ဂီတကို ချစ်မြတ်နိုးပြီး သေတဲ့အထိ ဂီတနဲ့ ရှင်သန်သွားခဲ့တဲ့ “ပန်းရဲ့လမ်း” ပဲ့ကိုင်ရှင် ဦးရဲလွင်ကတော့ ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့ရှိ ကုတင် ၅၀၀ ဆေးရုံကြီးမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
မောင်နှမ ၁၀ ယောက် ရှိတဲ့အနက် ၈ယောက်မြောက် သားဖြစ်တဲ့ ဦးရဲလွင်ကတော့ ငယ်ရွယ်စဉ် အချိန်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး မိဘနှစ်ပါးကွယ်လွန်ပြီးချိန်မှစတင်ကာ သူ့ဘဝကို ဂီတနဲ့ဖြတ်သန်းခဲ့သူ တဦးပါ။
သူဟာ ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ် RIT တွင် Electrical အထူးပြု ဘာသာရပ်နဲ့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်တက်နေဆဲအချိန်မှာဘဲ E.Machine တီးဝိုင်းမှာ Bass ဂစ်တာ သမားအဖြစ် ပါဝင်ခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာတော့ “မဇ္ဈိမလှိုင်း” တီးဝိုင်းကို တေးသံရှင် ခင်မောင်တိုး၊ ကိုနေဝင်း ၊ အဉ္ဇလီမောင်မောင်တို့နဲ့အတူ ဖွဲ့စည်းခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးအတွက် ပြည်သူများကို အကူအညီပေးနိုင်ရန် ဂီတနဲ့ အလှူငွေကောက်ခံပြီး ရန်ပုံငွေ ရှာဖွေတဲ့ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” ဂီတဖျော်ဖြေရေးအဖွဲ့ကို ၂၀၁၂ခုနှစ် မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဦးရဲလွင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ မိသားစုအပါအဝင် အချိန်အတော်ကြာ လက်တွဲလာခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် ၊ မိတ်ဆွေများက သူနဲ့ပတ်သက်တဲ့ အမှတ်တရ အကြောင်းအရာများကို အခုလိုပဲ ဧရာဝတီနဲ့ တွေ့ဆုံစဉ်မှာ ပြောပြခဲ့ပါတယ်။
“သူ (ဦးရဲလွင်) ဆေးရုံရောက်တဲ့အချိန်မှာ သူဆေးရုံရောက်လာလို့ အလုပ်တွေ မပြီးဘူး ပြောတယ်။ သူဆေးရုံတက်လိုက်ရတဲ့ အတွက် အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) မွေးနေ့ မသွားလိုက်ရတဲ့အတွက် အားမလို အားမရ ဖြစ်တယ်။ ရခိုင်သွားဖို့ကိစ္စ မသွားလိုက်ရလို့ အားမလို အားမရ ဖြစ်တယ်။ ခေါင်းထဲမှာ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ဖို့ ရှိတယ်။ မဆုံးခင် ၂ ရက်လောက်အလိုမှာ ဂစ်တာတီးတယ်။ သီချင်းတော့ မဆိုနိုင်တော့ဘူး။ ဘေးကလူတွေက လိုက်ဆိုပေးရတယ်။ အဲဒီလောက်ထိကို တမ်းတမ်းစွဲ သံယောဇဉ် ရှိတယ်”
“သူဖြတ်ကျော်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝ ကျောင်းသားအရေးခင်းတွေကြုံရတယ်။ နှစ်စဉ် နှစ်တိုင်းလိုလို စစ်အာဏာရှင် အစိုးရလက်အောက်မှာ ဖြစ်နေတဲ့ ပြဿနာပေါင်းစုံကို ကြုံတွေ့ရတဲ့အခါမှာတော့ သူဒါတွေကို မမြင်ချင်ဘူး။ အာဏာရှင် စနစ်ကို သူမကြိုက်ဘူး။ ငြိမ်းချမ်းရေးအတွက်ကို လုပ်ဆောင်မယ်ဆိုပြီး တစိုက်မတ်မတ်နဲ့ လုပ်လာတာ။ ထောင်လည်းကျဖူးခဲ့ပါတယ်။ ဆံပင်ရှည်ထားတဲ့ကိစ္စတော့ မသိဘူး။ မုတ်ဆိတ်ထားတာကတော့ သူမိတ်စုတ်တွေနဲ့မပေါင်းချင်လို့ဆိုပြီး ထားတယ်။ သူမိတ်စုတ်တွေမရှိတော့ရင်တော့ မုတ်ဆိတ်တွေဖြုတ်မယ်လို့ပြောတယ်။ သူက သူငယ်ချင်းတွေနဲ့တွေ့ပြီး သီချင်းဆိုဂ စ်တာတီးနေရရင် ပျော်တယ်။ ထမင်းစား၊ဟင်းစားမေ့တယ်။ ညဘက်ဆိုရင် သီချင်းတွေရေးမယ်စဉ်းစားမယ်။ သူ့ရဲ့ဘဝက သူ့ဟာနဲ့သူ ပျော်နေတာ” လို့ ဦးရဲလွင်ရဲ့ ညီမဖြစ်သူ ဒေါ်မီမီပြုံးက ဦးရဲလွင်နဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြောပါတယ်။
“ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးသွားတော့ စိတ်မကောင်းကြီးစွာ ဖြစ်ရတာပေါ့။ သူနဲ့က ၂၆ နှစ်သား လောက်ကတည်းက တွဲလာတာပေါ့။ ကျနော် မန္တလေးကနေ ရန်ကုန်ကို “အားလုံးကို ကျော်ဖြတ်ရမယ်”ဆိုတဲ့ တေးစီးရီးသွင်းတော့ သူနဲ့သိပြီးတော့ အတူတူ လက်တွဲဖြစ်ခဲ့တယ်။ တေမင်း၊ ရဲလွင်ဆိုပြီး တွဲပြီးလုပ်ဖြစ်ခဲ့တယ်။ ကက်ဆက်ခေတ်က သူ့ဟာလေးနဲ့သူ ကွက်ကြားအောင်မြင်ခဲ့တယ်။ အရင်တုန်းကတော့ စိတ်တူကိုယ်တူ ရှိခဲ့တယ်။ နောက်ပိုင်းကျတော့ စိတ်နည်းနည်းဆတ်လာတာတွေရှိတယ်။ သူမဆုံးခင် ၃လကျော်လောက်က အိမ်မှာ လာနေသွားသေးတယ်”
“သူကတော့ ပန်းရဲ့လမ်းကိုဦးဆောင်ပြီးလုပ်ခဲ့တယ်။ ကျနော်က သူ့လောက်မစီးမျောနိုင်ဘူး။ တယောက်တည်း အထီးကျန်နေတာမျိုးတော့ သူ့မှာ မရှိပါဘူး။ အမြဲတမ်းသူငယ်ချင်းတွေက ဘေးနားရှိနေတာ။ အနီးစခန်းမှာ ခင်မောင်တိုးသီချင်းသွင်းခါနီးမှာ ကျနော်ရယ်၊ ခင်မောင်တိုးရယ် ၊ ကိုရဲ၊ ကိုမောင်မောင်(အဉ္ဇလီမောင်မောင်) တို့ ၄ ယောက် ဆုံဖြစ်ခဲ့ကြတယ်။ ခင်မောင်တိုးအတွက် သီချင်းတွေ ကူရေးဖြစ်ကြတယ်။ အခုတော့ အနီးစခန်းမှာ ရှိခဲ့တဲ့ ၄ယောက်၊ အခုတော့ ၃ယောက်က မရှိတော့ဘူး။ တယောက်တည်းပဲ ကျန်ခဲ့တော့တယ်” လို့လည်း ဦးရဲလွင်ရဲ့ မိတ်ဆွေဖြစ်သူ ကိုနေဝင်း(မဇ္ဈိမလှိုင်း) က ဆိုပါတယ်။
“ကိုရဲက ကျနော့်ထက် ၁၂နှစ်လောက် ကြီးတယ်။ လူကို အရင်သိတာမဟုတ်ဘဲနဲ့ သီချင်းတွေကို အရင်သိခဲ့တာ။ နောက်ဆုံးအချိန် မဆုံးခင် ညနေဘက်မှာ ဆေးရုံရောက်ခဲ့သေးတယ်။ သူသတိ မရှိတော့ဘူး။ ဝေဒနာ ခံစားနေရတယ်။ ကိုယ်နဲ့နှစ်ပေါင်းများစွာ သီချင်းတွေ ဆိုခဲ့တယ်။ အရင်က သူ့သီချင်းတွေ Recording လုပ်ခဲ့တာ ရှိတယ်။ မလုပ်ခဲ့တာရှိတယ်။ ကျနော်သီချင်းဆိုရင် ကိုရဲသီချင်းတွေကို ဆိုဖြစ်နေဦးမှာပါ။ နောင်လည်း ဆိုဖြစ်နေဦးမှာပါ။ ကျနော်ဟာ ဒီသီချင်းတွေနဲ့ ကြီးပြင်းလာရတာ”
“သူ့ လူငယ်ဘဝကိုတော့ မသိခဲ့ဘူး။ သူဟာအေးဆေးတယ်။ စကားနည်းတယ်။ ပြောဖို့ မလိုရင် မပြောဘူး။ ဂီတသမား၊ တနေကုန်တီးဆိုလည်း ဂစ်တာထိုင်တီးနေတတ်တယ်။ အပေါ်စီးက မဆက်ဆံဘူး။ တသက်လုံး ဂီတနဲ့ နေသွားတဲ့ လူတယောက်ပါ။ မျှမျှတတ အေးအေးဆေးဆေး နေတဲ့ သူတယောက်။ ငွေမမက်ဘူး။ ပိုက်ဆံက စက္ကူပဲလို့ ပြောခဲ့တယ်။ ကျနော်တို့မြန်မာပြည်မှာ တွေ့ရတဲ့ ရှားရှားပါးပါး လူတွေထဲက တယောက်ပါ”
“သူကနိုင်ငံရေးကို စိတ်ဝင်စားတဲ့ ဂီတသမား၊ တော်လှန်တဲ့ ဂီတသမားပေါ့။ ၈၈ အရေးခင်းမှာလည်း တက်တက်ကြွကြွ ပါတယ်။ သူဟာတိုင်းပြည်ကို ကောင်းစားစေချင်ပြီး ကိုယ်ကျိုးကိုစွန့်တယ်။ သူ့ဘဝတလျှောက်လုံးကို တိုက်ပွဲဝင်ခဲ့တဲ့ သူတယောက်ပါ” လို့ မဇ္ဈိမလှိုင်းရဲ့ အဆိုတော် မွန်းအောင်က ပြောပါတယ်။
“သူ့အတွက် နင့်နင့်သီးသီးကို ခံစားရတယ်။ သူဟာသူ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ လူမျိုးလို့ ခြုံပြောလို့ရတယ်။ ယုံကြည်ရာအတွက် အရာရာကိုစွန့်လွှတ်နိုင်တဲ့သူ။ RIT ကျောင်းသားအချင်းချင်း ရင်းနှီးကြတယ်လို့ ပြောရမှာပေါ့။ တကယ်ပြောရရင်တော့ ကိုရဲလွင်က ကျနော့်ထက် အသက်ကြီးပေမယ့် အတန်းငယ်တယ်။ နောက်ပိုင်းကျတော့ အဆောင်တွေရှေ့မှာ သီချင်းသွားဆိုနေရင်းနဲ့ သွားဆုံကြပြီးတော့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ဖြစ်သွားကြတာ။ ကိုရဲလွင်က RIT ရောက်တဲ့အချိန်မှာ ဂီတနဲ့ပတ်သက်ပြီး အခြေကျနေပြီ။ အနုပညာပန်းတိုင်တခုကို ရည်ရွယ်ပြီးသွားနေတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းပေါ့”
“ကိုရဲလွင်၊ ကိုခင်မောင်တိုး၊ ကိုမောင်မောင် ၃ယောက်လုံး BE ဘွဲ့မရဘူး။ တကယ့် လူတော်တွေနော်။ ဘာလို့မရတာလဲ ဆိုရင် မတော်လို့မရတာ မဟုတ်ဘူး။ သူတို့ရဲ့ ပထမ ၊ ဒုတိယ၊ တတိယက ဂီတပဲ။ ဂီတနောက်ကို လိုက်သွားတဲ့အတွက် ဒီဘက်ကို စွန့်လွှတ်ခဲ့ကြတယ်။ ရဲကြီးကို ချစ်တယ်ဆိုရင် ရဲကြီးဆီက ဘာရနိုင်လဲ။ သူဘာ ကျင့်သုံးသွားလဲ။ အဲဒါကို သူ့ကိုချစ်တဲ့ ပရိသတ်က အတုယူပေါ့။ အနုပညာသမား အများစုထဲမှာ ကိုရဲလွင်က သူ့အတွက် ဘာမှမစဉ်းစားတဲ့ အနုပညာရှင်တယောက်ပါ” မောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း ဧရာဝတီကို ပြောပါတယ်။
ကွယ်လွန်သူ ဦးရဲလွင်ရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလာပ်ကိုတော့ ဂူသွင်းသဂြိုဟ်မှာ ဖြစ်ပြီး ဇူလိုင် ၁၄ ရက်နေ့၊ ရေဝေးမှာ အသုဘချမှာ ဖြစ်ပါတယ်။