ယနေ့ခေတ်မှာ လူငယ်နဲ့မူးယစ်ဆေးဝါးဆိုတာ မကင်းနိုင်တဲ့အရာတခုလို ဖြစ်နေပြီး လတ်တလောမှာ အနုပညာလောကထဲမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။
ဒီလိုကိစ္စများနဲ့ ပတ်သက်ပြီး အနုပညာလောကထဲမှ တက်သစ်စအနုပညာရှင်တဦးဖြစ်တဲ့ ဟိန်းထက်ကတော့ မူးယစ်ဆေးဝါးဆိုတာ လူငယ်တွေရဲ့ တက်လမ်းအတွက် ခလုတ်ကန်သင်းတခုပါလို့ ဧရာဝတီကိုပြောပါတယ်။
“မူးယစ်ဆေးဝါးက လူငယ်တွေအတွက် တန်ဆေးလွန်ဘေးပေါ့။ ဒါပေမဲ့ မသုံးတာက ပိုကောင်းတယ်။ နိုင်ငံတကာမှာဆို မူးယစ်ဆေးဝါးက စိတ်အရမ်းညစ်တဲ့အခါမျိုးမှာ သုံးကြတယ်ပေါ့။ သူတို့နိုင်ငံမှာက စည်းမျဉ်းတွေချထားတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာကျတော့ အရမ်း စွဲသွားကြတယ်။ အဲဒီလိုကျတော့ နောက်ပိုင်းမှာ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာတဲ့အတွက် လူငယ်တွေအနေနဲ့ မစမ်းကြည့်သင့်တဲ့ အရာတခုလို့ ကျနော်မြင်တယ်။ ကိုယ့်ရဲ့တက်လမ်းမှာ ခလုတ်ကန်သင်းတခုလို့ ကျနော်ထင်ပါတယ်” ဟိန်းထက်ကပြောပါတယ်။
သူငယ်ချင်းမိတ်ဆွေများထဲမှ မူးယစ်ဆေးဝါးသုံးစွဲလျက်ရှိသူများလည်း အတတ်နိုင်ဆုံး အကြံဉာဏ် ပေးပြီး မသုံးစွဲဖြစ်အောင် တိုက်တွန်းဖြစ်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူငယ်တွေအတွက် ဟိန်းထက်က အခုလိုပဲ အကြံပြုစကားကို ဆိုပါတယ်။
“လူငယ်တွေအနေနဲ့ မသုံးပါနဲ့၊ ဒါကတော့ ကျနော်အနေနဲ့ အကြံပေးတာပါ။ တချို့ကျတော့ ဒီဟာကို ဘဝတခုလို စွဲနေတဲ့သူတွေလည်းရှိတယ်။ ဖြစ်နိုင်ရင်တော့ ဒါတွေကို မသုံးဘဲ ကိုယ့်ရဲ့ဘဝမှာ တက်ကြွမှုကိုဖြစ်အောင် စိတ်ခံစားချက်ကောင်းအောင် အားကစားတခုခု လုပ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူဖြစ်အောင် နေကြပါလို့ ပြောချင်ပါတယ်” ဟိန်းထက်က ပြောပါတယ်။
ဟိန်းထက်ကတော့ MRTV 4 ဇာတ်လမ်းတွဲများရဲ့ သရုပ်ဆောင်တယောက်ဖြစ်ပြီး မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ “အရိပ်”ဇာတ်ကားကြီးကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးခဲ့တဲ့ “အရိပ်”ဇာတ်လမ်းတွဲထဲမှာ “ ညီလင်းညို”ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များစွာ ရရှိခဲ့ပါတယ်။
မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲတခုမှာ ရဲအုပ်တယောက် ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။