ဇာတ်ကားကောင်းတွေ ရိုက်ကူးတတ်သလို Music Video တွေမှာလည်း ပရိသတ် အကြိုက်တွေ့အောင် Story အိုင်ဒီယာ ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတတ်တာ လူငယ် ဒါရိုက်တာ အောင်မြတ်ပါ။ ဒါရိုက်တာ အောင်မြတ် ရိုက်ကူးထားတဲ့ “အနမ်းဝိုင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ယခုနှစ်အတွင်းမှာ ထွက်ရှိထားပြီး ရိုမန့်တစ် ဆန်ဆန် ရိုက်ချက်များကြောင့် လူငယ် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။
ကိုယ်တိုင်လည်း လူငယ်တဦးဖြစ်ပြီး ဖန်တီးမှုကောင်းကောင်းနဲ့ လူငယ် ပရိသတ်တွေ အကြိုက်တွေ့အောင် ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ အောင်မြတ်ကို သူ့ရဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမှ အနုပညာ သတင်းထောက် ချစ်ပိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ကိုအောင်မြတ် လတ်တလော ဘာတွေ ရိုက်ကူးမှု ရှိနေလဲ။
ဖြေ။ ။ လတ်တလောတော့ ကျနော် ကြော်ငြာတွေ ရိုက်ကူးနေပါတယ်။ Music Video လေးတွေ ရိုက်ကူးမှုကို ခဏလောက် နားထားပါတယ်။
မေး။ ။ ဗီဒီယိုဈေးကွက်တွေ မကောင်းလာတဲ့အပေါ် ဒါရိုက်တာ တယောက်အနေနဲ့ ဘယ်လို မြင်မိလဲ။
ဖြေ။ ။ အဲဒါတော့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းတခု ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ တခုခု ဖြစ်ပေါ်လာတဲ့ အပေါ် ခြေစုံကန်တာမျိုးတော့ ကျနော် သိပ်ကို မရှိဘူး။ ဒါနဲ့ လိုက်ရောညီထွေ ဖြစ်ပြီးတော့မှ ချောမွေ့အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားဖြစ်ပါတယ်။ ကျနော် အကောင်းဘက်ကနေ ကြည့်ဖြစ်တာများတယ်။ ဘယ်လိုမျိုး အဆိုးတွေ ဖြစ်နေပါစေ။ အဲ့အဆိုးတွေက တချိန်ချိန်အတွက် ကျနော်တို့တွေအတွက် တချိန်မှာ ပြန်ကောင်းဖို့အတွက် ဖြစ်လာတဲ့အရာတခုလို့ဘဲ ကျနော်က မြင်တယ်။
နောက်ပိုင်းမှာ Trend တခု ပြောင်းသွားမှာ ဖြစ်တဲ့အတွက် ရိုက်ခက်မှုပေါ် မူတည်ပြီးတော့မှ တည်ငြိမ်နေတဲ့ အရာတခုကတော့ အနည်းငယ် ပြောင်းလဲမှုကတော့ ရှိသွားတဲ့အပေါ် ကောင်းကျိုး၊ ဆိုးကျိုး ရိုက်ခက်မှုဒဏ် အထိုက်အလျောက် အနည်းအကျဉ်း ရှိမယ်လို့တော့ ကျနော် ယူဆပါတယ်။ အကောင်းဘက်ကနေ ပြန်စဉ်းစားမယ် ဆိုရင်လည်း ဗီဒီယိုကားတွေ မရှိတဲ့အတွက် အသစ်တွေကလည်း ဗီဒီယိုကနေ တဆင့် မဟုတ်ဘဲနဲ့ ရုပ်ရှင်ကားကြီးတွေကနေတဆင့် ကြိုးစားခွင့် ရလာမယ်။ ပရိသတ်တွေကလည်း အနုပညာရှင် အသစ်တွေကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုလာကြတာလည်း ကောင်းတဲ့ အချက်ပဲပေါ့။
မေး။ ။ လူငယ် ဒါရိုက်တာတွေ အများကြီး ပေါ်ထွက်လာတယ်။ သူတို့ ရိုက်ကူးမှုတွေကလည်း အရမ်း တိုးတက်လာကြတဲ့အပေါ်ကော အစ်ကို ဘယ်လို မြင်မိလဲ။
ဖြေ။ ။ လူငယ် ဒါရိုက်တာတွေ ပေါ်ထွက်လာတာ အရမ်းကောင်းတယ်။ အားလုံးက အနုပညာတခု လုပ်တာ ပုံစံတွေ တူနေရင် ကိုယ့်ရဲ့ အားသာတဲ့ အချက်တွေကို ပရိသတ်တွေကို မြင်အောင်လို့ လုပ်ကြပြီးတော့မှ ဒါကို ပရိသတ်တွေကို ချပြကြတယ်။ ပရိသတ်တွေကလည်း အားပေးကြတယ်။ အဲဒီလိုမျိုး မြင်ရတာ ကျနော်တို့တွေ လည်း ခွန်အားဖြစ်စေတယ်။ ကိုယ်ကြိုးစားရင် ကိုယ်အောင်မြင်မယ်။
အဲ့တော့ တနေ့တနေ့ ဘာလုပ်နေလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့မှ နားလည်လာတယ်။ သိလာတယ်။ အရင်တုန်းက ကိုယ်လုပ်ခဲ့တဲ့ အလုပ်နဲ့ ခုကိုယ်လုပ်တဲ့ အလုပ် ဘာကွာသွားလဲ၊ ဘာတွေ ပိုပြီးတော့ တိုးတက် လာလဲ ဆိုတဲ့ သုံးသပ်ချက်တွေကို ပရိသတ်တွေဆီကနေလည်း မြင်လာရတဲ့အတွက် ကိုယ်ကောင်းဖို့အတွက် သူတို့က အချိန်ပေးပြီးတော့မှ ကြည့်ပေးတယ်။ စေတနာထားပြီးတော့မှ တုန့်ပြန် ဝေဖန်ပေးတယ်။ ကျနော်အနေနဲ့လည်း လိုအပ်ချက်တွေကို ပိုပြီးပြင်ဆင်ရမယ်ဆိုတဲ့ အသိတွေကို ပိုပြီးတော့ ဖြစ်စေပါတယ်။
မေး။ ။ နောက်ပိုင်းမှာ မြန်မာဇာတ်ကားတွေကို “ပေါကားတွေ” ဆိုပြီး ပြောကြတယ်။ ဟာသပါရင်ကို “ပေါကား” ဆိုပြီး သတ်မှတ်လာကြတယ်။ အဲ့အပေါ် ဒါရိုက်တာ တယောက်အနေနဲ့ ဘာများ ပြောချင်လဲ။
ဖြေ။ ။ “ပေါကားတွေ” ဆိုတာ လိုအပ်တာတွေကို ထောက်ပြတဲ့ စကားလုံး အသုံးအနှုန်းလို့ ပြောချင်ပါတယ်။ ပေါကားတွေ ဆိုပေမယ့်လည်း ဒီကားတွေမှာ ကောင်းတာလေးတွေ ရှိတယ်။ တချို့ကလည်း ဒါကို ဖြစ်ကတတ်ဆန်း ရိုက်တာလေးတွေ ရှိတယ်။ အဲ့တော့ပရိတ်သတ်တွေ အနေနဲ့ကလည်း သူတို့က ဘာကို လိုချင်တာလဲ ဆိုတာကို ကျနော်တို့က အားလုံးသိဖို့ လိုအပ်တယ်။ ပရိသတ်တွေကလည်း သေသေချာချာ လုပ်ထားမယ့် အရာ မှန်သမျှကို အားပေးဖို့က အသင့်ပဲ။ အဲ့တော့ ကျနော်တို့ ကိုယ်တိုင်ကလည်း စနစ်တကျ ပြင်ဆင်မှုတွေ လုပ်သင့်သလောက်ကို ကျနော်တို့ လုပ်ကြရမယ်။ အကောင်းဆုံးတွေ ပြင်ဆင်ပြီးတော့မှ ပိုကြိုးစားရမယ်လို့လည်း ကျနော်ကမြင်တယ်။
မေး။ ။ “မနေ့က ဖြစ်သည်” ဇာတ်ကားလေကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတယ်။ “မနေ့က ဖြစ်သည် ၂” ဆက်မရိုက်ဖြစ်တာက။
ဖြေ။ ။ အဲ့ကားလေးကို အားပေးကြတယ်။ တရားခံ ဘယ်သူလဲ ဆိုတာ အမျိုးမျိုး စုံစမ်းကြတယ်။ အဲ့အတွက် ဂုဏ်လည်း ယူပါတယ်။ နောက်ဆုံးမှ တရားခံဘယ်သူလဲ ပေါ်သွားတယ်။ အခု ကျနော် “မနေ့က ဖြစ်သည် ၂” မရိုက်ဖြစ်တဲ့အခါ ကိုယ်တိုင်က ပရိသတ ်ဖြစ်သွားခဲ့ပါတယ်။ ကျနော် ဆက်မရိုက်ဖြစ်တာကြောင့် တခြား ဒါရိုက်တာ တယောက်နဲ့ ရိုက်ခဲ့ကြတယ်။
မေး။ ။ အစ်ကို့ ရိုက်ကူးမှုတွေက သူများနဲ့ မတူဘဲ ကွဲပြားအောင် ဘယ်လို စဉ်းစားပြီး ရိုက်ကူးလဲ။
ဖြေ။ ။ ကျနော် Music Vide ဆိုလည်း သီချင်းနဲ့ လိုက်ဖက်အောင် အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး စဉ်းစားပြီး လုပ်ပါတယ်။ သီချင်းတပုဒ် ရိုက်မယ်ဆိုရင်လည်း ကျနော်ကိုယ်တိုင် စီးမျောသွားတဲ့အထိ ကျနော်ကိုယ်တိုင် ခံစားကြည့်ြ့ပီးတော့မှ Story တွေက ထွက်လာတာပါ။
မေး။ ။ ကိုယ်တိုင်ရော သရုပ်ဆောင်နေရာမှာ စီးမျောခံစားကြည့်တယ် ဆိုတော့ ကိုယ်တိုင် သရုပ်ဆောင် လုပ်ဖို့ရောအစီအစဉ် ရှိလား။
ဖြေ။ ။ စီးမျောတာတော့ စီးမျောတယ်။ ကင်မရာ နောက်ကနေပဲ စီးမျောတယ်။ ကင်မရာရှေ့ ရောက်ရင် ဘာတွေတုန်လို့ တုန်နေမှန်း မသိဘူး။ ကင်မရာရှေ့က ဖြတ်ရင်တောင် ကြောက်တယ်။ သရုပ်ဆောင်ဖို့ကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။