Lifestyle

“ပိုလီယိုကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ အချိန် ၈ နှစ် ယူခဲ့ရတယ်” လို့ ပြောလာတဲ့ အမီတာဘဂျမ်း

ဘောလိဝုဒ် မင်းသားကြီး Amitabh Bachchan (အမီတာဘဂျမ်း) ဟာ ပိုလီယိုကင်းစင်တဲ့ အိန္ဒိယနိုင်ငံဖြစ်ဖို့ အချိန် ၈ နှစ် ယူခဲ့ရတဲ့ အကြောင်းနဲ့ အခုလိုမျိုးလုပ်ဆောင်တဲ့နေရာမှာ တတပ်တအား ပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိကြောင်း ပြောဆို ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ ၂၀၁၄ ခုနှစ်မှာ ပိုလီယိုကင်းစင်ကြောင်း ကြေညာခြင်း ခံခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်ကစလို့ အိန္ဒိယနိုင်ငံမှာ ပိုလီယိုကင်းစင်ရေး ကမ်ပိန်းအတွက် UNICEF ရဲ့ သံတမန် တဦး ဖြစ်လာခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် မင်းသားကြီး အမီတာဘဂျမ်းဟာ အဲဒီ ရောဂါနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ လုပ်ဆောင်တဲ့နေရာမှာ သူ့ရဲ့ ကြော်ငြာက အကူအညီတခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ ကမ်ပိန်းကို စတင်တဲ့အခါမှာ အရမ်းကြီး မအောင်မြင်ခဲ့ပါဘူး။ လူတွေကလည်း ထင်ထားသလောက် လက်မခံခဲ့ကြပါဘူး။ ဒါပေမယ့် Pandey အဖွဲ့က ကျနော့် ကြော်ငြာမှာ ဒေါသထွက်နေတဲ့ အဘိုးကြီး တဦးပုံစံ ဖြစ်စေချင်ပြီး ပိုလီယိုရောဂါ ကာကွယ်ဆေး မသောက်တဲ့လူတွေကို ဆူပူအပြစ်တင်ဖို့ စကားပြောစေချင်ခဲ့တာပါ။ ပြီးတော့ အဲဒါ အလုပ်ဖြစ်ခဲ့ပါတယ်” လို့ အမီတာဘဂျမ်းက ပြောကြားခဲ့ပါတယ်။

မင်းသားကြီးက ဆက်ပြီး “ကျေးလက်ဒေသတွေမှာ အမျိုးသမီး နည်းနည်းလောက်က ဘာလို့ ပိုလီယိုရောဂါ ကာကွယ် ဆေးလာတိုက်တာလဲဆိုပြီး လာမေးကြတာရှိပေမယ့် သူတို့ ဒီအဘိုးကြီး ကျနော့်ကို ဒေါသထပ်မထွက်စေချင်ကြဘူးလေ။ ကျနော်တို့နိုင်ငံမှာ ပိုလီယို ကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ အချိန် ၈ နှစ် ယူခဲ့ရတယ်။ အဲဒီမှာ ပါဝင်ခွင့်ရလို့ ကျနော် ပျော်ရွှင် မိပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မင်းသားကြီးဟာ အကောင်းဆုံး ဖန်တီးတီထွင်မှုတွေကို ဂုဏ်ပြုတဲ့ “Kyoorius Creative Awards” ဆုပေးပွဲမှာ “Master of Creativity” ဆုနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ မင်းသားကြီး အမီတာဘဂျမ်းကို ကမ္ဘာတဝန်းမှာ ကြော်ငြာပေးမှုနဲ့ ဈေးကွက်မြှင့်တင်ရေးတို့ ဖြန့်ချိလုပ်ဆောင်နိုင်မှုအတွက် ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Ref:ptinews

Loading