နေ့တနေ့ကို အစပြုတဲ့ အိပ်ရာနိုးနိုးချင်းမှာ ပြုလုပ်တတ်တဲ့ အမူအကျင့်တွေဟာ သင်ဘယ်လိုလူမျိုးလဲဆိုတာကို သိရှိနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် မနက်အိပ်ရာကနေနိုးတာနဲ့ သင်ဘယ်လိုတွေပြုမှု တတ်တယ်ဆိုတာကို ဆန်းစစ်ကြည့်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အိပ်ရာကနေ နိုးနိုးချင်း နှိုးစက်နာရီကို ချက်ချင်းထကြည့်တတ်သူအများစုဟာ အချိန်ကို အကျိုးရှိရှိအသုံးချတတ် သူတွေပဲ ဖြစ်ကြပြီး ဘယ်အလုပ်ကိုမဆို အစီအစဉ်တကျ ပြုလုပ်တတ်ကြသူတွေပဲ ဖြစ်ကြပါတယ်။
(၂) တချို့သောသူတွေကတော့ အိပ်ရာကနိုးတာနဲ့ ကိုယ့်ချစ်သူ ဒါမှမဟုတ် ဇနီးသည်၊ခင်ပွန်း အစရှိသဖြင့် မိမိရဲ့ Partner ကို ရှာတတ်ကြပါတယ်။ ဒီလိုလူတွေကတော့ အင်မတန်မှ သံယောဇဉ်ကြီးမားသူတွေဖြစ်သလို Romantics ဆန်သူတွေပဲ ဖြစ်ကြပြီး ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြသူတွေလည်း ဖြစ်ပါတယ်။
(၃) အိပ်ရာကထထချင်းမှာ မျက်နှာကြတ်ကို အချိန်အကြာကြီး ငေးမောစိုက်ကြည့်ပြီး မိန်းမောနေတတ်သူတွေကတော့ အင်မတန်စိတ်ကူးယဉ်တတ်ကြသူတွေဖြစ်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းမွန်သူတွေလည်း ဖြစ်ကြပါတယ်။
(၄) မျက်လုံးနှစ်လုံးပွင့်လို့ အိပ်ရာကနေနိုးပါပြီဆိုတာနဲ့ ဖုန်းကိုကောက်ကိုင်ပြီး Facebook, Instagram အစရှိတဲ့ Social Media တွေမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို မွှေနှောက်ကြည့်ရှုတတ်သူတွေကတော့ စူးစမ်းမှုလွန်ကဲသူတွေပဲ ဖြစ်ကြပြီး တပါးသူရဲ့ ပုဂ္ဂိုလ်ရေးကို စပ်စုလွန်းသူတွေလည်း ဖြစ်ကြပါတယ်။ ဒါဟာ မကောင်းတဲ့အကျင့်ဆိုးတခုဖြစ်ပေမယ့် အကျင့်ဆိုးမှန်သမျှဟာတော့ ဖျောက်ရခက်လှတာပဲ ဖြစ်ပါတယ်။
(၅) အိပ်ရာကနေနိုးနေပေမယ့် မထသေးဘဲ အိပ်ရာထဲမှာပဲ ဆက်လက်တမှေးမှေးတတ်ကြသူတွေဟာဆိုရင်တော့ အေးအေးလူလူနဲ့သက်သောင့်သက်သာရှိလှတဲ့ သူတို့ဘဝကို ပျော်ရွှင်ကျေနပ်နေကြသူတွေဖြစ်ပြီး ဘာကိုမှလည်း ဂရုမစိုက်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။
(၆) အိပ်ရာကနေနိုးတာနဲ့ ချက်ချင်းဆိုသလို ထပြီး မိမိအိပ်ရာကို သေသေသပ်သပ်ပြုလုပ်တတ်ကြသူတွေဟာဆိုရင်တော့ တက်ကြွဖျတ်လတ်သူတွေပဲ ဖြစ်ကြပြီး နိုးနိုးကြားကြားရှိသူတွေလည်း ဖြစ်ကြပါတယ်။
(၇) မနက်ခင်းအိပ်ရာကနေ နိုးတာနဲ့ ခေါင်းထဲမှာ ကြည်လင်နေပြီး ဘာမှတွေးတောစဉ်းစားနေခြင်းမရှိဘဲ နိုးထလာတဲ့ သူတွေဟာဆိုရင်တော့ စိတ်တည်ငြိမ်အေးချမ်းမှုကို ပိုင်ဆိုင်ထားသူတွေပဲဖြစ်ကြပြီး တနေ့တာအတွက် အဆင်သင့်ဖြစ်နေသူတွေလည်း ဖြစ်ပါတယ်။
Ref. mysticalraven.com