လက်မှတ်ထိုးထားတဲ့ လက်ကိုင်အိတ်တွေကို တီထွင်ခဲ့ပြီး နာမည်ကျော်ကြားခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ တဦးဖြစ်သူ Kate Spade ဟာ နယူးယောက်မြို့မှာရှိတဲ့ သူ့ရဲ့ တိုက်ခန်းမှာ ဇွန်လ ၅ ရက်နေ့၊ မနက်ပိုင်းက ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့ အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ် Spade ဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့ခြင်း ဖြစ်ပြီး Manhattan ဒေသရဲ့ Upper East Side မှာရှိတဲ့ Park Avenue က သူ့အိမ်အကူက သူ့ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတွေရဲ့ ပြောစကားကို ကိုးကားပြီး New York Daily သတင်းက ဆိုပါတယ်။
မစ်ဆူရီပြည်နယ်၊ ကတ်စ်ဆက်စီးတီးမှာ မွေးဖွားခဲ့တဲ့ Spade ဟာ ပိတ်လိုက်ရပြီဖြစ်တဲ့ “Mademoiselle” လို့ အမည်ရတဲ့ မဂ္ဂဇင်းမှာ အဝတ်အထည် ဆက်စပ်ပစ္စည်းဆိုင်ရာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အမျိုးသားဖြစ်သူ Andy Spade တို့ဟာ ၁၉၉၃ ခုနှစ်မှာ Kate Spade New York လို့အမည်ရတဲ့ ဒီဇိုင်း ကုမ္ပဏီတခုကို ထူထောင်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အဲဒီနောက်နှစ်မှာပဲ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ကိုင်အိတ်တွေကို စတင် ရောင်းချခဲ့ပြီးနောက် အဝတ်အထည်၊ လက်ဝတ်ရတနာ၊ အိပ်ယာ၊ ခြေဝတ်ပစ္စည်းနဲ့ ရေမွှေးတို့ အပါအဝင် နယ်ပယ် တချို့ဘက်ကို လည်း ချဲ့ထွင်ခဲ့ပါတယ်။
သူတို့ရဲ့ Brand ဟာ အသက်ငယ်ရွယ်တဲ့ ဝန်ထမ်း အမျိုးသမီးတွေအတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် ဇိမ်ခံ ပစ္စည်းအဖြစ် နာမည်ကျော်ကြားခဲ့ပြီး ဖက်ရှင် အင်ပါယာတခုကို ထူထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ သမီးလေး Frances Beatrix Spade ကို ပြုစုပျိုးထောင်ဖို့ ၂၀၀၆ ခုနှစ်မှာ သူတို့ရဲ့ Brand မှာ ကျန်ရှိခဲ့ နောက်ဆုံး ရှယ်ယာကို ရောင်းချခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ အခုအသက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ သမီးလေး နာမည်ကို အစွဲပြုပြီး “Frances Valentine” လို့ အမည်ရတဲ့ ခြေဝတ်နဲ့ ဆက်စပ်ပစ္စည်းတခုကို မိတ်ဆက်ခဲ့ပါတယ်။ Coach လို့ လူသိများတဲ့ လက်ကိုင်အိတ်ကုမ္ပဏီက Kate Spade ရဲ့ Brand ကို ၂၀၁၇ ခုနှစ် မေလမှာ ဝယ်ယူခဲ့ပါတယ်။
Kate Spade New York ကုမ္ပဏီကတော့ အဲဒီသတင်းဟာ အထူးဝမ်းနည်း ကြေကွဲဖို့ ကောင်းကြောင်း ကြေညာချက် တခုမှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိက ဖက်ရှင်ဒီဇိုင်နာ ကောင်စီကလည်း အမေရိကန်ဖက်ရှင်နဲ့ အမေရိကန် အဝတ်အထည် ဆက်စပ်ပစ္စည်းတွေ အပေါ်မှာ ထူးခြားတဲ့ ပါရမီရှင်တဦး ဖြစ်တဲ့အကြောင်း ဖော်ပြပြောဆို ထားပါတယ်။
Ref: chinadaily