ရယ်စရာပြက်လုံးတွေနဲ့ ပရိသတ်ကို ရယ်မောစေပြီး ကျရာဇာတ်ရုပ်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဖိုးဖြူက ကျန်းမာရေး အခြေအနေကြောင့် အနုပညာလုပ်ငန်းများ လုပ်ကိုင်မှု နည်းပါးပြီး စီးပွားရေး လုပ်ငန်းအဖြစ် ထမင်းဆိုင် ဖွင့်လှစ်ထားကြောင်း ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းက အမျိုးသမီးက ရှုတင်ထမင်း ကျွေးတယ်။ နောက်ပိုင်း ရှုတင်ထမင်းကျွေးတာ လူတွေအများကြီး သုံးရတယ်။ နောက်ပိုင်းကျတော့ မထူးပါဘူးဆိုပြီး အိမ်မှာပဲ ထမင်းဆိုင် ဖွင့်လိုက်တယ်။ ဆိုင်နာမည်ကိုတော့ “ဝါးမယ် မြန်မာ” ထမင်းဆိုင်လို့ ပေးထားပါတယ်။ ထမင်းဆိုင် အဓိကဖွင့်ရခြင်း ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားကို ရောင်းတာပါ။ စကားပုံတောင် ရှိပါတယ်။ ‘မလှူတတ်ရင် ဈေးရောင်း’ တဲ့။ ကျနော်တို့ ဈေးရောင်းတယ်ဆိုတာ လှူသလိုပါပဲ။ အဝစား ၁၅၀၀ နဲ့ ရောင်းတယ်။ အသန့်ရှင်းဆုံးဖြစ်အောင် လုပ်တယ်” လို့ သရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။
“အရသာအရှိဆုံး ဖြစ်အောင် ချက်ပြုတ်ထားတယ်။ ဒီ ၁၅၀၀ နဲ့ ကြိုက်တဲ့ ဟင်းတမျိုး ရမယ်။ ချဉ်ဟင်း ရမယ်။ အရွက်ကြော်နဲ့ တို့စရာ အစုံနဲ့ ထမင်းအဝစားလို့ ရမယ်။
မြတ်သလားဆိုတော့ များများစားစား မမြတ်ပါဘူး။ တချို့သော ဝန်ထမ်းလေးတွေ အဆင်ပြေအောင်လို့ လုပ်ထားတာ’’လို့ ဖိုးဖြူက သူ့ရဲ့ ထမင်းဆိုင်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
အနုပညာလုပ်ငန်းများ သိပ်မလုပ်ဖြစ်တော့လို့ စီးပွားရေးလုပ်ငန်းကို လုပ်တာ မဟုတ်ဘဲ အနုပညာကို လုပ်တာဟာ ဝါသနာ အရလို့ ဖိုးဖြူက ဆိုပါတယ်။
“အနုပညာ သိပ်မလုပ်ဖြစ်တော့လို့ စီးပွားရေးလုပ်တာ မဟုတ်ပါဘူး။ စီးပွားရေးက စီးပွားရေး သက်သက်လုပ်တာပဲ။ အနုပညာ လုပ်ရခြင်းသည် ကိုယ်ဝါသနာပါတာကို။
စီးပွားရှာခြင်းသည် စိတ်လည်း ချမ်းသာတယ်။ လူလည်း ပျော်တယ်။ ကျနော်ကတော့ ဝါသနာပါတာလည်း အနုပညာအလုပ်ပဲ။ စီးပွား ရှာရတာလည်း အနုပညာအလုပ်ပဲ။ ပိုက်ဆံ ရှာတာ ကလည်း အနုပညာအလုပ်ပဲ။ အဲ့တော့ လိုင်းတလိုင်းထဲ ဖြစ်နေတော့ ဘာမှ ပြဿနာ မဖြစ်ဘူး” လို့ ဖိုးဖြူက ပြောပါတယ်။
ဆက်လက်ပြီး ဖိုးဖြူက “တချို့ကျတော့ ဝါသနာပါတာက အနုပညာ။ တကယ် လုပ်နေရတာက အခြားအလုပ်၊ အခြား အလုပ်လည်း လုပ်တယ်။ အနုပညာလည်း လုပ်ရတယ်။ အဲ့လိုပဲပေါ့”လို့ ဆိုပါတယ်။
လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဖိုးဖြူက လက်ရှိမှာတော့ အနုပညာလုပ်ငန်းများကို အလျဉ်းသင့်သလို လုပ်ကိုင်နေပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ “ဝါးမယ် မြန်မာ” ထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။
သရုပ်ဆောင် ဖိုးဖြူဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ် ခန့်က အသည်းရောင်စီပိုး ရောဂါဖြစ်တဲ့ အတွက် အနုပညာ အလုပ်များနဲ့ ခေတ္တ အလှမ်းဝေးသွားခဲ့ရတာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အသည်းရောင်စီပိုး ဖြစ်တဲ့အတွက် အနုပညာအလုပ်နဲ့ ဝေးသွားခဲ့ရသူ ဖိုးဖြူ