ဇူလိုင်လတုန်းက ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ထမ့်လုံဂူမှာ ပိတ်မိတဲ့ ကလေးငယ်တွေ အခုချိန်မှာ ဘာတွေလုပ်နေမလဲ သိချင်နေကြမယ် ထင်ပါတယ်။ ဒီကယ်ဆယ်ရေးဟာ ကမ္ဘာတဝန်းလုံးက ပရိသတ်တွေ စိတ်ဝင်စားစေသလို သမိုင်းဝင်အမှတ်အသားအဖြစ် ချန်ရလောက်အောင် ဇာတ်လမ်းလေးတွေ ရှိနေခဲ့ပါတယ်။
တောဝက်အသင်းသား ကလေးငယ် ၁၂ ယောက်နဲ့ နည်းပြရဲ့ လွတ်မြောက်မှုကနေတဆင့် ဂုဏ်ပြုချီးမြှင့်မယ့် အစီအစဉ် တွေလည်း တန်းစီလို့ပါပဲ။ အခုတော့ လွတ်မြောက်လာတဲ့ ကလေးငယ်တွေနဲ့အတူ နည်းပြဟာ အာဂျင်တီးနားနဲ့ အမေရိကန်ပြည်ထောင်စုကို လည်ပတ်တော့မှာပါ။
တောဝက်အသင်းသားတွေဟာ လာမယ့်အပတ်မှာ အာဂျင်တီးနားက လူငယ်အိုလံပစ်ဂိမ်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လွတ်မြောက်လာတဲ့အကြောင်း ရှင်းလင်းပွဲလုပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Thomas Bach က တောဝက်အသင်းသားတွေကို Buenos Aires မှာ အိုလံပစ်ဂိမ်းပြိုင်ပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။
အောက်တိုဘာလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲကျင်းပတဲ့ ၆ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ပြန်လာမယ်လို့ သိရပါတယ်။
သွားရောက်လည်ပတ်တဲ့ စရိတ်ကိုတော့ IOC က ကျခံမှာဖြစ်ပါတယ်။ ဒါ့အပြင် IOC က တောဝက်အသင်းသားတွေနဲ့ အိုလံပစ်လူငယ်အသင်းတွေ ချစ်ကြည်ရေးအနေနဲ့ ဘောလုံးကစားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ NBC network’s Today Show and Late Night In New York အစီအစဉ်မှာ ပါဝင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ တောဝက်အသင်းသားတွေနဲ့အတူ ထိုင်းက တာဝန်ရှိလူကြီးအချို့ကလည်း ခရီးသွားဖို့ အစီအစဉ် ရှိနေပါတယ်။
တောဝက်အသင်းသားတွေဟာ ဇွန်လ ၂၃ ရက်နေ့မှာ ထမ့်လုံဂူအတွင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ရေကြီးမှုကြောင့် ဂူအတွင်းပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အသင်းသား ၁၃ ယောက်လုံး သူတို့ရဲ့ အလည်အပတ်ခရီးအတွက် စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည်