ကမ္ဘာ့စမတ်ဖုန်း အမှတ်တံဆိပ် Huawei ကုမ္ပဏီဟာ 5G အဆင်သင့် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတလုံးကို လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ ထုတ်သွားဖို့ရှိကြောင်း အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ MWC Shanghai ပွဲမှာ Huawei ရဲ့ အလှည့်ကျ ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ Eric Xu က Huawei ကုမ္ပဏီဟာ မိုဘိုင်းကွန်ရက် စံနှုန်းအသစ်ဖြစ်တဲ့ 5G ကို တွန်းအားပေးတဲ့အနေနဲ့ လာမယ့်နှစ်အတွင်း 5G နည်းပညာနဲ့ ဆက်စပ်တဲ့ ပစ္စည်းအများအပြားကို ထုတ်လုပ်ဖို့ရှိကြောင်း တရားဝင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကုန်ပစ္စည်း အသစ်တွေထဲမှာ 5G-ready ဖုန်းတမျိုးလည်း ပါလာမှာဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မိတ်ဆက်ဖို့ ရှိတယ်လို့ Eric Xu က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် 5G ဖုန်းမတိုင်ခင်မှာ 5G အတွက် Kirin မိုဘိုင်း Processor အသစ်တမျိုး အရင်မိတ်ဆက်သွားဦးမှာ ဖြစ်ပါတယ်။
“မြန်နှုန်းမြင့်မြင့်မှ သုံးချင်ပါတယ်ဆိုတဲ့ အသုံးပြုသူတွေအနေနဲ့ ဒီ Products အသစ်တွေကနေ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ 5G ကွန်ရက်အသစ်ကို အပြည့်အဝ ခံစားအသုံးချနိုင်မှာပါ” လို့ Xu က ဆိုပါတယ်။
Huawei ရဲ့ 5G-ready ဖုန်းဟာ ဘာဖုန်းမော်ဒယ် ဖြစ်မလဲဆိုတာကိုတော့ အတိအကျ မပြောထားပါဘူး။ ဒါပေမယ့် Huawei ရဲ့ အနောက် ဥရောပတိုက် ဥက္ကဋ္ဌဖြစ်သူ Walter Ji က T3 ဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့တဲ့ စကားအရဆိုရင် Huawei P30 နဲ့ P30 Pro ဖုန်း ဒါမှမဟုတ် Mate စီးရီးအသစ်တွေဟာ 5G တန်းသုံးနိုင်တဲ့ ပထမဆုံးဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။
“လာမယ့်နှစ်ထဲမှာ ကျနော်တို့ဘက်က Flagship product နှစ်ခု ထုတ်ဖို့ ရှိပါတယ်။ မတ်လထဲမှာဆိုရင် P စီးရီးအသစ်နဲ့၊ အောက်တိုဘာလထဲမှာဆိုရင် Mate စီးရီးအသစ် ဖုန်းတွေပါ။ အဓိက ကတော့ 5G ဟာ ပါဝါသုံးစွဲမှု အများအပြား လိုအပ်တာကြောင့် Chipset အပေါ်မှာပဲ မူတည်သွားပါလိမ့်မယ်။ လက်ရှိ 5G Chipset တွေက စမတ်ဖုန်းထဲ ထည့်သုံးလို့ ရအောင် မသေး, သေးပါဘူး။ ဒါကြောင့် P30 မှာ မဟုတ်ရင် သေချာပေါက် Mate စီးရီးအသစ်မှာ ပါလာမှာပါ” လို့ Ji က ရှင်းပြခဲ့ပါတယ်။
5G နည်းပညာသစ်ကို တကမ္ဘာလုံးမှာ ၂၀၂၀ ခုနှစ်ကျမှ ထုတ်လွှင့်မိတ်ဆက်ဖို့ ရှိပေမယ့်၊ Huawei အပါအဝင် တချို့ ကုမ္ပဏီတွေဟာ ၂၀၂၀ ထက် ပိုစောပြီး မိတ်ဆက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
Huawei ဟာ ပထမဆုံး အများပြည်သူလူထုအသုံးပြုနိုင်တဲ့ 5G ကွန်ရက်ကို ၂၀၁၈ ခုနှစ်အကုန်မှာတင် စတင်လွှင့်တင် အသုံးပြုနိုင်ဖို့အတွက် အစီအစဉ်ချထားပြီး၊ အဆိုပါအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် 5G အဆင်သင့်အသုံးပြုနိုင်တဲ့ Modem တမျိုးကိုလည်း ပြီးခဲ့တဲ့ MWC 2018 ပွဲမှာ မိတ်ဆက်ပြသခဲ့ပြီး ဖြစ်ပါတယ်။
Huawei ဟာ 5G နည်းပညာကို ဆက်လက်လေ့လာဖို့အတွက် BT ၊ EE နဲ့ Vodafone အပါအဝင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းကွန်ရက် ကုမ္ပဏီကြီး ၃၀ ကျော်နဲ့လည်း လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ 5G နည်းပညာအတွက်တင် အနည်းဆုံး ဒေါ်လာသန်းပေါင်း ၆၀၀ ကျော် အကုန်ကျခံ၊ သုံးစွဲထားတယ်လို့ သိရပါတယ်။
Ref: Tech Radar, Huawei, T3