Rap သီချင်းတွေနဲ့ပရိသတ်တွေ အသိအမှတ်ပြုထားခြင်းခံလာရတဲ့ အဆိုတော် Wai လျှံက အိမ်ထောင်ကျပြီး အမြွာသားယောကျာ်းလေး နှစ်ဦးရဲ့ ဖခင်တယောက်ဖြစ်နေပြီ ဖြစ်ပါတယ်။
အိမ်ထောင်ကျပြီး ဂီတအလုပ်များနဲ့ အဆက်သွယ်ပြတ်သလိုဖြစ်နေတဲ့အတွက် အနုပညာဘက်မှာ အားနည်းသွားတယ်လို့ Wai လျှံက ဧရာဝတီကို ပြောပါတယ်။
“ကျနော်ကို ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတယ်ဆိုပြီး ပြောကြတယ်။ အမှန်တကယ်တော့ အခွေတွေလည်း ထွက်နေပါသေးတယ်။ ကျနော်တို့ အနုပညာရှင်တွေဘက်က အားနည်းသွားတယ်ပဲ ပြောရမလား ပရိသတ်တွေဆီကို ရောက်အောင်မပို့ပေးနိုင်ခဲ့ဘူး အဲ့တော့ အဆက်အသွယ်ပြတ် သလိုဖြစ်သွာတယ်” လို့ အဆိုတော် Waiလျှံက ပြောပါတယ်။
“ပြီးတော့မှ သားလေးနှစ်ယောက်မွေးပြီးတော့မှ Facebook ပေါ်ကနေ Share ကြတာနဲ့ ကျနော်ကို ပြန်ပြီး သတိထားမိသွားတယ်။ အဲ့လိုပြန်သတိထားမိလာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော် အများကြီး ကြိုးစားနေပါတယ်။ အခုဆိုလဲ ကျနော်လုပ်ထားတဲ့ သီချင်းတွေကို အရင်တုန်းကပို့ပေမယ့် အဲ့လောက် မရောက်ဘူး” လို့ Waiလျှံက ဆိုပါတယ်။
“ အခုနောက်ဆုံးထွက်ထားတဲ့ “စော်ကြည်ကလေးအဖေ” ထွက်တဲ့ အချိန်မှာတော့ ပရိသတ်ဆီကိုတနေရာ လောက်ရောက်အောင် ပို့ပေးလိုက်တယ်။ထပ်ပြီးခွေတွေ သီချင်းတွေ ထပ်ရောက်လာရင် ပရိသတ်တွေဆီ ရောက်အောင်အများကြီးပို့ပေးပါ့မယ်” လို့လည်း Wai လျှံက ဆိုပါတယ်။
အဆိုတော် Wai လျှံက Online ကနေလည်း သီချင်းတွေ ဖြန့်ချိဖို့ရှိသလို စာများဖတ်ပြီး မိဘမေတ္တာဘွဲ့ သီချင်းတွေလည်း ရေးဖို့ရှိတယ်လို့ဆိုပါတယ်။
“အခုတော့ သားတွေနဲ့ ပတ်သက်ပြီး မိဘမေတ္တာလို သီချင်းတွေရေးဖို့တော့ မရှိသေးပါဘူး။ ကျနော်အမေက အရင်ကတည်းက ပြောတယ်။ အမေကို ရည်ရွယ်တဲ့ သီချင်းလေးရေးပါလား ပြောဘူးတယ်။ ကျနော် ရေးပေမယ့် ကျနော် ဖန်တီးတဲ့ မြူးဇစ်နဲ့ မိဘမေတ္တာနဲ့ကျတော့မလေးနက်ဘူး လို့ခံစားရတယ်”
“ကိုယ်ချစ်သလောက် ကိုယ်တန်ဖိုး ထားသလောက်ကို ကျနော်ရေးတဲ့ သီချင်းကမရောက်ဘူး ဖြစ်နေတယ်။ ကျနော်လုပ်တဲ့ သီချင်းပုံစံတွေနဲ့ ကျတော့ ဒီလိုသီချင်းတွေက အန်ဝင်ခွင်ကျမဖြစ်ဘူး ဖြစ်နေတယ်။သားတွေနဲ့ ပတ်သက်ပြီးတော့ စော်ကြည်ကလေး အဖေ လို Fancy သီချင်းပုံစံလေးတွေတော့ ရေးဖြစ်တယ်။ ကြိုးစားပြီးတော့ ရေးမှာပါ” လို့ Waiလျှံက ဆိုပါတယ်။
“ကျနော်လည်း စာဖတ်အားနည်းနေသေးတဲ့အတွက် စာလည်း များများဖတ်ပြီးတော့ တပုဒ်လောက်တော့ ကြိုးစားပြီး ရေးကြည့်ဦးမှာပါ။ Online ကနေလည်း သီချင်းတွေလည်း အများကြီး ဖြန့်သွားဖို့ရှိပါတယ်။ နှစ်ခွေစာလောက်ရှိနေပါပြီ၊ မရောက်ဖြစ်တာပါ။ တလတပုဒ်လောက် Online ကနေဖြန့်နိုင်အောင် ကြိုးစားနေပါတယ်’’လို့ပြောပါတယ်။
အဆိုတော် Wai လျှံ သီဆိုထားတဲ့ “စော်ကြည်ကလေးအဖေ” သီချင်းက အဆိုတော်Dဖြိုးနဲ့ အတူတွဲဆိုထားတာ ဖြစ်ပြီး ပရိသတ်များအားပေးမှုကို ခံထားရပါတယ်။