မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ ၁၄ ကြိမ်မြောက် တရားရုံးချိန်းကို ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့၊ တာမွေမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ အမှုရဲ့ စစ်ဆေးမှု အခြေအနေက ရပ်တန့်နေပြီး ဘယ်တော့ ပြန်စစ်ဆေးနိုင်မလဲဆိုတာ မသိသေးဘူးလို့ အစ္စဏီရဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာက ပြောပါတယ်။
“အမှုက ရပ်နေတာပေါ့နော်။ တရားလိုဘက်က ရုံးပြောင်းလျှောက်ထားတာ ခရိုင်မှာ မကျလို့ တိုင်းရုံးကို တက်သွားတာရယ် Cele 7 က ဗီဒီယိုတင်ထားတာကို ဓာတ်ပုံတွေ မပါလို့ ဆိုပြီး တိုင်းရုံးကို ထပ်တက်တယ်။ အမှုပြန်စစ်ဖို့ ရက်ချိန်း မသိရသေးဘူး။ ဒီတိုင်းပဲ ရုံးထုတ်ရင်း စောင့်ရမှာပေါ့” လို့ ကိုကျော်စွာက ပြောပါတယ်။
ယခု ၉ လပိုင်းမှာတော့ ရုံးထုတ်ရင်းနဲ့သာ အချိန်ကုန်မှာဖြစ်ပြီး အဆိုတော် အစ္စဏီရဲ့ အမှုကတော့ ယခုချိန်မှာ ၄ လ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုတော် အစ္စဏီက ယနေ့ ရုံးထုတ်မှ အပြန် အချုပ်ကားပေါ် မတက်ခင်အချိန်မှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို ဖြေခဲ့ပါသေးတယ်။
“ကျနော် နေကောင်းသွားပါပြီ။ အမှုကြာနေတာကတော့ စိတ်ညစ်တာပေါ့”လို့ အစ္စဏီက မီဒီယာများကို ပြောပါတယ်။
ဥပဒေ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုမှာတော့ တရားလိုဖြစ်သူ စူးရှထက်နဲ့ မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးရသေးပြီး တရားလိုပြ သက်သေများကို စစ်ဆေးရန် အတွက် ကျန်ရှိနေပါသေးတယ်။
မကြာခင်အချိန်က တရားလိုဘက်မှ တာမွေတရားရုံးမှာ စစ်ဆေးရတာ အဆင်မပြေတဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံးကို ရုံးပြောင်းလျှောက်ထားခဲ့သော်လည်း မူလစစ်ဆေးရာ တာမွေမြို့နယ် တရားရုံးကိုသာ ပြန်လည်စစ်ဆေးခွင့်ကျခဲ့ပြီးနောက် တိုင်းဒေသကြီးတရားရုံးကို ထပ်မံ လျှောက်ထားခဲ့ပါတယ်။
အဆိုပါ ရုံးပြောင်းလျှောက်ထားမှုများ၊ သက်သေခံပစ္စည်းများ တင်ပြမှုများကြောင့် အမှုတွဲမှာ တိုင်းဒေသကြီး တရားရုံးကို ရောက်ရှိနေတာကြောင့် အမှုဆက်လက် မစစ်ဆေးနိုင်ဘဲ ရပ်တန့်နေတာ ဖြစ်ပါတယ်။
အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တိုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး နောက်တကြိမ် ၁၅ ကြိမ်မြောက် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
- မူလအမှုတွဲမရှိသေးလို့ ဆက်လက်မစစ်နိုင်သေးတဲ့ အဆိုတော်အစ္စဏီအမှု.
- အဆိုတော်အစ္စဏီအမှု ဆက်လက်မစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေ
- မော်ဒယ် စူးရှထက်ရဲ့ ရုံးပြောင်းစစ်ဆေးရန် လျှောက်ထားမှုကို ခရိုင်တရားရုံးမှ ပယ်ချခဲ့
- “အချုပ်ထဲမှာ အစ္စဏီ နေမကောင်းတာ ၃ ပတ်လောက် ရှိနေပါပြီ”
- တရားလိုဘက်မှ တရားရုံးပြောင်းပေးရန်လျှောက်ခဲ့တဲ့ အဆိုတော် အစ္စဏီအမှု