Sony ဟာ Aibo ခွေးစက်ရုပ်ကို ဂျပန်နိုင်ငံမှာ ဒီနှစ်အစောပိုင်းက ပြန်လည်ထုတ်လုပ်ရောင်းချခဲ့ပြီးနောက် အခုအခါ U.S မှာလည်း ပထမဦးဆုံးအကြိမ်အဖြစ် စတင်ရောင်းချသွားတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
Aibo ခွေးစက်ရုပ်အသစ်ကို စက်တင်ဘာလမှာ ၂,၈၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ Sony ရဲ့ AI Cloud ဝန်ဆောင်မှု သုံးနှစ်အသုံးပြုခွင့်နဲ့ အားသွင်းစက်၊ ခွေးဆော့ဖို့ ဘောလုံးနဲ့ အရုပ်တွေပါ တပါတည်း ပါဝင်မှာဖြစ်ပါတယ်။
မနှစ်က အသစ်မိတ်ဆက်ခဲ့တဲ့ Aibo 2.0 ခွေးစက်ရုပ်ဟာ အရင်ဗားရှင်းတွေထက် အများကြီးအဆင့်မြင့်လာပြီး တကယ့်ခွေးနဲ့တူဖို့အတွက် ကင်မရာအမြောက်အများ၊ Touch နဲ့ Image ဆန်ဆာတွေ၊ မိုက်ခရိုဖုန်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
အစိတ်အပိုင်း ၄,၀၀၀ နဲ့ ပြုလုပ်ထားပြီး၊ လှုပ်ရှားမှုကိရိယာပေါင်း ၂၂ ခုအထိ တပ်ဆင်ထားကာ အမြှီးလှုပ်တာ၊ နားရွက်လှုပ်တာ၊ လက်ကိုင်တာ၊ ဘောလုံးကန်တာ၊ မျက်တောင်ခတ်တာ စသဖြင့် လှုပ်ရှားမှုအကုန် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပါဝင်တဲ့ ဆန်ဆာတွေကနေ Aibo စက်ရုပ်ဟာ အခန်းထဲမှာ အတားအဆီးတွေကို ရှောင်ကွင်းသွားလာတတ်သလို၊ ‘Sit’ ၊ ‘Stay’၊ ‘Come’ စသဖြင့် သခင်ရဲ့ အသံနဲ့ အမိန့်ပေးမှုတွေကိုလည်း နာခံနိုင်မှာဖြစ်တယ်လို့ Sony က ပြောကြား ထားပါတယ်။
အာရုံခံနည်းပညာနဲ့ Cloud ချိတ်ဆက် AI နည်းပညာတွေ ပေါင်းစပ်အသုံးပြုထားတာကြောင့် Aibo စက်ရုပ်ဟာ ပိုင်ရှင်ရဲ့ အထိအတွေ့ကို တုံ့ပြန်နိုင်သလို၊ ပိုင်ရှင်သဘောကျမယ့် အမူအရာတွေကိုလည်း မှတ်သားထားနိုင်မှာပါ။
ဒါ့အပြင် Sony ရဲ့ နောက်ဆုံးပေါ် Re-imagination နည်းပညာလည်း ပါဝင်တာကြောင့် ခွေးစက်ရုပ်ဟာ အင်တာနက်လိုင်းနဲ့ချိတ်ဆက်ပြီး တနေ့တာလှုပ်ရှားမှုတွေကို Cloud မှာ ပြန် Upload လုပ်ကာ မှတ်သားထားနိုင်ပြီး ပိုင်ရှင်နဲ့ ကိုက်ညီမယ့် သီးသန့်စရိုက်ပုံစံမျိုး တဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
Aibo ခွေးစက်ရုပ်လေးကို အသံနဲ့ ဒါမှမဟုတ် Aibo မိုဘိုင်းအက်ပလီကေးရှင်းကနေ ထိန်းချုပ်နိုင်ပြီး၊ ပိုင်ရှင်တွေအနေနဲ့ စက်ရုပ်ကို စကားပြောပေးဖို့၊ လှုပ်ရှားမှုအသစ်တွေ သင်ပေးဖို့ တိုက်တွန်းထားပါတယ်။
Sony ဟာ Aibo စက်ရုပ် ပထမမျိုးဆက်ကို စီးပွားရေးဆိုင်ရာအခက်အခဲတွေကြောင့် ၂၀၀၆ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး၊ ယခု ၂၀၁၈ ခုနှစ်မှ ပြန်လည်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Ref: DailyMail, The Verge