လူတော်တော်များများဟာ စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါ့အပြင် ဘာပဲလုပ်လုပ် မပျော်ရွှင်ရတာတွေ ပျော်ရွှင်မှုကို ဘယ်နေရာမှာမှ ရှာမတွေ့တာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုတွေဖြစ်လာတာ ကြာလာတဲ့ အမျှ သင်ဟာ စိတ်ဓာတ်ကျတာတွေ၊အထီးကျန်တာတွေ ဖြစ်လာနိုင်ပါတယ်။ သင်တကယ် ပျော်ရွှင်ချင်တယ်ဆိုရင် သင့်ရဲ့ အကျင့်တချို့ကို ပြင်ဆင်ပြီး လိုက်နာရမယ့် အချက်တွေကို တင်ပြပေး ချင်ပါတယ်။
(၁) အတိတ်ကိုတွေးပြီး နောင်တတွေနဲ့ မနေပါနဲ့
လူတွေအားလုံးဟာ အမှားနဲ့ မကင်းပါဘူး ။ ဘဝဆိုတာဒီလိုပဲ အမှားတွေကို အမှန်ပြင်ရင်း ဖြတ်သန်းရတာပါ။ ဒါကြောင့် အတိတ်က သင်လုပ်ခဲ့တဲ့ အမှားတွေအတွက် နောင်တတွေတပွေ့တပိုက်နဲ့ အတိတ်ကိုပဲ တွေးပြီးမနေတာ အကောင်းဆုံးပါ။
တကယ်လို့ သင်က တယောက်ယောက်အပေါ် အမှားတခုကျူးလွန်လိုက်မိတယ်ဆိုရင်လည်း တောင်းပန်လိုက်ပါ။ ပြီးရင် လုပ်စရာရှိတာ လုပ်ဖို့ ရှေ့ဆက်ပါ။ အတိတ်ကသင့်ရဲ့ အမှားတွေအတွက် လက်ရှိသင့်ဘဝရဲ့ ပျော်ရွှင်မှုတွေကို မပျက်စီးမခံပါနဲ့။
(၂) သူများတွေဘယ်လိုဝေဖန်မလဲဆိုတာ တွေးမပူပါနဲ့
အတွေးလွန်ခြင်းဟာလည်း သင့်ရဲ့ ပျော်ရွှင်မှုတွေကို ပိတ်ပင်ထားတတ်ပါတယ်။ လူတွေက ဘယ်လိုတွေးနေ လောက်လဲ။ ငါ့ကို သူတို့ ကဲ့ရဲ့ရင်တော့ ဒုက္ခပဲ ဆိုပြီး တွေးနေခြင်းကြောင့် သင့်ဘဝမှာ လက်လွတ်ဆုံးရှုံးရတာတွေကို မဖြစ်ပါစေနဲ့။
“ခြောက်ပြစ်ကင်း သဲလဲစင်” တဲ့ သူဆိုတာ မရှိပါဘူး။ သင်ဘာပဲ လုပ်နေပါစေ မကောင်းပြောတဲ့သူတွေက ရှိနေမှာပဲ ဖြစ်လို့ လုပ်သင့်တာကို လုပ်ပါ။
(၃) မနာလိုမဖြစ်ပါနဲ့
အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ သူများတွေတင်ထားတာတွေနဲ့ ပတ်သတ်ပြီး မနာလိုမဖြစ်ပါနဲ့။ သူ့ဘဝနဲ့သူ၊ကိုယ့်ဘဝနဲ့ကိုပါ။ သူများတွေကို လိုက်ပြီး မနာလိုဖြစ်နေရင် သင့်စိတ်မှာ ဒေါသစိတ်တွေ၊ကိုယ့်ဘဝကို အလိုမကျမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေ ကုန်စေပြီး သင်ပဲပင်ပန်းရပါလိမ့်မယ်။
(၄) သင့်ရဲ့အချစ်ရေး
အများအမြင်မှာ အဆင်ပြေနေသလိုဖြစ်နေပေမယ့် နှစ်ယောက်ထဲရှိတဲ့ အချိန်မှာ စိတ်ဆင်းရဲမှုတွေကိုပဲ သင်ခံစား နေရတယ်ဆိုရင် သင့်ရဲ့ လက်တွဲဖော်ကို အမှန်အတိုင်းပြောဆိုပါ။ညှိုနှိုင်းပါ။ဒီလိုလုပ်လို့မှ အဆင်မပြေနိုင်ဘူး ဆိုရင်တော့ လမ်းခွဲသင့်ရင် ခွဲရပါမယ်။
နေ့စဉ်နဲ့အမျှ သင့်စိတ်ကို ဒုက္ခပေးနေမယ့် အရာမှန်သမျှကို ပြတ်ပြတ်သားသားစွန့်ခွာသင့်ပါတယ်။
(၅) သင့်ဘဝကို သင်သာပိုင်ပါတယ်
သင့်ဘဝအတွက် တာဝန်ယူမှု တာဝန်ခံမှု အားလုံးဟာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သင့်ကိုသင် ပျော်ရွှင်အောင် မထားရင် ဘယ်သူကမှ သင့်ကိုထားနိုင်မှာ မဟုတ်ပါဘူး။
သင့်ဘဝကို ဝင်စွက်ဖက်နေတဲ့ သူတွေဟာလည်း သင်ဒုက္ခရောက်ရင် လာကူညီမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသင်ချစ်ပါ။ သင်ဟာ သင့်ဘဝကို ပိုင်တယ် ဆိုတာ မမေ့ပါနဲ့။
Ref;lifehacks.com