လက်ရှိ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ Apple ရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Apple-I ကွန်ပျူတာ တလုံးကို ဒေါ်လာ ၃၇၅,၀၀၀ ဈေးနဲ့ လေလံပွဲမှာ ရောင်းချခဲ့ရပါတယ်။
Apple-I ကွန်ပျူတာကို Apple ပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ Steve Wozniak ကိုယ်တိုင် ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး လက်တွဲဖော်ဖြစ်တဲ့ Steve Jobs က အဆိုပါစက်ကို ပြင်ဆင်ထုပ်ပိုး ရောင်းချဖို့ Woz ကို စည်းရုံး နိုင်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်မှာတော့ ၆၆၆.၆၆ ဒေါ်လာဈေးနဲ့ စတင်ရောင်းချခဲ့ပါတယ်။
“ Apple-II နဲ့ ယှဉ်မယ်ဆိုရင်တော့ Apple-I က စွမ်းဆောင်ရည်ပိုင်းမှာ အရမ်းနိမ့်ပါတယ်” လို့ Mr. Wozniak က BBC ကို အင်္ဂါနေ့က ပေးပို့ခဲ့တဲ့ email မှာ ရေးသားခဲ့ပါတယ်။
“ ဒါပေမယ့် Apple-I ကွန်ပျူတာဟာ လူထုလက်လှမ်းမီတဲ့ အသုံးဝင်ကွန်ပျူတာတလုံး ထုတ်နိုင်တဲ့ နည်းလမ်းကို တကမ္ဘာလုံးကို ပြသနိုင်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
Apple-I ကွန်ပျူတာ လေလံပွဲကို ယခုတပတ်၊ အင်္ဂါနေ့က၊ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ မှာ ပြုလုပ်သွားခဲ့တာဖြစ်ပြီး၊ “နာမည် မသိရတဲ့ စီးပွားရေးလုပ်ငန်းရှင်” တဦးက အွန်လိုင်းကနေ လေလံဈေးခေါ်ပြီး ဝယ်သွားခဲ့တာ ဖြစ်ပါတယ်။
Mr. Wozniak နဲ့ Mr Jobs တို့ဟာ Apple-I ကွန်ပျူတာကို မိတ်ဆက်ပြီး တနှစ် မပြည့်ခင် ကာလအတွင်းမှာပဲ ခန့်မှန်းရေ အလုံးရေ ၂၀၀ ဝန်းကျင် ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။ Palo Alto က ကွန်ပျူတာအရောင်းဆိုင်တခုနဲ့ သဘောတူညီမှု ရခဲ့တာကြောင့်လည်း အရောင်းသွက်ခဲ့တာဖြစ်ပါတယ်။
အွန်လိုင်းစာရင်းဇယားတခုမှာတော့ လက်ရှိမှာ Apple-I ကွန်ပျူတာ အလုံးရေ ၇၉ လုံးလောက်ပဲ ရှိတော့ကြောင့် ဖော်ပြထားပါတယ်။
“ အံ့သြချီးကျူးဖွယ်ကောင်းတဲ့ ပစ္စည်းတခုပါ။ ပြီးတော့ ဒီအလုံးက တကယ် အလုပ်လုပ်ပါတယ်” လို့ PR Auctions က Bobby Livingston က လေလံပွဲမှာ အစချီ ပြောကြားခဲ့ပါတယ်။
Apple-I ကွန်ပျူတာဟာ Apple အနေနဲ့ ဘာတွေ လုပ်နိုင်တယ်ဆိုတာ လှစ်ဟပြခဲ့တဲ့ ကွန်ပျူတာလည်း ဖြစ်ပါတယ်။ Mr. Wozniak နောက်ထပ် အသစ်ထုတ်တဲ့ Apple-II ကွန်ပျူတာမှာတော့ အလုံးရေ ၅ သန်း လောက်အထိ ရောင်းချခဲ့ရပြီး၊ အမေရိကန် သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်လာမယ့် လမ်းကြောင်းပေါ် Apple ကို တင်ပေးနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
Ref: BBC