မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သော လွတ်လပ်သော ရုပ်ရှင်ပွဲတော် ယှဉ်ပြိုင်မှုဖြစ်သည့် ဝဿန်ရုပ်ရှင်ပွဲတော်သည် ယခုအခါ သက်တမ်း ရှစ်နှစ် ရှိလာပြီဖြစ်ပြီး ယခုနှစ်၏ စိတ်လှုပ်ရှားစရာကောင်းသော ပွဲတော်တွင် နိုင်ငံတကာမှ ကျော်ကြားသော ဒါရိုက်တာများ၏ ဆွေးနွေးပွဲနှင့် ရုပ်ရှင်သစ်များ ပြသသည့် အစီအစဉ်များဖြင့် ပုံစံပြောင်းလဲထားသည်။
ထိုရုပ်ရှင်ပွဲတော်ကို ရန်ကုန်မှ ထိပ်တန်းနေရာ နှစ်ခုဖြစ်သည့် Goethe- Institute နှင့် ဝဇီရာ ရုပ်ရှင်ရုံများတွင် စက်တင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပနေပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဆက်လက် ပြသနေမည်ဖြစ်သည်။
“မကြာသေးခင်နှစ်တွေမှာ ဝဿန်ရုပ်ရှင်ပွဲတော်ကို ဝဇီရာ ရုပ်ရှင်ရုံ တနေရာတည်းမှာပဲ ကျင်းပခဲ့တယ်၊ ကံကောင်း ချင်တော့ ရုပ်ရှင်တွေကို ပြသဖို့ နေရာတခု ထပ်ရလာတယ်။ ကျနော်တို့က Goethe Institute ကို အရမ်း ကျေးဇူးတင်ပါတယ်” ဟု ရုပ်ရှင်ဒါရိုက်တာနှင့် ပွဲတော်ကို ပူးတွဲတည်ထောင်သူ ကိုသိဒ္ဓိက ပြောသည်။
ဝဿန် ရုပ်ရှင်ပွဲတော်သည် ရန်ကုန်တွင် ပထမဆုံး လွတ်လပ်သော ရုပ်ရှင်ပွဲတော် ယှဉ်ပြိုင်မှုဖြစ်ပြီး ထိုပွဲတော်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကိုသိဒ္ဓိနှင့် တခြားရုပ်ရှင် ဒါရိုက်တာ တဦးဖြစ်သူ မသူသူရှိန်တို့က စတင် ထူထောင်ခဲ့သည်။ ထိုရုပ်ရှင်ပွဲတော်သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဒါရိုက်တာများအတွက် စင်မြင့်တခုဖြစ်သည်။
“ဒီနှစ် မှတ်တမ်း ရုပ်ရှင်တို ၅၇ ကား ပြိုင်ပွဲဝင်တယ်။ အရင်နှစ်တွေကထက် ပိုများလာတာပေါ့” ဟု ကိုသိဒ္ဓိက ပြောသည်။
ယခင်နှစ်က ပြိုင်ပွဲကဏ္ဍတွင် ပြည်တွင်း ရုပ်ရှင် ၄၅ ကား ပါဝင်ခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးအဆင့် အတွက် ၂၉ ကားကို ရွေးချယ် နိုင်ခဲ့သည်။
“ဒီနှစ်တော့ ပြိုင်ပွဲနောက်ဆုံးအဆင့်မှာ ပြသဖို့ ၁၁ ကားပဲ ရွေးထားတယ်၊ မနှစ်ကထက်တော့ နည်းသွားတာပေါ့။ ပွဲတော်အဖွဲ့က ရုပ်ရှင် ရိုက်ကူးသူတွေ အနေနဲ့ ပိုမို ယှဉ်ပြိုင် စိန်ခေါ်မှု ရှိအောင်လို့ အရည်အသွေးကို အာရုံစိုက်ချင်တယ်” ဟုလည်း ကိုသိဒ္ဓိက ဆိုသည်။
ပြသခွင့်အတွက် ပွဲတော်တွင် ပြသမည့် ရုပ်ရှင်အားလုံး နိုင်ငံတော် ဆင်ဆာအဖွဲ့သို့ တင်ပြရပြီး ထိုအဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပါဝင်သည်။
“ကျနော်တို့က ရုပ်ရှင်တွေကို ဆင်ဆာအဖွဲ့မှာ အမြဲတမ်းတင်ပြရပြီး အဖွဲ့ဝင်တွေက တချို့အခန်းတွေကို ဖြတ်တောက်ဖို့ ပြောလေ့ ရှိပေမယ့် ဘယ်ဒါရိုက်တာကမှ သူတို့ ရုပ်ရှင်ကို မဖြတ်တောက်ချင်ကြဘူး” ဟု ကိုသိဒ္ဓိက ရှင်းပြသည်။
ထို့ကြောင့် ရုပ်ရှင်ပွဲတော်အဖွဲ့နှင့် ဒါရိုက်တာများသည် ဆင်ဆာအဖွဲ့ဝင်များနှင့် ညှိနှိုင်းကြရသည်။ ထုံးစံ အားဖြင့် နောက်ဆုံး ရရှိတတ်သော ရလဒ်မှာ တခန်းလုံးကို ဖြတ်တောက်ရခြင်းမျိုး မဟုတ်တော့ဘဲ ဆင်ဆာအဖွဲ့က ပရိသတ်အား မပြသလိုသော အခန်းကို မှုန်ဝါးအောင် လုပ်လိုက်ရခြင်းမျိုး ဖြစ်သည်။
“သရုပ်ဆောင် တယောက်ရဲ့စကားမှာ ‘စောက်’ ဆိုတဲ့ အသုံးအနှုန်းပါလို့ အဲဒီအသံကို ဖျောက်ထားလိုက်ရတယ်။ နောက် တခါကကျတော့ တိတ်ဆိတ်ခြင်း၏ တီးတိုးသံ ဆိုတဲ့ ဇာတ်ကားက မိန်ကလေးတယောက်က ယောက်ျားလေး တယောက်နဲ့ ဝိုင်သောက်နေတယ်။ မိန်းကလေးတွေ ဝိုင် မသောက်သင့်ဘူးလို့ ဆင်ဆာအဖွဲ့က ပြောလို့ ဝိုင်ခွက်တွေကို ဖုံးအုပ် ထားလိုက်ရတယ်” ဟု ကိုသိဒ္ဓိက ယခုပွဲတော်အတွက် ရုန်းကန်ရသည်များကို ရှင်းပြသည်။
ရုပ်ရှင်ရိုက်ကူးသူများသည် ရုပ်ရှင်တွင် သုံးသော ပစ္စည်းများကို မဖုံးကွယ်လိုသော်လည်း ရွေးစရာမရှိသောကြောင့် ထိုနည်းသည် တခန်း ဖြုတ်လိုက်ရသည်ထက် ပိုမိုကောင်းကြောင်း ကိုသိဒ္ဓိက ပြောသည်။
ယခုနှစ်ပွဲတော်၏ ထူးခြားချက်မှာ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုတို့ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံမှ ရုပ်ရှင်စီစဉ်သူများ၏ ပူးပေါင်းအစီအစဉ်ဖြစ်သော ‘S-Express’ အစီအစဉ် ဖြစ်သည်။ ထိုအစီအစဉ်တွင် ပါဝင်သူများသည် ၎င်းတို့ နိုင်ငံများမှ ရုပ်ရှင်တိုများကို ပွဲတော်တွင် ပြသရန် ယူဆောင်လာကြသည်။
‘Reflection of Society’ အမည်ရှိ အစီအစဉ်သစ်သည် ယနေ့ လူမှုနှင့် နိုင်ငံရေးအခြေအနေများကို ရုပ်ရှင်မှတဆင့် ထင်ဟပ်ရန် ရည်ရွယ်သည့် မြန်မာနိုင်ငံမှ အမျိုးသမီး ရုပ်ရှင်ရိုက်ကူးသူ လေးဦးတို့၏ မှတ်တမ်းရုပ်ရှင်များကို အထူး ပြသထားသည်။
“တကယ်တော့ ကျနော်တို့က ဒီကဏ္ဍမှာ အမျိုးသမီးတွေချည်းပဲ ပြသဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ ရွေးလိုက်တဲ့ ရုပ်ရှင်အားလုံးက တိုက်တိုက်ဆိုင်ဆိုင် အမျိုးသမီးတွေချည်းပဲ ဖြစ်နေတာ။ အဲဒီကား အားလုံးက ကောင်းပြီး ရိုက်ကူးသူ တဦးချင်းစီရဲ့ မတူညီတဲ့ အမြင်နဲ့ တင်ပြထားတာတွေပါ” ဟု ကိုသိဒ္ဓိက ပြောသည်။
ပွဲတော်တွင် ပြိုင်ပွဲဝင် ဇာတ်ကား ၁၁ ကား၊ နိုင်ငံ Feature-length ရုပ်ရှင် ရှစ်ကား၊ အထက်ပါ ‘Reflection of Society’ လေးကားနှင့် တခြား ရုပ်ရှင်တိုများ အပါအဝင် ပြည်တွင်းပြည်ပမှ ရိုက်ကူးသူများ၏ ရုပ်ရှင်ဇာတ်ကားတိုနှင့် မှတ်တမ်း ရုပ်ရှင်ပေါင်း ၇၀ ကျော် ပြသမည်ဖြစ်သည်။
ပွဲတော် နောက်ဆုံးနေ့တွင် ပြိုင်ပွဲဝင် ၁၁ ကားမှ ဆုရသောကားများကို အကောင်ဆုံး မှတ်တမ်းရုပ်ရှင်၊ အကောင်းဆုံး ရုပ်ရှင်တိုနှင့် လှိုင်းသစ် ကဏ္ဍများအတွက် ရွေးချယ်မည်ဖြစ်ပြီး ဆုရသူများကို ငွေကျပ် တသန်းနှင့် Traditional Czech Crystal ဖြင့်ပြုလုပ်ထားသော ဆုဖလားတခုကို ပေးအပ်မည်ဖြစ်သည်။
ယခုနှစ်ပွဲတော်တွင် အကဲဖြတ်ဒိုင်အဖြစ် မြန်မာ၊ ဂျပန်နှင့် ဂျာမနီတို့မှ ဒိုင်များက ဆောင်ရွက်မည်ဖြစ်သည်။
ပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့က ဝဇီရာ ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ပြီး မောင်ဒေး၏ Blood Flowers ၊ မာရီ စတီဖင်၏ The Memory of Water နှင့် အောင်ဖြိုး၏ Seasonal Rain တို့ အပါအဝင် ဇာတ်ကားတိုနှင့် မှတ်တမ်းရုပ်ရှင် သုံးကားတို့ကို ပြသခဲ့သည်။
လက်မှတ်များကို တစောင်လျှင် ၅၀၀ ကျပ်နှင့် ရောင်းချပြီး ရုပ်ရှင်ပြသချိန်များကို ပွဲတော်၏ Facebook စာမျက်နှာ တွင် သွားရောက် ကြည့်ရှုနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် လွင်မာထွန်း ရေးသားသည့် Annual Indie Film Festival Raises Competition Standards but Struggles Remain with Censorship ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – ဆင်ဆာနှင့် လွတ်လပ်သောရုပ်ရှင်