ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့၊ ထမ့်လုံဂူအပြင်ကို မကြာသေးခင်ကမှ ပြန်ရောက်လာခဲ့တဲ့ တောဝက်ဘောလုံး အသင်းသား ၁၂ ယောက်နဲ့ နည်းပြတို့ဟာ ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေပိုင်းမှာ ချင်းရိုင်ဆေးရုံကနေ ကျန်းမာရေး ကောင်းမွန်စွာနဲ့ ဆင်းခွင့်ရခဲ့ပြီး ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ သတင်းစာရှင်းလင်းပွဲ တရပ်ကို ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့အားလုံးဟာ တောဝက်ဘောလုံးအသင်း ဝတ်စုံတွေ ဝတ်ဆင်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
တောဝက်အသင်းသား ၁၂ ဦးထဲမှာ ထိုင်းနိုင်ငံသားမ ဟုတ်တဲ့ ကလေးတွေ ပါဝင်တာကြောင့် နိုင်ငံအစိုးရအနေနဲ့ နိုင်ငံရဲ့နိုင်ငံသားအဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပြီး နိုင်ငံသားအဖြစ် စာရင်းသွင်းရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဖွား ကလေးများလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ တောဝက်ဘောလုံး အသင်းသားတွေအားလုံးဟာ သူတို့ရဲ့မိဘတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အားလုံးကိုလည်း တောင်းပန်စကား ဆိုခဲ့ကြပြီး သူတို့ဟာ လေ့လာရေး မထွက်ခင် မိဘတွေကို လေ့လာရေးထွက်မယ့် အကြောင်းကို မပြောပြခဲ့ဘဲ ဘောလုံး လေ့ကျင့်ခန်းလုပ်မယ်လို့ လိမ်ညာပြောဆိုခဲ့တဲ့ အပေါ်ကိုလည်း တောင်းပန်စကားဆိုရင်း ဝန်ခံခဲ့ကြပါတယ်။
ဒါ့အပြင် တောဝက်ဘောလုံးအသင်းသားတွေဟာ ကယ်ဆယ်ရေးတွေနဲ့ နိုင်ငံကို ကတိတခုပေးခဲ့ကြပြီး အဲဒါကတော့ သူတို့ဟာ တချိန်မှာ ဘောလုံးသမားကောင်းတွေဖြစ်အောင် ကြိုးစားကြမှာဖြစ်ပြီး အခုလို အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ကြလို့ သူတို့ဟာ သူတို့ရည်မှန်းချက်ကို လက်မလျှော့ပါဘူးလို့လည်း ထပ်မံ အာမခံခဲ့ကြပါသေးတယ်။
သူတို့ကို ကယ်ဆယ်ရင်း ရေတပ်သားဟောင်းတဦး ဆုံးပါးခဲ့ရမှုအပေါ် သူတို့အားလုံး ဝမ်းနည်းရကြောင်း၊ ရှေ့ဆက်မယ့် အချိန်တွေမှာလည်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အကောင်းမွန်ဆုံး ဖြတ်သန်းသွားမှာ ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။
Ref ; www.thenational