီး Lew Sterrett တရားရေးစင်တာမှာ ဒေါ်လာ ၁ သိန်း အာမခံနဲ့ အကျဉ်းချထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီး Mary ဟာ လူသတ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အိမ်နီးချင်းတွေ အပြောအရကတော့ သူတို့ လင်မယားနှစ်ဦးနဲ့ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် သားတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က  ဒဲလတ်စ်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ အဲဒီဒေသကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဆိုအရ အရိုက်ခံရတဲ့ကြောင်လေးဟာ ပျောက်ဆုံးနေခဲ့ပြီး ဇနီး Mary က အနီးနားပတ်ဝန်းကျင်မှာ  ပျောက်ဆုံးကြောင်း စာတွေ လိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြောင်လေးဟာ ပြန်ရောက်မလာခဲ့ပါဘူး။

အိမ်နီးချင်းတဦးဖြစ်သူ Carl Phillips က “ကြောင်တကောင်အတွက် လူတယောက်အပစ်ခံရတယ်။ ရူးလိုက်တာ။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကြောင်တကောင်ကြောင့် အမျိုးသားတယောက်က သူ့ဘဝကို ဆုံးရှုံးလိုက်ရတယ်။  ကျနော်ဆိုလိုတာက လူတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ချစ်ကြပါတယ်။ ဒါပေမယ့် ကြောင်တကောင် အတွက် လူသေပေးရတာမျိုးအထိတော့ အစွန်းမရောက်ကြနဲ့ပေါ့” လို့ ဒေသဆိုင်ရာ ရဲဌာနကို ပြောကြားခဲ့ပါတယ်။

Ref: dailymail

Loading