စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတပုဒ်ဖြစ်တဲ့ “မီ” ကို ဒါရိုက်တာ ဏကြီးက ရုပ်ရှင်ကားအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူး ပုံဖော်ထားပြီး အဲဒီဝတ္ထုကို သရုပ်ဆောင် ပိုင်ဖြိုးသုက ရုပ်ရှင်အဖြစ် ရိုက်ချင်တာကြောင့် ရိုက်ပေးဖြစ်ကာ “မီ”ကို ရိုက်ခွင့်ရတဲ့အတွက် ဇနီးလောင်းဖြစ်သူ ပိုင်ဖြိုးသုကို ကျေးဇူးတင်တယ်လို့ ဒါရိုက်တာ ဏကြီးက ဆိုပါတယ်။
“မီ ဇာတ်ကားကို သုသု ရိုက်ချင်တာကြောင့်ရိုက်ပေးဖြစ်တယ်။ ‘မီ’ ကာရိုက်တာကို ရအောင် ဆေးလိပ်ရော၊ မီးခြစ်ရော၊ ခွက်လေးရော ပေးထားတယ်။ ဒီဇာတ်ကား မရိုက်ခင် ကိုမြင့်မြတ်နဲ့ ဇာတ်ကားသွားရိုက်တယ်။ ရိုက်ကူးရေး နားရင် ဆေးလိပ်ကို သောက်ကြည့်တယ်။ ရှန်ပိန်ခွက် ကိုင်တယ်။ ကာရိုက်တာ ဝင်အောင် ကြိုးစားခဲ့တယ်။ ဆေးလိပ်ကိုရှိုက်ပြီး ပြန်ထုတ် ဖွာခိုင်းတယ်။ တကယ့် ကာရိုက်တာအရ ရှိုက်မှ ပီပြင်မှာဆိုတော့ ရှိုက်ခိုင်းတယ်။ သူခေါင်းမူးပြီး နေမကောင်းတောင် ဖြစ်တယ်” လို့ ဒါရိုက်တာ ဏကြီးက ဧရာဝတီကို ပြောပါတယ်။

“ဆေးလိပ်သောက်တတ်တဲ့သူနဲ့ မသောက်တတ်တဲ့ သူကွာတယ်။ ဆေးလိပ်ကိုင်တာက အစ ကွာတယ်လေ။ သူ့ကို ရိုက်နေတုန်းကတော့ စွဲသွားမှာ စိတ်ပူတယ်။ စွဲတော့ မစွဲပါဘူး။ သုသုက ကျနော်အလုပ် လုပ်ဖူးသမျှထဲမှာတော့ ကိုယ့်အလုပ်ကို အချစ်ဆုံး အကြိုးစားဆုံးလို့ ပြောလို့ရတဲ့ သူပါ။ တော်လည်း အရမ်းတော်ပါတယ်။ အခုနောက်ပိုင်း အတူတူလုပ်မယ့် အလုပ်တွေ ပိုများလာတယ်။ တိုင်တိုင်ပင်ပင်နဲ့ ပိုလုပ်ဖြစ်လာပြီ။ ကျနော်နဲ့ သုသုက စတွေ့တည်းက တော်တော်များများ အကြိုက်တူတယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ဇနီးလောင်းဖြစ်သူ ပိုင်ဖြိုးသုက “မီ” ရုပ်ရှင်မှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ အတွက် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးရတဲ့အခါ ရိုက်ကွင်းပေါ်က အမှတ်တရ အကြောင်းအရာတွေကိုလည်း ဒါရိုက်တာ ဏကြီးက အခုလိုပဲ ဆိုပါတယ်။
“ရိုက်ကွင်းပေါ်ရောက်ရင် ချစ်သူဆိုတာ မေ့ကုန်တယ်။ ကျနော်က ဒါရိုက်တာ၊ သူက သရုပ်ဆောင်။ သူလည်း အင်တာဗျူးတွေမှာ ဖြေဖူးတယ်။ ကိုနေတိုးက ချစ်တယ်လို့ပြောတဲ့ အခန်းရိုက်တုန်းက ကိုနေတိုး ထိုင်နေတုန်း သူ့နေရာကို ကျနော် ခဏဝင်ရိုက်ပေးတုန်းက သူဆိုပြောတယ်။ ကျနော့်ကို ခံစားလို့ မရဘူးဆိုပြီး။ သုသုကို ကျနော် သဝန်တိုတာတွေလည်း မရှိဘူး။ ကျနော်သူ့ကို ယုံတယ်ပေါ့။ သုသု Type က စိတ်ကစားတာတွေလည်း မမြင်ဖူးဘူး” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ ဇွန်လပိုင်းတုန်းက စေ့စပ်ထားတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့က မင်္ဂလာပွဲကိုတော့ နောက်နှစ်ထဲမှာ ဆောင်ဖို့ စိတ်ကူးထားပြီး ပရိသတ်အားလုံးကို အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့နှစ်ယောက် စတွေ့ကတည်းက သူက မင်းသမီးတယောက်လို မနေဘူး။ အရမ်းရိုးတယ်၊ လှတာကတော့ ပြောစရာ မလိုဘူးပေါ့နော်။ သူ့စိတ်လေးလည်း ကောင်းတာကြောင့် သူ့ကိုချစ်တာပါ။ အလုပ်များနေတော့ မင်္ဂလာဆောင်ဖို့တော့ မစဉ်းစားဖြစ်သေးဘူး။ နောင်နှစ်ထဲတော့ သေချာပါတယ်။ အားလုံးကို အသိပေးမှာပါ။ သုသုက ကျနော်ကို စိတ်ရှည်နဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးခဲ့တာလည်း ကျေးဇူးတင်တယ်။ ‘မီ’ ကို ရိုက်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်တယ်” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ဒါရိုက်တာ ဏကြီးဟာ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံး ဇာတ်ကားကြီး အဖြစ် ရိုက်ကူး ပုံဖော်ထားပြီး “မီ” ရုပ်ရှင်ကားမှာ သရုပ်ဆောင်များအဖြစ် နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် –
“မီ” ဝတ္ထုကို ရုပ်ရှင် ရိုက်ရတာ တာဝန်ကြီးပြီး ဇာတ်ညွှန်း ရေးရတာ စိန်ခေါ်မှု ပိုရှိတယ်