မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ဂူတခုထဲမှာ ပိတ်မိနေတဲ့ ယောကျာ်းလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြ တယောက်တို့ရဲ့ ရုပ်သံဖိုင်တွေက ရုပ်သံလိုင်းတွေထက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။
သြစတေးလျ အစိုးရက လူငယ် ဘောလုံး အသင်းကို အန္တရာယ်ကင်းကင်းနဲ့ ပြန်တွေ့နိုင်စေရေးမှာ ကူညီဖို့ စေလွှတ်လိုက်တဲ့ အထူးကျွမ်းကျင်သူ အဖွဲ့တဖွဲ့ပါဝင်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တခုကလည်း လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
လိုဏ်ဂူရဲ့ အခြေအနေကြောင့် ထိုင်းရေတပ်မှ ရေငုပ်သမားဟောင်း တဦးဟာ ကယ်ဆယ်ရေး လုပ်ဆောင်နေချိန် အတွင်း အောက်ဆီဂျင် ပြတ်လပ်လို့ သေဆုံးခဲ့ရပါတယ်။
ဒါဟာ ဂူထဲပိတ်မိနေသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကြောက်ဖို့ ကောင်းတဲ့အခြေအနေတရပ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။ ပြီးတော့ ဒီကိစ္စကို ကမ္ဘာ့မီဒီယာတွေက အာရုံစိုက်လာတယ် ဆိုတာကိုလည်း အံ့သြစရာ မရှိပါဘူး။ ကျနော်တို့ မသိတဲ့ လူတွေအတွက် သနားညှာတာပြီး စိုးရိမ်မှုက ဘယ်လိုမျိုး တိုးမြင့်လာတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါ တယ်။
စကားလုံး ထောင်ပေါင်းများစွာတန်တဲ့ ဓာတ်ပုံတခု
ဂူထဲ ပိတ်မိသွားတဲ့ အဲဒီထိုင်းလူငယ်ဘောလုံးအသင်းကို ပြန်တွေ့ရဖို့ဆိုတာ အဓိကအကြောင်းပြချက် ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေကို ကျနော်တို့ တွေ့မြင်နေကြရပြီး ဂူထဲမှာ ပိတ်မိနေသူတွေနဲ့ သူတို့ မိသားစုဝင် တွေရဲ့ စိတ်ခံစားချက်တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။
အခုလိုမျိုး စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်တွေကို မကြာသေးခင်ကပဲ ကျနော်တို့ မြင်တွေ့ခဲ့ကြရပါတယ်။ ဥပမာအနေနဲ့ ဆီးရီးယားမှာ ၂၀၁၇ ခုနှစ်တုန်းက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကလေးတွေက သူတို့ရဲ့ အသက်အတွက်ရင်ဆိုင်ခဲ့ကြရတဲ့ ကြောက်မက်ဖွယ် မြင်ကွင်းတွေ ဖြစ်ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တာဝန်ရှိသူတွေက မိခင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်လို့ ငိုကြွေးနေတဲ့ ဟွန်ဒူးရပ်စ် သမီးငယ်လေး တဦးရဲ့ ပုံရိပ်ဟာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
နှိုင်းယှဉ်ပြောရမယ်ဆိုရင် ကြောက်လန့်ဖွယ် သိပ်မရှိတဲ့ ကိစ္စရပ်တိုင်းကတော့ စိုးရိမ်မှုနဲ့ သနား ကရုဏာသက်မှုကို တူညီစွာ ဖန်တီးပေးတာတော့ မဟုတ်ပါဘူး။ ဥပမာ သြစတေးလျကုန်းမကြီးနဲ့ Nauru တို့မှာ ကလေးငယ်၂၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
သြစတေးလျအစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို မကူညီသင့်ဘူးလို့ ကျနော်တို့ အကြံပြုခွင့် မရှိပေမယ့် အခုလိုမျိုး အစိုးရရဲ့ ထိန်းသိမ်းမှုကို ခံနေကြရတဲ့ ကလေးငယ်အရေအတွက် ပိုများလာတာကို ကျနော်တို့ စိုးရိမ်မိကြရပါတယ်။
ဥပမာအားဖြင့် စာနယ်ဇင်းသမားတွေဟာ ကမ်းလွန်ထိန်းသိမ်းရေးဌာနတွေကို သွားရောက်ချင်တယ်ဆိုရင် သိသာတဲ့ အခက်အခဲ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ သြစတေးလျ အစိုးရက Nauru နဲ့ Manus တို့မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ပြောမယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု အလုပ်သမားတွေ အနေနဲ့ ထောင်နန်းစံရမယ်လို့ သြစတေးလျအစိုးရက ခြိမ်းခြောက်ခဲ့တာမျိုး ဖြစ်ပါတယ်။
ဒုက္ခသည်ကလေးငယ်တွေရဲ့ သောကဒုက္ခပင်လယ်ဝေနေပုံတွေကို ကျနော်တို့ ရှုမြင်ခွင့် မရခဲ့ပါဘူး။ ကျနော်တို့ မမြင်တွေ့ နိုင်တဲ့ အရာတွေတွေအပေါ်တော့ သနားကရုဏာသက်တဲ့တုံ့ပြန်မှုက နည်းပါးပါတယ်။
အချိန်နဲ့ ရှုထောင့်ရေးရာ ပြဿနာ
ကျနော်တို့ ရှုမြင်ပုံတွေက ကြီးမားတဲ့ ကွဲပြားခြားနားမှုကို ဖြစ်စေပါတယ်။ သြစတေးလျနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီဝင် အနေအထားကြောင့် သဘာဝဘေးအန္တရာယ်တွေထဲရောက်နေတဲ့ ကလေးငယ်တွေကို ပုံဖော်ဖို့ရာ ခက်ခဲပါတယ်။ သူတို့ရဲ့ မိခင်နိုင်ငံကို စွန့်ခွာပြီး နိုင်ငံခြားတိုင်းပြည်တခုမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံတာကို ပုံဖော်စဉ်းစားဖို့ရာ ပိုခက်ပါတယ်။
ဘာသာစကားရဲ့ အရေးကြီးမှု
ကျနော်တို့ကပ်လိုက်တဲ့ တံဆိပ်တွေဟာလည်း ကျနော်တို့ရဲ့ တုံ့ပြန်မှုကို ဆုံးဖြတ်တဲ့နေရာမှာ အရေးပါပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်မှာ အဲဒီအချိန်တုန်းက သြစတေးလျဝန်ကြီးချုပ် Tony Abbott က နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေကို ကျူးကျော်လာတဲ့အင်အားစုတွေအဖြစ် ရည်ညွှန်းခေါ်ဝေါ်ပါတယ်။
အဲဒီလိုမျိုး သတ်မှတ် ခေါ်ဝေါ်လိုက်တာဟာ ဒုက္ခသည်လား အနှောင့်အယှက်ပေးမယ့်သူလားဆိုတာကို ချက်ချင်းခွဲခြားနိုင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ထိခိုက်စေပါတယ်။
စိတ်ဝင်စားဖွယ် သုတေသနပြု သရုပ်ပြမှုတွေလည်း ရှိပါတယ်။ ဥပမာ အမေရိကန်နိုင်ငံတခွင်မှာ မွေးကင်းစ ကလေး သေဆုံးမှု၊ ကင်ဆာရောဂါကြောင့်သေဆုံးမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေကြရတဲ့ နိုင်ငံသားတွေဟာ ဘုရားသခင်ကို ယုံကြည်မှုအမြင့်ဆုံးလို့ ဆိုပါတယ်။
ဒီလိုမျိုး ထိခိုက်နာကျင် ခံစားနေရတာတွေဟာ ဘုရားသခင်ကြောင့် ဖြစ်ရတာ၊ ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ ထင်မြင်ကြတာတွေလည်း ရှိပါတယ်။ ဓာတုတိုက်ခိုက်မှုတခုကို ကြောင့်ခံစားနေရတာကို ပုံဖော်ဖို့မဖြစ်နိုင်ပေမယ့် ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးခိုလှုံသူတွေဟာ မမျှတတဲ့ အကျိုးအမြတ်တချို့ကို ခိုးယူဖို့ ကြိုးစားသူတွေအဖြစ် အလိမ် ခံလိုက်ရ မယ်ဆိုရင် ကျနော်တို့ရဲ့ ကရုဏာကိုလိုအပ်နေတဲ့ ဒုက္ခသည်အတွေ အနေနဲ့ တွေးတောစဉ်းစားဖို့ရာ အခြေအနေ နည်းသွားပြီး ကျနောတို့ရဲ့ သနားကရုဏာ စက်ဝန်းထဲနေ သူတို့ ကန်ထုတ်ဖို့ ပိုမိုလွယ်ကူ သွားပါတယ်။
ကျနော်တို့ဆီမှာ ကွဲပြားခြားနားစွာ စဉ်းစားဖို့ ကိုယ့်ကျင့်တရားအရ တာဝန်ရှိပါသလား
ကျနော်တို့ဟာ ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးအသင်းအတွက် ကရုဏာဖြစ်သင့်ပါတယ်။ ဒါပေမယ့် ရလဒ် ဘယ်လိုပဲ ထွက်လာသည်ဖြစ်စေ အဲဒီအကြောင်းအရာဟာ တခြားနာမည်ကျော် အကျပ်အတည်းတခု ပေါ်လာတဲ့ အချိန်မှာတော့ ကျနော်တို့ရဲ့ ဖန်သားပြင်ထက်ကနေ ပျောက်ကွယ်သွားဦးမှာဖြစ်ပါတယ်။ ရေရှည်တည်တံ့မယ့် ပြဿနာတွေ ရဲ့ သရုပ်မှန်ပေါ်မလာစေဖို့ ၊ ကျနော်တို့ရဲ့ ကိုယ်ကျင့်တရားသိမှတ်အမှုအလွဲက ဒုက္ခရောက်နေသူအပေါ် ပုံမကျစေဖို့ အရေးကြီးပါတယ်။
abc.net.au တွင် ဖော်ပြထားသော “Thai cave rescue: Why do we care so much about these trapped boys?” သတင်းဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
Ref: abc