Entertainment

မင်္ဂလာသက်တမ်း ၁၂ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ ခီမောင်နှံ

Want create site? Find Free WordPress Themes and plugins.

ယနေ့ဇွန်လ၂၅ရက်နေ့ဟာ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ မင်္ဂလာသက်တမ်း ၁၂နှစ်ပြည့်တဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခီဇနီးမောင်နှံတို့က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြနန္ဒာ ကမ္ဘောဇ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်တွေ၊ အနုပညာ မောင်နှမတွေနဲ့အတူ မင်္ဂလာ ကိတ်ခွဲကာ မင်္ဂလာအလှူ ပြုလုပ်ခဲ့ပါတယ်။

ခီဇနီးမောင်နှံဟာ အမေရိကန်နိုင်ငံမှာ ကတည်းက အတူတူလက်တွဲလာပြီး တယောက်ကိုတယောက် အမြဲဖေးမကာ ကူညီသူတွေအဖြစ် လက်တွဲလာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာလောကမှာ လုပ်ကိုင်လာခဲ့တာ ကြာပြီဖြစ်ပြီး နှစ်ယောက်သားအတူ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အောင်မြင်မှုကို အလွယ်တကူ ရခဲ့တာမဟုတ်တဲ့ ခီမောင်နှံကို ပရိသတ်တွေက အားပေးခဲ့သူတွေ ရှိသလို ဝေဖန် ပြောဆိုသူတွေလည်း ရှိနေပါတယ်။ ခီမောင်နှံဖန်တီးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်း ဇာတ်ကွက်ရိုက်ကူး တင်ပြပုံ တွေဟာ ပုံမှန်ရုံတင်နေကျ သာမာန်မြန်မာရုပ်ရှင်တွေဇာတ်လမ်းနဲ့ သိသိသာသာ ကွဲပြားထူးခြားနေခဲ့တာ ပရိသတ်ကို ပိုပြီး စိတ်ဝင်စားစေခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူ မင်းသား ဇဏ်ခီ ဦးဆောင် ပါဝင်ထားတဲ့ “မုဒြာခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်တို့ဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ခီမောင်နှံတို့ရဲ့ နှစ်ဦးသား အိမ်ထောင်ရေး တည်မြဲနေတဲ့ အဓိက သော့ချက်ကိုလည်း ဧရာဝတီနဲ့ တွေ့ဆုံ မေးမြန်းမှု တခုမှာလည်း အခုလို ဖြေကြားခဲ့ဖူးပါတယ်။

“တယောက်နဲ့တယောက် ဘော်ဒါတွေလိုပဲ ဖြစ်အောင်နေတယ်၊ သူငယ်ချင်းတွေလိုပဲ သွားလာ စားသောက်တယ်။ စာချုပ်တခုလို အရမ်း serious လုပ်ပြီးတော့ ငါတို့လင်မယား နှစ်ယောက် မှတ်ကျောက်ကြီး တည်ပြီဟေ့ဆို မရတော့ဘူး။ အဲလိုမျိုး မဖြစ်အောင်နေတယ်ပေါ့၊ တတ်နိုင်သလောက် ယုံကြည်မှု တခု ရှိပေးတယ်။ အဲဒီနောက်ပိုင်းမှာ တယောက်နဲ့ တယောက် စိတ်ဝင်စားမှုလေး မလျော့သွားအောင် အဲ့ကိစ္စကလည်း အရေးကြီးတယ်ပေါ့ အဲဒါလေးနဲ့ပဲ ဆက်သွားတယ်” လို့ ဇဏ်ခီက ဧရာဝတီကို ဖြေကြားခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီလည်း ခင်ပွန်းဖြစ်သူ ဇဏ်ခီကို မိန်းကလေးတွေက သဲသဲလှုပ် အားပေးကြတဲ့အပေါ် သဝန်တိုတာမျိုး ရှိလားဆိုတဲ့ အမေးကိုတော့ “မရှိပါဘူး၊ မရှိပါဘူးဆိုတာ ဒီလိုပေါ့၊ ပထမဦးဆုံးကတော့ ခုနပြောသလို သူ့ Career အရ ကိုယ်က ကောင်းတယ်၊ ဒီလိုကြိုက်ခံရတယ်ဆိုတာ သူဖြစ်ချင်တဲ့ဘဝ စရတယ်ပေါ့၊ ဒီလိုမျိုး မရှိဘူး ဆိုရင်တော့ ရုပ်ရှင်မင်းသား ဖြစ်လာစရာအကြောင်းမရှိဘူးလေ ဒါကိုလည်းနားလည်တယ်ပေါ့ ကိုယ်ကလည်း ဖြစ်စေချင်တယ်” လို့ ဆိုပါတယ်။

“နောက်တခုက ကျတော့ အစ်မက သဝန်တိုတာကို ဒီလိုလေးပဲတွေးလိုက်တယ်၊ သဝန်တိုတယ်ဆိုတဲ့ အရာက ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်တာပဲ၊ ကိုယ့်ကိုယ်နိမ့်ချလိုက်တဲ့အခါမှာကိုယ့်ကိုယ် သိမ်ငယ်စိတ်တွေ ဝင်လာတယ်၊ သိမ်ငယ် ပြီးတော့သူ့ကို တခါ pressure တွေပိုပေးမယ်။ မဟုတ်နိုးနိုး မဟုတ်နိုးနိုး အဲလိုသံသယမျိုးတွေနဲ့ နေရတဲ့သူတယောက်က သိပ်ပူလောင်တယ်လို့ ကျမမြင်တယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

သရုပ်ဆောင် ဇာဏ်ခီဟာ မကြာခင်သေးက ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့လည်း Ooredoo ကြော်ငြာကို ပြည်ပမှာ သွားရောက်ရိုက်ကူးခဲ့ပြီး ပရိသတ်များ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ လက်ရှိမှာ ကြော်ငြာများလည်း ရိုက်ကူးနေပြီး ခီမောင်နှံ နှစ်ဦးဟာ အခုချိန်မှာ ချစ်စရာသားလေး နိုဝါနဲ့ ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်“အဖေများနေ့” အမှတ်တရများနဲ့ ခီမောင်နှံ

Did you find apk for android? You can find new Free Android Games and apps.
Loading