မြန်မာနိုင်ငံရဲ့ လူကုံထံနှင့် အစိုးရ အသိုင်းအဝိုင်း အတွင်းမှာသာမက ထိုင်းနိုင်ငံအထိပါ နာမည်ကြီးတဲ့ အကြားအမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း (ခေါ်) ဆရာမ ET ကတော့ ကွယ်လွန်သွားပြီ ဖြစ်ပေမယ့်လည်း ညီမဖြစ်သူ ဒေါ်သီသီဝင်းက သူမရဲ့ပညာအမွေများဆက်ခံပြီး အကြားအမြင်များကို ဆက်လက် ဟောပေးနေတယ်လို့ သိရပါတယ်။
အကြားအမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း (ခေါ်) ဆရာမ ET ကတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိနေအိမ်မှာ သေဆုံးသွားခဲ့ပြီး ယခုဆိုရင် ၁၀လတာမျှ ရှိနေပြီဖြစ်ပါတယ်။
ဆရာမကွယ်လွန်သွားပြီ ဖြစ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များက ဆရာမနာမည် ကျန်နေစေရန်အတွက် အလှူအတန်းများကို အဆက်မပြတ် လှူဒါန်းပေးလျက် ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာမ ET ရဲ့ ညီမဖြစ်သူ ဒေါ်သီသီဝင်းကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အန်တီ အခုဆိုရင် ဗေဒင်တွေ ဟောပေးနေတယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်လို့ သိချင်ပါတယ်။
ဖြေ။ ။ ပြန်ဟောပေးနေပါတယ်။ ၇ ရက်သားသမီးကို ပြန်ကယ်တင်တာပေါ့နော်။ တခါတလေကျရင် အစ်မက လာပြီးတော့ စကားတွေ ဘာတွေပြောတာတို့ လူကိုတို့သွားတာတို့၊ လူလာပြီးတော့ ဖြစ်ချင်တာတွေ လုပ်ချင်တာ တွေပြောတယ်။
မေး။ ။ ဆရာမ ကွယ်လွန်ပြီးနောက် ဘယ်လိုထူးခြားမှုတွေရော ရှိခဲ့လဲ။
ဖြေ။ ။ အန်တီက မနက်တိုင်း ၃နာရီခွဲ ၄နာရီဆို ထတယ်။ သူမဆုံးခင်ကတည်းက အန်တီက ပဌာန်းရွတ်တယ်။ အခုဆိုရင် မနက် ၄နာရီလောက်ဆို တပတ်ကို ၂ရက်လောက်တော့ သူလာတယ်။ အန်တီ နိုင်ငံခြားတွေမှာ သွားဟောတဲ့ အခါမျိုးတွေဆို အန်တီ့ဘေးမှာ သူ့ကို နေရာထားပေးရတယ်။ အဲဒီလိုနေရာ မထားပေးရင် အန်တီ့ကိုယ်ကို ဆိတ်လိုက်သလိုလို ၊ အန်တီလက်တွေက မည်းသွားတာမျိုးတွေ ဖြစ်တယ်။ ကြည့်လိုက်ရင် နေရာ မပေးလို့ ဖြစ်တာမျိုး အဲလိုမျိုးတွေဖြစ်တတ်တယ်။
မေး။ ။ အဲဒီလိုတွေ ဖြစ်နေတာကရော ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ အမြဲလိုပါပဲ။ သူဆုံးပြီးကတည်းက အန်တီ့ကိုယ်ထဲ ဝင်တာပဲ။ အန်တီနဲ့သူနဲ့က အထက်အောက် ဆိုပေမယ့် အန်တီစကားပြောမှ သူစကားပြောတာလေ။ အန်တီလမ်းလျှောက်မှ သူလျှောက်တာ။ စာကလည်း အရမ်းတော်တယ်။ အန်တီက စာအရမ်းကျက်တယ်။ သူ့လောက်မတော်ဘူး။ အရမ်းအံ့သြဖို့ကောင်းတယ်။ မဆွေရယ် စာလည်း မကျက်ဘဲနဲ့ ဘာလို့ အဲဒီလောက်တော်တာလဲလို့ မေးရင် စာရွက်ထဲမှာပေါ်တာတွေ လိုက်ကောက်ရေးတာတဲ့။ အဲဒီလို ထူးဆန်းမှုတွေ ရှိတယ်။ ၄ တန်းအောင်ပြီး ၅ တန်းကို တလပဲ တက်ရသေးတယ်။ ABC မသင်ဖူးဘူး။ အန်တီတို့တုန်းက ၅တန်းမှ အင်္ဂလိပ်စာ စတင်ရတာ။ အင်္ဂလိပ်စာကို အမြင့်ဆုံးရေးတတ်တယ်။ တခြားဘာသာတွေလည်း တတ်တယ်။

မေး။ ။ အန်တီအနေနဲ့ သူနဲ့ပတ်သက်ပြီးတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အန်တီကတော့ သူမသေသေးဘူးပဲ ထင်တယ်။ အန်တီ့ကို သူများတွေကတော့ စိတ်ကမှန်ပါ့မလားလို့ ထင်မယ်။ အလှူတွေ အရမ်းလုပ်ဖြစ်တယ်။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဆရာမ ET အလှူလေ ဆိုတာမျိုး လူသေသွားပေမယ့် နာမည် မသေတာမျိုးဖြစ်စေချင်လို့ ဆက်လက်ပြီးတော့လည်း လှူသွားပါမယ်။ အတတ်နိုင်ဆုံး အစ်မရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးသွားမှာပါ။
မေး။ ။ သူမဆုံးခင်မှာရော အန်တီကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ အန်တီတို့က သူ မဆုံးခင် ၅နှစ်အလိုမှာ အန်တီက သိနေတယ်။ ပထမ ၃၇နှစ်မှာ မဆွေကို လာခေါ်မယ် ပြောတယ်။ ၅၇ နှစ် ၃လမှာ နင်တို့ကို လာခေါ်မယ်ပြောတယ်။ အန်တီတောင်မှ စိတ်ပူတယ်။ မဆွေဆုံးတော့ ၅၇ နှစ်နဲ့ ၃လ ၊ အန်တီကို လာပြောတာ ဧပြီလ ၁ ရက်နေ့မှာ အိပ်မက်လာပေးတယ်။ အဲဒါနဲ့ နှစ်ဆန်းတရက်နေ့မှာ အမေတို့တွေအကုန်လုံးကို ဆေးတွေလိုက်ကုပေးတယ်။ ယတြာချေတဲ့အနေနဲ့။ ဒါပေမယ့် မဆွေက ၅၇နှစ် ၃လမှာ ဆုံးသွားတယ်။ အန်တီ့ကိုယ် အန်တီလည်း စိတ်ပူတယ်။ ၅၇နှစ်နဲ့ ၃လကို ရောက်မှာ အရမ်း ကြောက်တယ်။
မေး။ ။ အန်တီနဲ့ ဆရာမက အသက်ဘယ်လောက် ကွာလဲ။
ဖြေ။ ။ မဆွေက ၁၉၆၀ ဇူလိုင် ၅ရက်နေ့မှာမွေးတယ်။ အန်တီက ၁၉၆၂ မတ်လ ၁၉ရက်နေ့ မှာမွေးတာပါ။
မေး။ ။ အခုဆိုရင် အန်တီဟောပြောနေရတဲ့ အခြေအနေလေးက ဘယ်လိုရှိလဲ။
ဖြေ။ ။ အခုဆိုရင် ဟောရတာ နိုင်တောင် မနိုင်တော့ဘူး။ တော်တော်လေးကို ကျယ်ပြန့်ပါတယ်။ အသိကလည်း မြန်တော့ ကျယ်ပြန့်ပါတယ်။ အန်တီကျတော့ တဆင့် မခံရတော့ဘူး။ တိုက်ရိုက်ဖြစ်သွားတာပေါ့။ အဓိကကတော့ အစ်မရဲ့ မေတ္တာဓာတ်နဲ့ အန်တီ့ကို သာသနာပြုဖို့အတွက် ပညာလေးရတယ်လို့ ယူဆပါတယ်။